နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 05, 2025
နေပြည်တော် ဒီဇင်ဘာ ၅
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးများ၊ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၇) မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၄၈၇၊ ဗိုလ်လောင်း ဉာဏ်လင်းထက်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၅၃၆၊ ဗိုလ်လောင်း အာကာဖြိုးနှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၄၈၀၊ ဗိုလ်လောင်း စွမ်းထက်အောင်တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် ယနေ့သည် တပ်မတော်နည်းပညာတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၇) ၏ သင်တန်းဆင်းပွဲနေ့ဖြစ်သဖြင့် တပ်မတော်အတွက် အင်ဂျင်နီယာအခန်းကဏ္ဍတွင် အားသစ်လောင်းသည့် မင်္ဂလာရှိသည့်နေ့ပင်ဖြစ်ကြောင်း၊ “တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သောအရည်အချင်းနှင့် ပြည့်စုံသည့် အင်ဂျင်နီယာဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဘွဲ့ရအရာရှိများ မွေးထုတ်ပေးရန်” ဆိုသည့် တပ်မတော်နည်းပညာ တက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ ရဲဘော်တို့အနေဖြင့် သင်တန်းကာလတစ်လျှောက်လုံး အင်ဂျင်နီယာပညာရပ်များအပြင် စစ်ပညာနှင့် ခေါင်းဆောင်မှုပညာရပ်များကိုလည်း ခြေလျင်တပ်စုမှူးအဆင့်အထိ စနစ်တကျသင်ကြားလေ့ကျင့်ခဲ့ပြီးဖြစ်ကြောင်း။
စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် မြန်မာ့တပ်မတော်အတွက် အားထားရသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်ခဲ့ခြင်းသည် မြန်မာ့တပ်မတော်လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ထပ်တူဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်းတပ်ဖွဲ့များအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာကဏ္ဍများတွင် စွမ်းစွမ်းတမံ ကူညီပံ့ပိုးပေးခဲ့သည်မှာလည်း ယနေ့ထိတိုင်ဖြစ်ကြောင်း၊ အင်ဂျင်နီယာတပ်ဖွဲ့သည် ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များဖြစ်သည့် တပ်မတော်၏ ရွေ့လျားနိုင်ရေး၊ တိုက်ခိုက်နိုင်ရေးနှင့် နေထိုင်နိုင်ရေးဆိုသည့် အဓိကတာဝန် ၃ ရပ်ကို ထိရောက်အောင်မြင်စွာ ထမ်းဆောင်နေသကဲ့သို့ စစ်ဆင်ရေးကဏ္ဍများတွင်သာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးကဏ္ဍများတွင်လည်း အုပ်ချုပ်ရေးဌာနအဆောက်အအုံများ၊ နိုင်ငံ၏မရှိမဖြစ်လည်ပတ်ရန် လိုအပ်သည့်ဝန်ဆောင်မှု လုပ်ငန်းများ၊ အကြီးစား/ အငယ်စား စက်မှုလုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများအပြင် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် လမ်းတံတားပြင်ဆင်ရေး စသည့်အင်ဂျင်နီယာတပ်ဖွဲ့ဆိုင်ရာ အကူအညီများကိုလည်း ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာတပ်ဖွဲ့ဝင်ဖြစ်လာမည့် ရဲဘော်တို့သည် ခြေလျင်စစ်သည်များကဲ့သို့ တိုက်ပွဲဝင်နိုင်ရန် မိမိတို့၏ တပ်ဖွဲ့ဆိုင်ရာ စစ်အင်ဂျင်နီယာပညာရပ်သာမက စစ်နည်းဗျူဟာပညာရပ်များကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားရန် လိုအပ်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတာဝန်များကိုပါ စွမ်းစွမ်းတမံထမ်းဆောင်နိုင်သည့် အင်ဂျင်နီယာအတတ်ပညာရှင်များဖြစ်အောင် ကြိုးပမ်းသွားကြရန် မှာကြားလိုကြောင်း။
မျက်မှောက်ခေတ်ကာလတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကိုကြည့်ပါက ယခင်က အဏုမြူလက်နက်၊ သမားရိုးကျလက်နက်များနှင့် ခြိမ်းခြောက်သည့် အခြေအနေမှ ယခုအခါမှာ နည်းပညာအသုံးပြုစစ်ပွဲသဏ္ဌာန်များ၊ အင်အားကြီးသည့် နိုင်ငံတွေက အုပ်စုဖွဲ့ပြီး အင်အားနည်းသည့် နိုင်ငံများကို ကြားခံထားကာ အဆိုပါနိုင်ငံများ၏ အိမ်နီးချင်း အင်အားကြီးနိုင်ငံများကို နည်းမျိုးစုံဖြင့် ထိန်းချုပ်ဖို့ကြိုးစားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နည်းပညာတိုးတက်ပြောင်းလဲလာမှုကြောင့် စစ်မက်ရေးရာအယူအဆများ၊ စစ်ပွဲ၏ ဖွဲ့စည်းပုံများ၊ စစ်ပွဲ၏အကျယ်အဝန်းပုံသဏ္ဌာန်များနှင့် စစ်မဟာဗျူဟာများသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သတင်းနှင့် ကိန်းဂဏန်းအချက်အလက်များကို စုစည်းတွက်ချက်ရယူပြီး တိကျစွာပစ်ခတ်နိုင်သည့် လက်နက်စနစ်များ၊ အမိန့်ပေးစနစ်များနှင့် သတင်းကွန်ရက်စနစ်များကို ပေါင်းစပ်အသုံးပြုလာကြသည်ကို တွေ့ရှိရကြောင်း၊ စစ်နည်းဗျူဟာကျွမ်းကျင်မှု၊ လေကြောင်းအကဲသာမှုနှင့် အီလက်ထရောနစ်နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းများ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတို့က စစ်ပွဲရဲ့အနိုင်အရှုံးကို အဓိကအဆုံးအဖြတ်ပေးလာခြင်းဖြစ်ကြောင်း။
ယနေ့ခေတ် စစ်ပွဲများတွင် နည်းပညာမြင့်မားတိုးတက်လာမှုနှင့်အတူ ဒရုန်းအသုံးပြုမှုနယ်ပယ်တွင်လည်း ကျယ်ပြန့်လာခဲ့ကြောင်း၊ ထို့ကြောင့် ဒရုန်းနှင့် တန်ပြန်ဒရုန်းနည်းဗျူဟာများ၊ ကာကွယ်ရန်နည်းလမ်းများကို ကောင်းစွာသိရှိနားလည်ပြီး ထိရောက်စွာ အသုံးချနိုင်ရန်နှင့် နည်းပညာပိုင်းတွင်လည်း မျက်ခြည်မပြတ်စေဘဲ စဉ်ဆက်မပြတ် တိုးတက်စေရေး လုပ်ဆောင်ရန်လိုသည်ကို ပြောကြားလိုကြောင်း၊ နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်တိုးတက်နေသည့် စစ်ဘက်သိပ္ပံနှင့် နည်းပညာတိုးတက်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိနိုင်ငံ၊ မိမိတပ်မတော်အတွက် တပ်မတော်နည်းပညာတက္ကသိုလ်၏ “ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆန်းသစ်တီထွင်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းသွားရန် လိုအပ်သည်ကို မှာကြားလိုကြောင်း။
မျက်မှောက်ခေတ်ကာလစစ်ဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ခေတ်သစ်စစ်ပွဲများတွင် ဦးဆောင်ကွပ်ကဲထိန်းချုပ်သည့် နည်းပညာကို လူသားများအစားဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုသည်အထိ တိုးတက်ပြောင်းလဲလာကြပြီဖြစ်ကြောင်း၊ စစ်ပွဲများတွင် ဉာဏ်ရည်တုနည်းပညာ (AI) စနစ်များကို အသုံးပြုခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ စုဆောင်းနိုင်သည့်အတွက် ရန်သူ၏ လှုပ်ရှားမှုများကို ထိထိရောက်ရောက် ထောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တုနည်းပညာ (AI) ၏ အရေးပါသည့် အခန်းကဏ္ဍတစ်ခုမှာ ဆိုက်ဘာလုံခြုံရေးပင်ဖြစ်ကြောင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများကို လျင်မြန်စွာဖော်ထုတ်နိုင်ပြီး အချိန်မီတုံ့ပြန်ကာကွယ်နိုင်ခြင်းကြောင့် စစ်ဘက်ကွန်ရက်များ၏ လုံခြုံရေးကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် ခေတ်နှင့်အညီ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေသည့် အင်ဂျင်နီယာဆိုင်ရာနည်းပညာများနှင့် လိုက်လျောညီစွာ ပြောင်းလဲနေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကို “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အမြဲမပြတ်ကြိုးစားလေ့လာသင်ယူကြရန်လည်း မှာကြားလိုကြောင်း။
တပ်မတော်အနေဖြင့် ကာကွယ်ရေးတာဝန်များအပြင် လူသားများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည့် သဘာဝဘေးဖြစ်စဉ်များကို အလျင်အမြန်တုံ့ပြန်နိုင်ရေးများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတိုနိုင်ငံတွင် လတ်တလောဖြစ်ပျက်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ခြင်း၊ အန္တရာယ်ရှိအဆောက်အအုံများကို ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုလည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း။
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ရှောင်လွှဲ၍မရသော်လည်း ကာကွယ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အနာဂတ်ကာလအတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများကို တည်ဆောက်ရာတွင် အင်ဂျင်နီယာရှုထောင့်မှကြည့်ပြီး အင်ဂျင်နီယာဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ခဲ့ရာတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ကတည်းကပင် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လေပြင်းတိုက်ခိုက်မှုဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များ ခံနိုင်မှုရှိစေရေးကို စနစ်တကျတွက်ချက်တည်ဆောက်ခဲ့သဖြင့် ပြင်းထန်သည့် မန္တလေးငလျင်ကြီးဖြစ်ပွားချိန်တွင် ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့ တစ်စုံတစ်ရာထိခိုက်မှု လုံးဝမရှိသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်များကို ကြိုတင်မျှော်တွေးပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောက်လုပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
လူအင်အား၊ သဘာဝဘေးဖြစ်စဉ်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို သိလျှင်သိခြင်း အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းခြင်းမပြုဘဲ အလျင်အမြန်သွားရောက် ကူညီဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စက်ယန္တရားအင်အားနှင့် နည်းပညာအထောက်အပံ့ပေးစွမ်းနိုင်အောင် အသင့်အနေအထားကြိုတင်ပြင်ဆင်လုပ်ဆောင်ထားရန်လည်း လိုအပ်သည်ကို မှာကြားလိုကြောင်း။
တပ်မတော်၏ စစ်အင်ဂျင်နီယာ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည့် ရဲဘော်တို့သည် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝနေရမည်ဖြစ်ပြီး မိမိတို့ ကွပ်ကဲရမည့် လက်အောက်တပ်ဖွဲ့ဝင်များကို မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရန်လိုကြောင်း၊ အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာမည့် ရဲဘော်တို့အနေဖြင့် စိတ်ဓာတ်နဲ့ကိုယ်ကျင့် တရားကောင်းမွန်ရန် အရေးကြီးကြောင်း။
စစ်အင်ဂျင်နီယာခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည့် ရဲဘော်တို့သည် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ပြုမူနေထိုင်ကြမည်၊ ကိုယ်ကျင့်တရားကောင်းမွန်ကြမည်၊ အမိန့်နှင့် စည်းကမ်းကို စံနမူနာပြလိုက်နာကြမည်၊ ပေးအပ်သည့်တာဝန်ကို စွမ်းရည်ပြည့်ဝစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြမည်၊ တပ်မှူးကောင်း၊ ဖခင်ကောင်းစိတ်ဓာတ်ဖြင့် ကွပ်ကဲသွားကြမယ်ဆိုပါက လက်အောက်စစ်သည်များကလည်း ၎င်းတို့ရဲ့ယုံကြည်အားကိုးရသည့် ခေါင်းဆောင်အဖြစ်၊ အထက်ကလည်းအားထားရသည့် ခေါင်းဆောင်ငယ်အဖြစ် အသိအမှတ်ပြုခံကြရမည်ဖြစ်သည့်အတွက် စံနမူနာပြခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးပမ်းသွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။
တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် တပ်တိုင်းရဲဘော်တိုင်းတွင် “စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု” ဆိုသည့် အခြေခံအရည်အချင်းငါးပါးနှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ အဆိုပါအခြေခံအရည်အချင်းများနှင့်ပြည့်စုံပြီး အင်အားတောင့်တင်းသည့် တပ်မတော်တစ်ရပ် ဖြစ်လာစေရန်အတွက် “လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်နှင့် တည်ဆောက်” ဆိုသည့် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄) ရပ်နှင့်အညီ တည်ဆောက်သွားရမည်ဖြစ်ကြောင်း။
လေ့ကျင့်ရေးပိုင်းအနေဖြင့် မိမိတို့နေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် ဆောင်ရွက်နေခြင်းသည် လေ့ကျင့်ရေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်လုပ်ဆောင်ရမည့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို တစ်ဦးချင်းစီအလိုက်၊ အဖွဲ့အလိုက် မှန်မှန်ကန်ကန် လုပ်ဆောင်စေရေးအတွက်လည်း ကွပ်ကဲကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လေ့ကျင့်ရေးပိုင်းနှင့်ပတ်သက်ပါက စစ်သားကောင်းတစ်ယောက်ပီသအောင် နေထိုင်ကျင့်ကြံလေ့ကျင့်ခြင်းဖြင့် မိမိကိုယ်ကိုနှင့် မိမိအဖွဲ့အစည်းကို အရည်အသွေးတိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
တပ်မတော်သည်ဆင့်ကဲအုပ်ချုပ်မှုစနစ်ဖြင့် ဆောင်ရွက်ခြင်းကြောင့် ညီညွတ်မျှတသည့် အုပ်ချုပ်ရေးစနစ်ရှိရန်လိုအပ်ကြောင်း၊ စစ်သည်တိုင်း တစ်ဦးချင်း စစ်စည်းကမ်းကောင်းမွန်ပြီး အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ကောင်းမွန်ခိုင်မြဲလာမည်ဖြစ်သည့်အတွက် အုပ်ချုပ်မှုညီညွတ်မျှတကောင်းမွန်ရေးကို အလေးထားလိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိကွပ်ကဲအုပ်ချုပ်ရသည့် စစ်သည်များအပေါ် တပ်မှူးကောင်းသဖွယ်၊ မိဘသဖွယ်စိတ်ထား၍ စိတ်ရင်းစေတနာကောင်းဖြင့် ကွပ်ကဲအုပ်ချုပ်သွားရန်လိုအပ်မည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် စစ်သည်အဆင့်အတန်းအားလုံးကို အဆင့်အလိုက် လျော်ညီသည့် ရပိုင်ခွင့်များ၊ ခံစားခွင့်များပေးထားပြီးဖြစ်သကဲ့သို့ ကွပ်ကဲအုပ်ချုပ်ရသူများအနေဖြင့် စစ်သည်အဆင့်အတန်းအားလုံး ရသင့်ရထိုက်သည်များကို မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အခက်အခဲ၊ အကျပ်အတည်းများကိုလည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိမိတို့ရရှိသည့် ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင်သုံးစွဲခြင်းဖြင့် တစ်ဦးချင်းသက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ပင်ဖြစ်ကြောင်း။
အဆင့်ဆင့်သောခေါင်းဆောင်များကိုယ်တိုင်က စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှသာလျှင် စစ်သည်တစ်ဦးချင်းစီအလိုက် စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန်လာပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားကောင်းမွန်သည့်တပ်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄) ရပ်သည် တစ်ခုနှင့်တစ်ခုဆက်စပ်လျက်ရှိပြီး တပ်များ၏လေ့ကျင့်မှုများ မှန်ကန်မည်၊ အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်မည်သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုများ ပြည့်ဝနေမည်ဆိုပါက တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တပ်ရင်း၊ တပ်ဖွဲ့များအပေါ် ခင်မင်တွယ်တာမှု၊ တပ်မတော်အပေါ် လေးစားယုံကြည်အားကိုးမှု၊ တပ်မတော်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်အနစ်နာခံလိုမှု စသည့်စိတ်ဓာတ်ကောင်းများ ဖြစ်ပေါ်လာမည်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးကို ရောက်ရှိသည့်အခါတွင် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄) ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်သဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတိုနိုင်ငံ၏ သမိုင်းကြောင်းဖြစ်စဉ်နှင့် ခေတ်ကာလ၏ တောင်းဆိုချက်အရ နိုင်ငံတော်နှင့် ပြည်သူအများစု၏ လိုအင်ဆန္ဒပန်းတိုင်သည် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဖြစ်ကြောင်း၊ အဆိုပါပန်းတိုင်ကို အမြန်ဆုံးရောက်ရှိရန် ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးသည် အလွန်အရေးကြီးသည့်အတွက် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်မှ မယိမ်းယိုင်သွားအောင် တပ်မတော်က ထိန်းကျောင်းပေးလျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ခြင်းကြောင့် လွတ်လပ်ပွင့်လင်းပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ ပြင်ဆင်လုပ်ကိုင်ပေးလျက်ရှိနေကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးအတွက် အရေးကြီးသည့် ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးကို အားပေးထောက်ခံပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိနေကြောင်း။
နိုင်ငံတော်ကို ဦးဆောင်မည့် အုပ်ချုပ်ရေးယန္တရားရွေးကောက်ပွဲဆိုသည်မှာ အပြောင်းအလဲအတွက် အချိုးအကွေ့တစ်ခုဖြစ်သဖြင့် လွတ်လပ်ပွင့်လင်းပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုသကဲ့သို့ ပြည်သူများရွေးချယ်ပေးမည့် ကိုယ်စားလှယ်များသည် အရည်အချင်းရှိသူများဖြစ်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာ၍ ဆန္ဒမဲပေးမှုနှင့် ပတ်သက်ပြီး မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးစည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရာတွင် အင်ဂျင်နီယာကဏ္ဍသည် အဓိကအခန်းက ပါဝင်ခြင်းကြောင့် “ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်” ဆိုသည့် တပ်မတော်နည်းပညာတက္ကသိုလ်၏ လမ်းညွှန်ဆောင်ပုဒ်အတိုင်း နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ စစ်အင်ဂျင်နီယာခေါင်းဆောင်ငယ်များအဖြစ် ထမ်းဆောင်ကြရမည့် ရဲဘော်တို့သည် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ပြုမူနေထိုင်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့်၊ အမိန့်နှင့်စည်းကမ်းကို စံနမူနာပြလိုက်နာပြီး ပေးအပ်လာမည့် တာဝန်များကို စွမ်းရည်ပြည့်ဝစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် ခေါင်းဆောင်ငယ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရေးအတွက် စည်းရုံးခြင်းအပြင် မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် အဖျက်အမှောက်လုပ်ငန်းများမရှိစေရေး၊ လုံခြုံရေးကို စနစ်တကျဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ခြင်းဖြင့် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြသည့်အတွက် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် သင်တန်းကာလ ၆ နှစ်တာ ကာလတစ်လျှောက်လုံး စာပေပညာ၊ စစ်ပညာသင်ကြားမှုအပိုင်းတို့တွင် ကြိုးစားအားထုတ်မှု၊ မိမိကိုယ်ကိုစောင့်ထိန်းမှုတို့ကြောင့် ထိုက်တန်စွာရရှိခဲ့သည့် တန်ဖိုးရှိသည့်ဆုများပင်ဖြစ်ကြောင်း၊ သင်တန်းကာလတစ်လျှောက်ရရှိခဲ့ပြီးဖြစ်သည့် အခြေခံကောင်းများနှင့် မိမိကိုယ်ကို ထိန်းသိမ်းလုပ်ဆောင်တတ်သည့် အခြေခံစိတ်ဓာတ်ကောင်းများကို ဆက်လက်ခိုင်မာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်စဉ် စာပေပညာအပြင် အတတ်ပညာကိုပါသင်ယူရသည်ဖြစ်ပြီး တန်ဖိုးရှိသည့်ပညာရပ်များကို သင်ယူခဲ့ရသည်ဖြစ်သည့်အတွက် မိမိတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ပန်းတိုင်များ မပျောက်ပျက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တတ်ကျွမ်းထားသည့် အတတ်ပညာများ၊ နည်းပညာများဖြင့် နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာသည် အလွန်လျှင်မြန်စွာ ပြောင်းလဲတိုးတက်နေသည်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ်သည့် လေ့လာမှု၊ သုတေသနပြုမှု၊ ကြိုးစားအားထုတ်မှုများဖြင့် ခေတ်ကိုမျက်ခြည်မပြတ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သိသင့်သိထိုက်သည့်၊ တတ်သင့်တတ်ထိုက်သည့် အသိပညာ၊ ဗဟုသုတများကို ဖတ်မှတ်လိုက်နာလေ့ကျင့်သွားရန်လိုသကဲ့သို့ မိမိလက်အောက်ငယ်သားများ၊ မိမိတာဝန်ကျရာပတ်ဝန်းကျင်ရှိ လူငယ်လူငယ်များသို့လည်း အသိပညာမျှဝေခြင်း၊ ဖလှယ်ခြင်းများ ဆောင်ရွက်သွားကြရန်လိုကြောင်း။
လူတိုင်းသည် အောင်မြင်တိုးတက်လိုသည့်ဘဝကို ပိုင်ဆိုင်လိုကြပြီး မိမိတို့၏ ဘဝမျှော်မှန်းချက်များ မပျောက်ပျက်စေရေးအတွက် စဉ်ဆက်မပြတ်သည့် ကြိုးစားအားထုတ်မှု၊ စောင့်ထိန်းမှုတို့နှင့် စနစ်တကျနေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်မှုတို့ဖြင့် တည်ဆောက်သွားကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် လက်အောက်ငယ်သားကောင်းပီသရန်လိုအပ်သကဲ့သို့ မှန်ကန်သည့် ခေါင်းဆောင်မှုကိုပေးနိုင်သည့် ခေါင်းဆောင်ကောင်းဖြစ်ရန်လည်းလိုကြောင်း။
ထို့ပြင် မိမိတို့အားငယ်စဉ်ကလေးဘဝမှစ၍ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည့် မိဘများ၏ ကျေးဇူးကိုသိတတ်ရန်၊ ကျေးဇူးဆပ်ရန်လိုအပ်သကဲ့သို့ စည်းကမ်းစနစ်တကျ နေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်သည့် အခြေခံကောင်းများ၊ အသိပညာ၊ အတတ်ပညာများရရှိအောင် သင်ကြားလေ့ကျင့်ပေးခဲ့သည့် တပ်မတော်အပေါ်တွင်လည်း ကျေးဇူးသစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်ရေး၊ မိသားစုများ၏ ရည်မှန်းချက်များ မပျောက်ပျက်စေရေးအတွက် ဘဝတစ်လျှောက်လုံး ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မိမိကိုယ်ကိုထိန်းထိန်းသိမ်းနေထိုင်ပြီး မိသားစု၊ တပ်မတော်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Dec 4, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဥပဒေပညာဌာန စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ အသိအမှတ်ပြုလက်မှတ်သင်တန်း (CBL Batch-II) သင်တန်းသားအမည်စာရင်း ကြေညာခြင်း
Posted on Dec 4, 2025Myanmar National Human Rights Commission Statement (16/ 2025)
Posted on Dec 3, 2025
