ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းဖြင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျှော့ချ

ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းဖြင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေလျှော့ချ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 03, 2025
image_latest


လုံခြုံရေးဟူသည် ကျရောက်လာနိုင်ဖွယ်ရှိသည့် ဘေးအန္တရာယ်များမှ လွတ်ကင်းအောင် စီမံဆောင်ရွက်ခြင်းပင်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လုံခြုံရေး၊ ကိုယ်ရေးအချက်အလက်များ လုံခြုံရေးမှသည် နိုင်ငံတော်လုံခြုံရေးအထိ ကြီးမားကျယ်ပြန့်သလောက် အရေးကြီးသည့် လုပ်ငန်းလည်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် ပြည်တွင်းမတည်မငြိမ်မှုများ၏ ဘေးထွက်ဆိုးကျိုးအဖြစ် မြို့ပြဒေသများတွင် လက်နက်ကိုင်ရာဇဝတ်မှုများ၊ လက်ရဲဇက်ရဲကျူးလွန်လာကြသည်ကို ပိုမိုတွေ့ရှိလာရသည့်အလျောက် လူတစ်ဦးချင်းစီအပါအဝင် အိမ်ထောင်စုတိုင်း၊ လမ်းတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်း လုံခြုံရေးသတိအစဉ်ရှိရန် လိုအပ်လာသည်။

ရာဇဝတ်မှုခင်းများနှင့်စပ်လျဉ်း၍ ပြည်သူအများ သတိထားမိကြစေရန် နိုင်ငံပိုင်မီဒီယာများတွင် ပြည့်ပြည့်စုံစုံ ထင်ထင်ရှားရှား ဖော်ပြပေးခဲ့သည့် ရာဇဝတ်မှုခင်းသတင်းကြီးများကို သေချာစေ့ငုကြည့်ရှုလေ့လာမည်ဆိုပါက ဒုစရိုက်မှုကျူးလွန်မည့်သူများသည် ဘဏ်များ၊ ငွေကြေးလဲလှယ်သည့်လုပ်ငန်းများ၊ ရွှေဆိုင်များ၊ ရွှေလုပ်ငန်းလုပ်ကိုင်သူများစသည်ဖြင့် ငွေကြေးပမာဏအများအပြားရရှိနိုင်မည့်နေရာများကို ပစ်မှတ်ထားရွေးချယ်ကြသည်ကို တွေ့ရှိနိုင်သည်။ ထို့နောက် ၎င်းတို့တိုက်ခိုက်လုယက်မှုကျူးလွန်မည့်နေရာ၏ လူအင်အား၊ လူဝင်လူထွက်၊ ဖွင့်ချိန်ပိတ်ချိန်၊ ရွှေငွေပစ္စည်းများ အထုတ်အသွင်း ပြုလုပ်သယ်ယူမှု၊ လုံခြုံရေးအခြေအနေ၊ ၎င်းတို့၏ ဝင်လမ်း ထွက်လမ်းစသည်တို့ကို သေချာစွာလေ့လာပြီး အကွက်ချကျူးလွန်ကြခြင်းဖြစ်သည်။ ဒုစရိုက်သမားများ ကိုင်ဆောင်သည့် လက်နက်များတွင် အတုများပါရှိသည်ကို တွေ့ရသလို မောင်းပြန် သေနတ်ကဲ့သို့သော လက်နက်များလည်း ပါရှိတတ်သည်ကို တွေ့ရသည်။ ၎င်းတို့၏ မျက်နှာများကို ကာကွယ်နိုင်ရန်အတွက် ဆိုင်ကယ်စီးဦးထုပ်များ၊ လျှာထိုးဦးထုပ်များ၊ မျက်မှန်၊ ပါးစပ် နှာခေါင်းစည်းများစသည်တို့ ဝတ်ဆင်လေ့ရှိကြသည်ကိုလည်း တွေ့ရှိနိုင်သည်။ သေစေနိုင်သည့်လက်နက်များ ကိုင်ဆောင်လာကာ ခြိမ်းခြောက်လုယက်လာသူများကို ပြန်လည်ခုခံရန်ဆိုသည်မှာ လွန်စွာအန္တရာယ်ကြီးမားသည့်အလျောက် ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းဖြင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချရန်သာ ဦးစားပေးကြရမည်ဖြစ်သည်။

လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများစသည်တို့အတွက် လိုအပ်လာသည့်အခြေအနေတွင် လုံခြုံရေးအစီအမံများကို ကြိုတင်မျှော်တွေးဆောင်ရွက်ထားခြင်းက ဖြစ်လာနိုင်ဖွယ်ရှိသည့် ဘေးအန္တရာယ်ကို များစွာလျော့ကျသွားစေနိုင်သည်။ လုံခြုံရေးသတိအမြဲရှိပြီး မပေါ့ဆသည့်နေရာ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားမှုများကြောင့် အကဲမသာသည့်နေရာများကို ဒုစရိုက်သမားတို့က ရှောင်ရှားကြမည်သာဖြစ်သည်။ ထို့ပြင် တိုက်ခန်းတွဲ၊ အိမ်ရာများတွင် နေထိုင်ကြသူများအချင်းချင်း စည်းလုံးညီညွတ်ခြင်း၊ တစ်လမ်းတည်း/ တစ်ရပ်ကွက်တည်း နေထိုင်သူအချင်းချင်း စည်းလုံးညီညွတ်ခြင်း၊ စုပေါင်းတာဝန်ယူ၊ စုပေါင်းကာကွယ်၊ အပြန်အလှန်စုပေါင်းစောင့်ရှောက်ခြင်းတို့ အားကောင်းသည့်နေရာ၊ ဒေသများကိုလည်း ဒုစရိုက်သမားတို့ ဝေးဝေးရှောင်လေ့ရှိကြသည်။ သို့ဖြစ်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းနှင့် စည်းလုံးညီညွတ်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ခြင်းအားဖြင့် ရပ်ရွာလုံခြုံရေးစွမ်းအားကို မြှင့်တင်ထားကြရန်လိုသည်။

ရပ်ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် သက်ဆိုင် ရာအဖွဲ့အစည်းများရှိသော်လည်း ကနဦးအနေဖြင့် မိမိတို့၏ လုံခြုံရေးသတိ၊ လုံခြုံရေးအသိနှင့် ကြိုတင်ကာကွယ်မှုတို့က အရင်းခံကျသည်။ သက်ဆိုင်ရာအဖွဲ့အစည်းတို့က ရပ်ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်နေရွာခံပြည်သူများ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခြင်းဖြင့် အမှုအခင်းများကင်းစင်မှုနှင့် ဒေသတည်ငြိမ်အေးချမ်းမှုတို့ကို အထောက်အကူဖြစ်စေသည်။ သို့ဖြစ်ရာ တောမီးလောင်ချိန်တွင် တောကြောင်များ မထကြွစေရေး၊ မိမိနှင့်တကွ မိမိရပ်ရွာ လုံခြုံ ရေးတို့အတွက် လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများတွင် လူတိုင်းပါဝင်ကြရပါမည့်အကြောင်း။ ။


၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 05, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။


Posted on Jan 04, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။


Posted on Jan 03, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 02, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 01, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Dec 31, 2024
HOT NEWS
January 4,