ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် ပြည်သူလူထုများ တွေ့ဆုံ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် ပြည်သူလူထုများ တွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 26, 2026
မြစ်ကြီးနား ဧပြီ ၂၅
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များအနေဖြင့် ၁၄ ကြိမ်မြောက် ဒေသခံပြည်သူများအားတွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် Working Group အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သူနာပြုနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများမှ သင်တန်းသားသင်တန်းသူများ စုစုပေါင်း ၇၆၀ ကျော် တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့တွေ့ဆုံပွဲသည် မိမိတို့ဒေသတွင်း လျှပ်စစ်မီးလိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးအတွက်အရေးပါသည့် တွေ့ဆုံမှုဖြစ်ကြောင်း၊ တွေ့ဆုံပွဲများမှတစ်ဆင့် လူထုသိလိုသည်များကို အလေးအနက်ထားမှတ်သား၍ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ နောင်လာမည့်မျိုးဆက်သစ်များ လက်ထက်တွင် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများရရှိနိုင်မည့် စီမံကိန်းဖြစ်သည့်အတွက် မိမိတို့အားလုံးက ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားသည်။
ထို့နောက် ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ဦးတူးရိန်၊ ဦးမုန်ရိန်လ၊ ဦးနော်ထွဲနှင့် ဦးဂျန်ခုန့်(ခ)ဦးနော်ခုန့်တို့က မြစ်ဆုံစီမံကိန်းနှင့်စပ်လျဉ်း၍ ပြည်သူလူထု သိသင့်သိထိုက်သည့်အချက်များ၊ နည်းပညာဆိုင်ရာအချက်အလက်များ၊ ကမ္ဘာပေါ်ရှိ ရေအားလျှပ်စစ်အသုံးပြုသည့် နိုင်ငံများနှင့်ဖွံ့ဖြိုးတိုးတက်မှုများ၊ အနာဂတ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းအင်လိုအပ်ချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို သုံးသပ်ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက စီမံကိန်းနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုနှင့် နည်းပညာဆိုင်ရာအချက်အလက်များ၊ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒေသခံကော်မတီအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြ ပြီး ကော်မတီအဖွဲ့ခေါင်းဆောင် ဦးတိန့်ဆောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ပြည်နယ် (ပြန်/ဆက်)
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Posted on Apr 24, 2026ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။
