နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 10, 2025
နေပြည်တော် ဇန်နဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာ ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မိတ္ထီလာခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြ
ဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာယာလှပရေးအပါအဝင်ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မိတ္ထီလာစက်မှုဇုန် လုပ်ငန်းလည်ပတ်လျက်ရှိမှု၊ (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မိတ္ထီလာခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များက လုပ်ငန်းများအလိုက် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဈေးကွက်ရရှိမှုအခြေအနေများနှင့် ကြုံတွေ့ရလျက်ရှိသည့် အခက်အခဲများ၊ လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး ဆိုလာစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာတွင်ရရှိလာခဲ့သည့် အကျိုးအမြတ်များနှင့် အရင်းအနှီးလိုအပ်သူများအနေဖြင့်လည်း ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ရေး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ဆီစက်လုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးလိုအပ်သည်များ ဖြည့်ဆည်းပေးစေလိုမှု၊ ဝါသီးနှံစိုက်ပျိုးရေးနှင့် ဝါကွင်းဆက်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း အောင်မြင်ဖြစ်ထွန်းသည့် ဆိတ်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးစေလိုမှုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို အသီးသီးတင်ပြကြသည်။
တင်ပြချက်များအပေါ် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြား
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်အသုံးပြုနိုင်ရေး နိုင်ငံတော်မှလိုအပ်သည်များကူညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရင်းအနှီးချေးငွေများအား သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိမှု၊ ဝါသီးနှံစိုက်ပျိုးရေးနှင့် ဝါကွင်းဆက်ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဝါသီးနှံမှ ချည်ထည်၊ အထည်အလိပ်ဖြစ်သည်အထိ စနစ်တကျတွက်ချက်ဆောင်ရွက်၍ ကွင်းဆက်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ထုတ်ကုန်ပြပွဲများ၊ နိုင်ငံတော်အဆင့် ထုတ်ကုန်ပြပွဲများ ပြုလုပ်ရောင်းချပေးလျက်ရှိသဖြင့် မိမိတို့လုပ်ငန်းအလိုက် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များ ဝင်ရောက်ပြသနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်မှု၊ မန္တလေးတိုင်းဒေသကြီးအတွင်း၌ မိတ္ထီလာခရိုင်သည် ဝါးထုတ်လုပ်မှုအများဆုံးဖြစ်သဖြင့် ဝါးနှင့်ပတ်သက်သည့် ထုတ်ကုန်များကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးပြန်လည် ဆွေးနွေးပြောကြားကြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည်များ ဆွေးနွေးမှာကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိတ္ထီလာခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးပတ်သက်၍ ဆွေးနွေးပြောကြားရာ၌ မိတ္ထီလာခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များပေါ်တွင်အခြေခံ၍ ဒေသ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သင့်သည်များနှင့် ဆောင်ရွက်နိုင်သည်များ ၂၀၂၄ ခုနှစ်အတွင်း မိတ္ထီလာဒေသသို့ ရောက်ရှိစဉ်အကြံပြု တိုက်တွန်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်တာဝန် ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသတွင် နေထိုင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ်တွင် အဓိကမူတည်သဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းတိုင်ရည်မှန်းချက်များ ပေးထားခြင်းသည် အမှန်တကယ်ထွက်ရှိနိုင်မှုအပေါ်တွင် အခြေခံ၍ တွက်ချက်ထားရှိခြင်းပင်ဖြစ်ကြောင်း၊ မျိုး၊ မြေ၊ ရေနှင့် စိုက်နည်းစနစ်များအပေါ်တွင်မူတည်၍ အထွက်နှုန်းများ ကွာခြားခြင်းပင်ဖြစ်သဖြင့် သီးနှံများထွက်ရှိမှု ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းအပေါ် သုံးသပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိတ္ထီလာခရိုင်အတွင်း၌ စိုက်ပျိုးမြေ၏ ၁၀ ရာခိုင်နှုန်းကျော်ကိုသာ စိုက်ပျိုးရေပေးဝေနိုင်သည်ဟု သိရကြောင်း၊ အခက်အခဲများရှိမည်ဖြစ်သော်လည်း နည်းလမ်းရှာ၍လုပ်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်၍ နည်းလမ်းလေးသွယ်ရှိပြီး မျိုးများကောင်းမွန်ရန်၊ မြေပြုပြင်ခြင်းနှင့် သွင်းအားစုများ မှန်မှန်ကန်ကန်ထည့်သွင်းရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်မှုရှိရန်တို့ပင်ဖြစ်ကြောင်း၊ မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးမြေများကောင်းမွန်မှုမရှိသဖြင့် အထွက်နှုန်းနည်းရခြင်း ဖြစ်သည်ဟုသိရှိရပြီး လိုအပ်သည့်သွင်းအားစုများကို ပြည့်မီအောင်ထည့်သွင်းခြင်း၊ ပိုက်ဆံလျှော်စိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများထည့်သွင်းခြင်းတို့အပါအဝင် နည်းလမ်းများရှာဖွေ၍ မြေဆီမြေလွှာ ကောင်းမွန်လာအောင်ဆောင်ရွက်ခြင်းတို့ဖြင့် မြေပြုပြင်ခြင်းများ ဆောင်ရွက်သွား ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ မွေးမြူရေးလုပ်ငန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကာ ဒေသ၏လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသရှိအုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများက ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာသည် မိုးရွာရက်နည်းသည့်ဒေသဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့် ဝေပေးနိုင်မှုနှင့်ပတ်သက်၍ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများ၊ အချို့စက်ရုံများအနေဖြင့် စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့လို အပ်ချက်မပြည့်မီမှုများကြောင့် အခက်အခဲများရှိကြောင်း၊ ထို့ပြင်နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်းရှိကြောင်း၊ ထို့ကြောင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်၍ရသည့် ဆိုလာစနစ်ကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း။
မိတ္ထီလာခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသော စိုက်ပျိုးရေးထွက်ကုန်များဖြင့် တိရစ္ဆာန်အစာစပ်စက်ရုံကိုလည်း အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ ဒေသတွင်း အသားထုတ်လုပ်မှုများကို ယခုထက်တိုးတက်အောင်မြင် အောင်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံအတွင်း အသားထုတ်လုပ်မှု၏ ဗဟိုချက်ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အသားစို၊ အသားခြောက်၊ အေးခဲအသားနှင့်သားရေတို့ကို နိုင်ငံအနှံ့အပြားသို့လျှင်မြန်စွာပို့ဆောင် ရောင်းချနိုင်မည့် နိုင်ငံ၏ဗဟိုချက်နေရာတွင် တည်ရှိသဖြင့် အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်း။
မွေးမြူရေးလုပ်ငန်းများအောင်မြင်ခြင်းဖြင့် သားရေထည်လုပ်ငန်းများကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သားရေဖြင့်ပြုလုပ်သည့် အဝတ်အထည်များ၊ အိတ်များ၊ ဘိနပ်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများသည် ဈေးကွက်ဝင်ပစ္စည်းများဖြစ်သဖြင့် မွေးမြူရေးကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် အခြားဆက်စပ်လုပ်ငန်းများကိုလည်း အောင်မြင်စေနိုင်မည်ဖြစ်ကြောင်း။
ဒေသတွင်းစိုက်ပျိုးရေးသီးနှံတစ်ခုဖြစ်သည့် ကြက်သွန်နီသည်မဖြစ်မနေ နေ့စဉ်အသုံးပြုနေရသည့် မီးဖိုချောင်သုံးသီးနှံတစ်ခုဖြစ်ကြောင်း၊ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုး သည်ကိုတွေ့ရှိရပြီး အထွက်နှုန်းကောင်းအောင်ဆောင်ရွက်နိုင်မည် ဆိုပါကပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်သကဲ့သို့ ကြက်သွန်ကိုအခြေခံသည့် တန်ဖိုးမြင့် ထုတ်ကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ငရုတ်စိုက်ပျိုးမှုသည်လည်း ထိုနည်းတူစွာပင်ဖြစ်ကြောင်း၊ ကြက်သွန်နှင့် ငရုတ်တို့သည် ပြည်တွင်း၊ ပြည်ပဈေးကွက်လိုအပ်ချက်ရှိသည့် သီးနှံများဖြစ်သဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သကဲ့သို့ ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူများစွာ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ သီးနှံအလိုက် ရောင်းချခြင်းအပြင် ငရုတ်၊ ကြက်သွန်ကို အခြေခံသည့် တန်ဖိုးမြင့်စက်မှုကုန်ထုတ်လုပ်ငန်းများ ထုတ်လုပ်ခြင်းဖြင့်လည်း ဆောင်ရွက်၍ ရနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းဖြစ်ထွန်းသည့် တမာနှင့်ပတ်သက်သည့် စက်မှုထုတ်ကုန်ပစ္စည်းများကိုလည်းဆောင်ရွက်သင့်ကြောင်း၊ တမာပင်ပင်မှတစ်ဆင့် တမာ ပိုးသတ်ဆေးနှင့် တမာမြေဩဇာများကို ထုတ်လုပ်နိုင်သည့်အပြင် အရိပ်ရလေကာပင်များဖြစ်သဖြင့် အကျိုးဖြစ်ထွန်းစေကြောင်း။
မိတ္ထီလာခရိုင်အနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် မိတ္ထီလာခရိုင်အတွင်း ဒေသတွင်းစိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ စိမ်းလန်းစိုပြေရေးအတွက် အဓိကကျသည့် ရေရရှိရေးတွင် မိုးရေ၊ မြေအောက်ရေ၊ ဆည်ရေ၊ မြစ်ရေ၊ ချောင်းရေဟူ၍ရှိပြီး မိတ္ထီလာဒေသနှင့်ကိုက်ညီသည့် ရေရရှိရေးနည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ ဒေသ၌သာယာလှပမှုနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှု၊ အေးချမ်းစိုပြေမှုတို့ ရှိမည်ဆိုပါက ဒေသတွင်းသို့ လာရောက်လည်ပတ်သူများလည်း များပြားလာမည်ဖြစ်ကြောင်း၊ ဒေသတွင်းသို့ ခရီးသွားအများအပြားလာရောက်ခြင်းသည် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်မှုကိုများစွာ အထောက်အကူဖြစ်စေနိုင်သည်ဖြစ် သဖြင့်မိတ္ထီလာခရိုင်အတွင်း Green Zone Area များကို မဖြစ်မနေ အကောင်အထည် ဖော်သွားရမည်ဖြစ်ပြီး နှစ်ရှည်အရိပ်ရအပင်များကို အပင်သက်တမ်းအလိုက် စဉ်ဆက်မပြတ်သည့် စိုက်ပျိုးခြင်းနည်းဖြင့် စနစ်တကျစိုက်ပျိုးထိန်းသိမ်းသွားကြရန် လိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်များနှင့် ဝါသီးနှံထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကိုကြည့်ရှုခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)
Posted on Jan 10, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Jan 9, 2025