စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း
စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 25, 2025
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်။ ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ၌ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကအားပြုလျက်ရှိသည့်အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အတတ်ပညာရှင်များစွာ လိုအပ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ပညာကိုပြီးဆုံးအောင်သင်ကြားမှု၊ ပညာတတ်များဖြစ်ထွန်းမှု အားနည်းနေသေးသောကြောင့် အခြေခံပညာအဆင့်တွင် KG+9 သင်ယူမှုပြီးဆုံးသူများအား နယ်မြေဒေသအသီးသီး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးပြီး စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုပညာများတတ်မြောက်အောင် သင်ကြားပေးလျက်ရှိသည်။ အထက်တန်းအဆင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ယူပြီးမြောက်ပြီးပါက သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီးတွင် ကျွမ်းကျင်သူများအဖြစ် ဆောင်ရွက်နိုင်ပြီဖြစ်သည်။ အထက်တန်းအဆင့် အသက်မွေးဝမ်းကျောင်းပညာများ ပြည့်မီစွာသင်ယူပြီးပါက အဆင့်မြင့်အသက်မွေးဝမ်းကျောင်းပညာများ ဆက်လက်သင်ယူနိုင်ရန်အတွက် လမ်းဖွင့်ပေးထားသည်။
ယခင်က စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ် တစ်ကျောင်းစီသာရှိခဲ့ရာမှ ယခုအခါ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးနိုင်အောင် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးနေပြီဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်းပြည့်ဝသည့် စိုက်ပျိုးရေးပညာသိပ္ပံဘွဲ့နှင့် မွေးမြူရေးပညာသိပ္ပံဘွဲ့ရပညာရှင်များ ပိုမိုသင်ကြားမွေးထုတ်ပေးနိုင်ရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ စီးပွားရေးလုပ်ငန်းများအတွက်လိုအပ်သည့် ခေတ်မီနည်းပညာများ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်ကြစေရန်နှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို ပိုမိုအားကောင်းစွာ ဆောင်ရွက်ပေးနိုင်ရန်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၃ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးရာတွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် တိုးပွားလာသည့်လူဦးရေအတွက် စားရေရိက္ခာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့စေရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာ၊ သားငါးတန်ဖိုးမြှင့်ထုတ်ကုန် တိုးမြှင့်ထုတ်လုပ်နိုင်ရေးစသည့် ရည်မှန်းချက်များကို ပြည့်မီစေမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ရှေးအစဉ်အဆက် အခြေခံစီးပွားရေးလုပ်ငန်းဖြစ်ခဲ့သော်လည်း အထောက်အကူဖြစ်စေမည့် အဆင့်မြင့်ပညာဖြန့်ဝေရာတွင် စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုနှင့် မွေးမြူရေးတက္ကသိုလ်တစ်ခုသာ ရှိခဲ့သဖြင့် အဆင့်မြင့်နည်းပညာလွှမ်းခြုံမှုတွင် အားနည်းချက်များရှိခဲ့သည်။ ယခုအခါ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ပြီး စိုက်ပျိုးမွေးမြူရေးပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်တော့မည်ဖြစ်သည်။ အဆင့်မြင့်ပညာများသင်ယူဆည်းပူးကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ တိုးတက်အောင်မြင်စေရန် “စိုက်မွေးပညာ၊ ပြည်ရွာဖွံ့ဖြိုး” ဆိုသည့် တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ တိုင်းပြည်နှင့်လူမျိုးအကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးထမ်းဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည်သည်။
စိုက်ပျိုးမွေးမြူရေးပညာရပ်ကို သာမန်အားဖြင့် အသုံးချသိပ္ပံပညာရပ် သက်သက်သာရှုမြင်လေ့ရှိသည်။ အမှန်တကယ်တွင် စိုက်ပျိုးရေးပညာရပ်နှင့်သက်ဆိုင်သည့် မြေဆီလွှာ၊ ဇီဝဗေဒ၊ ရုက္ခဗေဒ စသည့်ဘာသာရပ်များ၊ မွေးမြူရေးနှင့်သက်ဆိုင်သည့် ဆေးပညာ၊ ခွဲစိတ်ကုနှင့် မျိုးပွားပညာစသည့်ဘာသာရပ်များ၊ သီအိုရီများနှင့် နည်းပညာသဘောတရားများ ကျယ်ပြန့်စွာပါဝင်လျက်ရှိသည်။ အဆိုပါဘာသာရပ်များကို နားလည်သဘောပေါက်ပြီး သိပ္ပံပညာဆိုင်ရာ၊ ဝိဇ္ဇာပညာဘာသာရပ်ဆိုင်ရာ တွေးခေါ်မြော်မြင်မှုနှင့် ပြဿနာများဖြေရှင်းမှုစွမ်းရည်၊ တောင်သူနှင့် မွေးမြူရေးသမားများ၏ခံယူမှုနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များအပါအဝင် စီမံခန့်ခွဲမှုများကိုပါ လေ့လာသင်ယူကြရမည်ဖြစ်၍ အကျိုးကျေးဇူးများသည့် ကဏ္ဍကြီးများဖြစ်သည်။
သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် မြန်မာနိုင်ငံအနေဖြင့် ခေတ်နှင့်အညီ လိုက်ပါတိုးတက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး အဆင့်မြင့်နည်းပညာများ တတ်မြောက်ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနေပြီဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက် ကြရမည်ဖြစ်ပါကြောင်း။ ။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...
Posted on Nov 21, 2025တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Posted on Nov 20, 2025Myanmar National Human Rights Commission Statement No (14/ 2025)
Posted on Nov 20, 2025
