ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကွမ်ရှီး CPC ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့ AI ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကွမ်ရှီး CPC ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့ AI ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / December 08, 2025
နေပြည်တော် ဒီဇင်ဘာ ၇
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ဉာဏ်ရည်တု နည်းပညာ (AI) ကဏ္ဍ၌ နှီးနှောဖလှယ်မှုများဆောင်ရွက်နိုင်ရန် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာ မြှင့်တင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့သို့ ဒီဇင်ဘာ ၅ ရက်၌ လေ့လာရေးခရီးစဥ် ရောက်ရှိခဲ့ ကြပါသည်။
ခရီးစဉ်အစီအစဥ်အရ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျအား ကွမ်ရှီး ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Gang သည် ယင်းနေ့ နေ့လယ်ပိုင်း၌ ကွမ်ရှီးကွန်မြူနစ်ပါတီကော်မတီရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီအမြဲတမ်းအဖွဲ့ဝင်နှင့် ဒုတိယဥက္ကဋ္ဌ လူရှင်နင်း အပါအဝင် အဆင့်မြင့်အရာရှိများ၊ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ပါသည်။
တွေ့ဆုံဆွေးနွေးစဉ် Mr. Chen Gang က ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီနှင့် အစိုးရကိုယ်စား မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရင်းနှီးနွေးထွေးစွာ ကြိုဆိုကြောင်းပြောကြားခဲ့ပြီး ကွမ်ရှီးဒေသသည် တရုတ်၏ ဉာဏ်ရည်တုနည်းပညာ (AI) စွမ်းရည်မြှင့်တင်ရေးနှင့် AI မှ အားလုံး အကျိုးကျေးဇူးခံစားရမှု အစီအစဉ်ကို တက်ကြွစွာ အကောင်အထည်ဖော်နေကြောင်း၊ AI ခေတ်ကို တက်ကြွစွာ လက်ခံကျင့်သုံးကာ ကဏ္ဍစုံ ဖွံ့ဖြိုးရေး အသုံးချဆောင်ရွက်နေပြီး မြန်မာအပါအဝင် အာဆီယံနိုင်ငံများလည်း မိမိတို့နှင့်အတူ လက်တွဲကာ AI မှ အကျိုးကျေးဇူးများ ရရှိစေလိုကြောင်း၊ သို့ဖြစ်ရာ အာဆီယံနှင့် AI ကဏ္ဍ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အားသွန်ခွန်စိုက် မြှင့်တင်လျက်ရှိကြောင်း၊ ကွမ်ရှီးသည် အာဆီယံအတွက် နိုင်ငံတကာ AI ပူးပေါင်းဆောင်ရွက်ရေး ဗဟိုအချက်အချာဖြစ်ရန် တရုတ်-အာဆီယံနိုင်ငံများ AI အသုံးချ ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနကို အရှိန်မြှင့်တင် တည်ဆောက်လျက်ရှိကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် သမိုင်းအစဥ်အလာအရ အရင်းနှီးဆုံး အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး မွေးချင်းညီအစ်ကိုသဖွယ် ချစ်ကြည်ရင်းနှီးမှုသည် ကြာရှည်စွာ တည်တံ့နေဆဲဖြစ်ကြောင်း၊ ကွမ်ရှီးနှင့် မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ နီးကပ်ပြီး ဆက်ဆံရေး နက်ရှိုင်းကျယ်ပြန့်ကာ နှစ်နိုင်ငံ အရေးပါသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်ရှိရာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး အဓွန့်ရှည်ခိုင်မြဲစေလျက် နှစ်နိုင်ငံဘုံအကျိုးကျေးဇူးများဖြစ်ထွန်းစေမည့် မြန်မာနိုင်ငံနှင့် AI ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရင်းနှီးနွေးထွေးစွာကြိုဆိုပြီး အထူးဟောပြောပွဲများ၊ စက်ရုံများနှင့် လက်တွေ့လေ့လာရေးအစီအစဥ်များကို ပိုင်ဆယ်၊ လျှိုကျိုးနှင့် နန်နင်း ၃ မြို့တို့၌ စနစ်တကျ စီစဥ်ပေးမှု တို့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း၊ ကွမ်ရှီးဒေသအပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း AI နည်းပညာကို အခြေပြုလျက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ထားသည်ကို အံ့သြဖွယ်လေ့လာသိရှိရ ပါကြောင်း၊မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် Agro-based Industries များ၊ ဒေသထွက် ကုန်ကြမ်းအခြေပြု MSMEs ဖွံ့ဖြိုးတိုးတက်မှုတို့ကို အလေးထား ဆောင်ရွက်လျက်နေကြောင်း၊ ယင်းအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ EV ၊ ပြန်ပြည့်မြဲစွမ်းအင် ၊ ဆိုက်ဘာလုံခြုံရေး၊ ကျန်းမာရေး၊ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများ ဖွံ့ဖြိုးရေး မြှင့်တင်ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ AI အပါအဝင် ထွန်းသစ်စ ဒစ်ဂျစ်တယ်နည်းပညာများကို အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးအတွက် ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ အမျိုးသားအဆင့်ဉာဏ်ရည်တုနည်းပညာ မဟာဗျူဟာနှင့် မူဝါဒတို့ကို ရေးဆွဲခဲ့ပြီး မကြာမီ ချမှတ် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ခရီးစဥ်အတွင်း AI ကို မဟာဗျူဟာကျကျ အသုံးချ၍ စိုက်ပျိုးရေး၊ စက်မှု၊ လေအားလျှပ်စစ်၊ EV ၊ စားသောက်ကုန်၊ ကျန်းမာရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေးအသုံးချနေသည်တို့ကို လေ့လာခဲ့ရပါကြောင်း၊ ယင်း လုပ်ငန်းများသည် မိမိတို့၏ အမျိုးသားရေးလုပ်ငန်းစဥ် များနှင့်လည်း ကိုက်ညီနေရာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လက်တွေ့ကျကျ အတူယူအသုံးချနိုင်သဖြင့် လွန်စွာတန်ဖိုးရှိလှသော အတွေ့အကြုံကောင်းများ ရရှိခဲ့ပါကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် ၇၅ နှစ်မြောက် စိန်ရတုနှစ်လည်း ဖြစ်ရာ ယခု ခရီးစဥ်ကို အခွင့်အရေး ခြေလှမ်းတစ်ရပ်အဖြစ် အသုံးချ၍ ညီအစ်ကိုသဖွယ် ချစ်ကြည်ရင်းနှီးလှသော ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုအဓွန့်ရှည်ခိုင်မြဲစေလျက် ကွမ်ရှီးဒေသနှင့် ဒစ်ဂျစ်တယ်ပိုးလမ်းမကြီးစီမံကိန်း၌ AI ကဏ္ဍ ဖွံ့ဖြိုးရေး ထိရောက်နက်ရှိုင်းလှသော ပူးပေါင်းဖလှယ် ဆောင်ရွက်မှုသစ်များ စဥ်ဆက်မပြတ် အရှိန်မြှင့်တင်ပြီး အေးအတူ ပူအမျှ မျှဝေသော အနာဂတ် အသိုက်အဝန်း ကောင်းများကို အတူတကွ တည်ဆောက်သွားကြရန် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
