စည်းလုံးညီညွတ်မှုကို တည်ဆောက် ဒီမိုကရေစီပန်းတိုင်ဆီသို့ အရောက်လှမ်း

စည်းလုံးညီညွတ်မှုကို တည်ဆောက် ဒီမိုကရေစီပန်းတိုင်ဆီသို့ အရောက်လှမ်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 03, 2025
image_latest


မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကာလတွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများ၏ တစည်းတလုံးတည်း တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများတွင်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ငံတော်အတွက် သမိုင်းမှတ်တမ်းတင်ကျန်ရစ်ခဲ့စေမည့် တိုင်းကျိုးပြည်ကျိုးဆောင်ရွက်မှုများ ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြသော၊ နိုင်ငံတော်အတွက် အသက်ခန္ဓာနှင့်ဘဝများကို ပေးဆပ်ခဲ့ကြသော သူရဲကောင်းများဖြစ်ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံသူ နိုင်ငံသားများအားလုံးက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ကြိုးပမ်းစွမ်းဆောင်ခဲ့ ကြသည်။

တစ်ဖက်တွင် လက်နက်ကိုင်လမ်းစဉ်ကို အသေဆုပ်ကိုင်စွဲ၍ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း၊ ပြည်သူများ ဆင်းရဲဒုက္ခရောက်စေကြောင်း တစိုက်မတ်မတ်လုပ်ကိုင်နေသည့် အကြမ်းဖက်အဖျက်သမားများ၏ အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ အဆိုပါအန္တရာယ်များကို ဖော်ပြပါ နိုင်ငံ့သူရဲကောင်းများက အသက်ခန္ဓာပေးဆပ်၍ စွန့်လွှတ်စွန့်စား ကာကွယ်တိုက်ဖျက်နေကြသည်။ ထိုသို့တိုက်ဖျက်နေခြင်းသည် နိုင်ငံတော်အကျိုးအတွက်၊ ပြည်သူများအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် “အချို့သော တိုင်းရင်းသားခေါင်းဆောင်များဟာ ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေကြသော်လည်း ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြတာကိုလည်း တွေ့နေရပါတယ်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာများ ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကို မျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့သင့်တယ်လို့ ပြောလိုပါတယ်။ ဒီလိုဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်းကြတဲ့ လမ်းကြောင်းမတူညီတဲ့အတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းသေးတာလည်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် တော်လှန်ရေးခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားပါသည်ဟု ပြောဆိုကြသော်လည်း လက်တွေ့တွင် ကိုယ်ကျိုးအတ္တကို အခြေခံသည့် လိုအင်ဆန္ဒသက်သက်ဖြင့် လက်နက်ကိုင်ပဋိပက္ခများအား ဖန်တီးနေကြသည်ကို တွေ့ကြရမည်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံသားအားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာဖြင့် ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုမည်ဖြစ်သည်။ ပြည်သူများကလည်း လက်နက်ကိုင်အဖွဲ့များအား ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိစေရန် တွန်းအားပေးဖို့လိုမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင်ဖြစ်စေ၊ လူမျိုးတစ်မျိုးတွင်ဖြစ်စေ အေးချမ်းစွာ ရှင်သန်ရပ်တည်နိုင်ရန်အတွက် မိမိကိုယ်ကိုခုခံကာကွယ်နိုင်စွမ်းနှင့် မိမိတို့၏လုပ်နိုင်ကိုင်နိုင်စွမ်းများကို မြှင့်တင်ကြရမည်ဖြစ်သည်။ ဘဝရပ်တည်ရှင်သန်ရေးကို ကိုယ်ပိုင်အစွမ်းအစများနှင့် မထိန်းသိမ်းနိုင်ပါက နိုင်ငံ၏အချုပ်အခြာအာဏာ လျော့ပါးအားနည်းလာပြီး သူတစ်ပါးလက်အောက်ခံဘဝသို့ ကျရောက်လာမည်ကို သတိချပ်ရမည်ဖြစ်သည်။ လွတ်လပ်သောနိုင်ငံအဖြစ် တည်တံ့ခိုင်မြဲရေး၊ သူတစ်ပါး လက်အောက်ခံမဖြစ်စေရေးအတွက် နိုင်ငံသူ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ရန် လိုမည်ဖြစ်သည်။ နိုင်ငံတော် ဘေးအန္တရာယ်ကျရောက်လာပါက နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် တပ်မတော်နှင့်ပြည်သူ ခိုင်ခိုင်မြဲမြဲလက်တွဲပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ သူရသတ္တိအပြည့်အဝဖြင့် နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့်အတူ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြမည်ဆိုသည့်စိတ်ဓာတ်များ မွေးမြူကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ သည်။ နိုင်ငံတော်ကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းမှန် ပေါ်ရောက်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တွင် ဖော်ဆောင်နိုင်ခဲ့သော တိုင်းချစ်ပြည်ချစ်စိတ်များကို အခြေခံပြီး ၂၀၂၅ ခုနှစ်တွင် ပြည်သူများ၏ အောင်ပွဲ၊ နိုင်ငံသားအားလုံးလိုလားသည့် ဒီမိုကရေစီပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်အောင် တက်ညီလက်ညီ ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ ။


၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 05, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။


Posted on Jan 04, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။


Posted on Jan 03, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 02, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 01, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Dec 31, 2024
HOT NEWS
January 4,