တပ်မတော်စစ်ကြောင်းများက NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တကောင်းမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
တပ်မတော်စစ်ကြောင်းများက NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တကောင်းမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 12, 2026
နေပြည်တော် မတ် ၁၂
NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ အချို့မြို့၊ ရွာများ၌ ဝင်ရောက်နေရာယူ၍ အကြမ်းဖက် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်လျက်ရှိသည်။
NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့၊ တကောင်းမြို့နှင့် ဝန်းကျင်ဒေသတစ်ဝိုက်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ ယာယီစိုးမိုးထားစဉ် ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများပိုင်ဆိုင်သည့်ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင်ခြင်း၊ စက်ရုံ/အလုပ်ရုံများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများတွင် ယာယီခံစစ်စခန်းများပြုလုပ်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အစိုးရအုပ်ချုပ်မှုယန္တရားပျက်ပြားအောင် လုပ်ဆောင်ခဲ့ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများသည် ဘေးဒုက္ခကြီးစွာဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သပိတ်ကျင်းမြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေး လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး တန်ပြန်တိုက်စစ်များ အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် သပိတ်ကျင်းမြို့အား တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့တွင် မန္တလေး-မတ္တရာ စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းနှင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီး ဒေသတွင်း ကုန်စည်စီးဆင်း ကူးသန်းရောင်းဝယ်မှုများကို လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ခဲ့ကာ ပညာရေး၊ ကျန်းမာရေး စသည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာခဲ့သည့်အတွက် ပြည်သူများအနေဖြင့် တပ်မတော်အပေါ်များစွာ ဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်လျက်ရှိသည်။
ထိုသို့ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ပြည်သူလူထု၏ လူမှုဘဝများ ပြန်လည်အဆင်ပြေချောမွေ့လာသည့်အတွက် ပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုဖြင့် စိတ်အားထက်သန်စွာ အားပေးထောက်ခံလာခဲ့ကြပြီး အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များအပေါ်ကိုလည်း ဝိုင်းဝန်းရှုတ်ချမှုများ ပြုလုပ်လာခဲ့ကြသည်။ ပြည်သူလူထု၏ အားပေးထောက်ခံမှုကို မရရှိတော့သည့် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုများအပေါ် စိတ်ပျက်နောင်တရမှုများကြောင့် နီးစပ်ရာ တပ်မတော်စစ်ကြောင်းများနှင့် ဆက်သွယ်၍ ဥပဒေဘောင်အတွင်းသို့ လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်လာခဲ့မှုများကိုလည်း တပ်မတော်အနေဖြင့် နွေးထွေးစွာ လက်ကမ်းကြိုဆိုလျက်ရှိသည်။
ဆက်လက်၍ အကြမ်းဖက် တပ်မတော်စစ်ကြောင်းများအနေဖြင့် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တကောင်းမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်၍ သပိတ်ကျင်းမြို့နှင့် တကောင်းမြို့အကြား ခိုအောင်းလှုပ်ရှားလျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား စစ်ကြောင်းများခွဲပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆ရက်မှစ၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဟန်ချက်ညီညီဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရေချမ်းစဉ်ကျေးရွာ၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရှားတောကျေးရွာ၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဗနွဲ့ကျေးရွာ၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဒေါင်းပုန်းကျေးရွာ၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ရွှေကျွန်းပင်ကျေးရွာ၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပေါက်တပင်ကျေးရွာ၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သီးကုန်းကျေးရွာ၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ဝါးရုံးကုန်းကျေးရွာ၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ရွှေစကာကျေးရွာ၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မြင်သာကျေးရွာနှင့် ကြာညှပ်ကျေးရွာ၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကိုးပင်ကျေးရွာနှင့် ပုတီးဖြူကျေးရွာ၊ မတ် ၂ ရက်နေ့တွင် မင်းကုန်းကျေးရွာ၊ မတ် ၄ ရက်နေ့တွင် ဆယ်ဇင်းကုန်းကျေးရွာ၊ မတ် ၅ ရက်နေ့တွင် လက်ပန်ကုန်းကျေးရွာ၊ မတ် ၇ ရက်နေ့တွင် ရေယာဉ်ကျေးရွာ၊ မတ် ၈ ရက်နေ့တွင် ဝဲကြီးကျေးရွာနှင့် ပေါ်တော်မူကျေးရွာ၊ မတ် ၉ ရက်နေ့တွင် မန်ကျည်းကုန်းကျေးရွာနှင့် ဆင်ညှပ်ကုန်းကျေးရွာ၊ မတ် ၁၀ ရက်နေ့တွင် တကောင်းလမ်းဆုံနှင့် ညောင်လေးပင်ကျေးရွာများအား အသီးသီးပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး မတ် ၁၂ ရက်နေ့ ယနေ့တွင် တကောင်းမြို့အား တပ်မတော်က အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် တကောင်းမြို့နှင့် အဆိုပါဒေသတစ်ဝိုက်သို့ ရောက်ရှိနေစဉ်အတွင်း တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ်များတွင် သဲအိတ်များ၊ တာယာကွင်းများအား ဘန်ကာများပြုလုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်အဆောက်အအုံများအကြားနှင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများက တကောင်းမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် မိမိတို့၏ အသက်ကိုပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၁ လကျော်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် ၈၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်မျိုးစုံ ၄၀ လက်၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းများနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။
NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ မြို့/ရွာများရှိ အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် တကောင်းမြို့မှ နေရပ်စွန့်ခွာဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းများရှင်းလင်းပေးခြင်းစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
ယခုကဲ့သို့ တကောင်းမြို့နှင့် အဆိုပါပတ်ဝန်းကျင်ဒေသ၏ လုံခြုံရေး၊ ဒေသခံပြည်သူလူထု လိုလားတောင့်တလျက်ရှိသည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံခိုင်မာစေရေးအတွက် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ပေးနိုင်ခဲ့သည့် ရှေ့တန်းရောက် တိုက်ပွဲဝင်တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ အလားတူ ရှေ့တန်းစစ်ဆင်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော တိုက်ပွဲဝင် တပ်မတော်သားအတွက် အောင်နိုင်စိတ်၊ တိုက်ပွဲဝင်လိုစိတ်စသည့် စိတ်ဓာတ်ခွန်အားအပါအဝင် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို မဆုတ်မနစ်သော ယုံကြည်ချက်ဖြင့် ဖြည့်ဆည်းပေးလျက်ရှိသော တပ်မတော်သား မိသားစုဝင် ပါရမီဖြည့်ဖက်များနှင့် တပ်မတော်ကို အားပေးထောက်ခံခဲ့ကြသူအားလုံးကို လေးစားစွာ အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်းနှင့် တကောင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်သတင်းအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီရုပ်မြင်သံကြားအဖွဲ့သားများက ဂုဏ်ယူစွာဖြင့် သတင်းထုတ်ပြန်အပ်ပါသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Mar 12, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Mar 11, 2026နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Posted on Mar 11, 2026အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
