နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 15, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ) များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော် (လေ) ၏ သမိုင်းကို ပြန်ကြည့်မည်ဆိုပါက ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗမာ့အပျော်တမ်းလေတပ်ဖွဲ့ (BVAU) နှင့် ဗမာ့အပျော်တမ်းလေတပ် (BVAF) တို့အဖြစ် အဆင့်ဆင့်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြင့် အစတည်ခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်မတော် (လေ) အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြင့် တပ်မတော် (လေ) အဖြစ် စတင်ပေါ်ထွန်းရပ်တည် နိုင်ခဲ့သည်မှာ ယနေ့ဆိုပါက ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း။

တပ်မတော် (လေ) စတင်ဖွဲ့စည်းတည်ထောင်ပြီးချိန်နှင့် မရှေးမနှောင်း၌ပင် ပြည်တွင်းရောင်စုံသူပုန်များ၏ လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများ နိုင်ငံအနှံ့ပေါ် ပေါက်လာခဲ့ကြောင်း၊ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စောင့်ရှောက်ကာကွယ်ထိန်းသိမ်းနိုင်ရန် တပ်မတော် (လေ) သည် စီမံခန့်ခွဲမှု၊ ဖွဲ့စည်းလေ့ကျင့်မှုနှင့် လက်နက်တပ်ဆင်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်၌ပင် တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ) တို့နှင့်အတူ သောင်းကျန်းမှုနှိမ်နင်းချေမှုန်းရေးအတွက် စစ်ဆင်ပျံသန်းမှုများ ပြုလုပ်ခဲ့ရကြောင်း၊ မျိုးချစ်စိတ်၊ ဇွဲသတ္တိနှင့် တီထွင်ကြံဆလိုစိတ်တို့ကို အရင်းခံပြီး ရှိသည့်လေယာဉ်၊ ရှိသည့်လက်နက်ကို အကောင်းဆုံးအသုံးချပြီး ရည်မှန်းချက်အောင်မြင်အောင် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရကြောင်း၊ တပ်မတော် (လေ) သည် ယနေ့အချိန်အထိ ပြည်ပကျူးကျော်မှုတွန်းလှန်ချေမှုန်းရေးနှင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်မှု အမျိုးမျိုးသာမက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှု စစ်ဆင်ရေးများတွင်လည်း ပါဝင်တိုက်ပွဲဝင်ဆင်နွှဲခဲ့ရာ တပ်မတော် (လေ) စစ်သည်တော်များ၏ အသက်သွေးချွေးများစွာ ရင်းနှီးစတေးပြီး သူရဲကောင်းပီသစွာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့သောကြောင့် တိုက်ပွဲအဆုံးအဖြတ်အပေါ် များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့အတွက် တည်ဆောက်ကြိုးပမ်းရာတွင် ခိုင်မာတောင့်တင်းသည့် ကာကွယ်ရေးစွမ်းအားစုတစ်ရပ် ပိုင်ဆိုင်ထားရန် မဖြစ်မနေလိုအပ်သည်မှာ အထင်အရှားပင်ဖြစ်ကြောင်း၊ တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပြည်သူကြားက ပေါက်ဖွားလာသည့် မျိုးချစ်ပြည်သူ့တပ်မတော်ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ပြည်ထောင်စုတပ်မတော်လည်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်နိုင်ငံတော်အပေါ် ကျရောက်လာသည့် ပြည်တွင်းပြည်ပအန္တရာယ်အမျိုးမျိုးကို ပြည်သူများနှင့် လက်တွဲပြီး အသက်သွေးချွေးများစွာ ပေးဆပ်ကာကွယ်စောင့်ရှောက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ အရေးကြုံလာတိုင်း ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်မှာ တပ်မတော်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အစဉ်ပြောင်းလဲဖြစ်ပေါ်တိုးတက်နေသည့် ခြိမ်းခြောက်စိန်ခေါ်မှု အမျိုးမျိုးကို အပြည့်အဝရင်ဆိုင်တုံ့ပြန်နိုင်အောင် တပ်မတော် (ကြည်း/ ရေ/ လေ) ဟူသည့် ကာကွယ်ရေးစွမ်းအားစုကြီးကို ခိုင်မာတောင့်တင်းပြီး စွမ်းရည်မြင့်မားထက်မြက်စွာ တည်ဆောက်ထားရန် အထူးလိုအပ်ကြောင်း၊ သို့မှသာ အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း။ အာမခံချက်အပြည့်အဝဖြင့် တပ်မတော် (လေ) ကိုလည်း ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ် သင်ခန်းစာဖော်ထုတ်ကာ ခေတ်မီပြီး စွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိကြောင်း၊ စတင်ဖွဲ့စည်းတည်ထောင်ချိန်က အခြေစိုက်စခန်း ၁ ခုနှင့် ပျံသန်းရေးအုပ်အနည်းငယ်သာရှိခဲ့ရာမှ ယခုဆိုပါက မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီစိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင်လည်း သောင်းကျန်းမှုနှိမ်နင်းရေးလေတပ်အဆင့်မှ နည်းဗျူဟာမြောက်လေတပ်တစ်ခုအဖြစ် တိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း၊ လက်ရှိဆင်နွှဲနေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်မှုများတွင် တပ်မတော် (လေ) အနေဖြင့် နိုင်ငံအနှံ့ပျံသန်းစစ်ဆင်မှုများ ထိထိရောက်ရောက်ဆောင်ရွက်ကာ အထောက်အကူပြုနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

ထိရောက်အစွမ်းထက်မြက်သည့် လေကြောင်းစွမ်းအားကို ပိုင်ဆိုင်အသုံးချနိုင်ရေး လေတပ်၏ တိုက်စွမ်းအားနှင့် တိုက်စွမ်းရည် ၂ မျိုးလုံး မြင့်မားပြည့်စုံအောင် တည်ဆောက်ထားရန်အထူးလိုအပ်ကြောင်း၊ တိုက်စွမ်းအား တိုးတက်ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အနေဖြင့် လေယာဉ်ရဟတ်ယာဉ်နှင့် စစ်ဆင်ရေးအထောက်အကူစနစ်များကို အခါအားလျော်စွာ ကြိုးပမ်းဖြည့်တင်းပေးနေကြောင်း၊ ယင်းစနစ်များ အမြဲတမ်းကောင်းမွန်ပြီး စွမ်းအားပြည့်တိုက်ပွဲဝင်နိုင်မှသာ တိုက်စွမ်းအားရရှိမည် ဖြစ်သည့်အတွက် တပ်မတော် (လေ) စစ်သည်တော်များအနေဖြင့် အမြတ်တနိုးတန်ဖိုးထားကာ စနစ်တကျကိုင်တွယ်အသုံးပြုကြရန်၊ ပြုပြင်ထိန်းသိမ်းကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း။

တစ်ဖက်ကလည်း တိုက်စွမ်းရည်မြင့်မားကောင်းမွန်အောင် အစဉ်ကြိုးပမ်းနေရမည်ဖြစ်ကြောင်း၊ စစ်သည်တော်တိုင်းသည် မိမိတို့တာဝန်ကျရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုရှိနေမှသာ ဖြည့်ဆည်းပေးထားသည့် တိုက်စွမ်းအားများကို အကျိုးအရှိဆုံးအသုံးချနိုင်မည်ဖြစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရာတွင် ကျန်းမာကြံ့ခိုင်မှုနှင့် ရဲစွမ်းသတ္တိရှိမှုတို့သည်လည်း မရှိမဖြစ်လိုအပ်သည့်အတွက် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ရေး၊ ယုံကြည်ချက်ခံယူချက် မြင့်မားကောင်းမွန်ရေးကို ခေါင်းဆောင်အဆင့်ဆင့်က အထူးအလေးထားလေ့ကျင့်တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ပျံသန်းရေး၊ အုပ်ချုပ်ရေးနှင့် စက်မှုလက်မှုကဏ္ဍကြီး ၃ ရပ်လုံးရှိစစ်မှုထမ်းအားလုံး တက်ညီလက်ညီ ကြိုးပမ်းလုပ်ဆောင်ကြမှသာ တပ်မတော် (လေ) အနေဖြင့် တိုက်စွမ်းရည်တိုက်စွမ်းအားပြည့်ဝကောင်းမွန်ပြီး “တောင်ပံဖြန့်ချီ အောင်ပွဲဆီသို့” ဟူသည့်အတိုင်း အောင်မြင်မှုများရရှိမှာဖြစ်ကြောင်းကို သတိပေးပြောကြားလိုကြောင်း။

လေတပ်တစ်ခု စွမ်းရည်မြင့်မားကောင်းမွန်နေရေးသည် ပညာရပ်နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် စစ်သည်တော်များအားလုံးအပေါ် တည်မှီနေကြောင်း၊ ပျံသန်းရေးကဏ္ဍတွင် လေသူရဲများ ကျွမ်းကျင်ထက်မြက်နေရုံဖြင့် မပြီးဘဲ လေယာဉ်သားများ၊ ပျံသန်းမှုအင်ဂျင်နီယာများ၊ လေယာဉ်အမှုထမ်းများအားလုံး မိမိလုပ်ငန်းတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်ရန်လိုအပ်ကြောင်း၊ ထို့အပြင် လိုက်လျောညီထွေစွာဖြင့် အားလုံးကပူးပေါင်းဆောင်ရွက်ကြမှသာ ပျံသန်းရေးတာဝန်များ အောင်မြင်မည်ဖြစ်ကြောင်း၊ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင်လည်း ကဏ္ဍအလိုက် တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်ရမည့်အပြင် ကဏ္ဍတစ်ခုနှင့်တစ်ခု ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြမှသာ တပ်မတော် (လေ) ၏ လုပ်ငန်းတာဝန်များ အောင်မြင်ပြီးမြောက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှုခိုင်မာအောင်တည်ဆောက်ပြီး အဆင့်ဆင့်ခေါင်းဆောင်များ၏ မှန်ကန်သည့် ခေါင်းဆောင်မှုနှင့် ညီညီညွတ်ညွတ်ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်သွားကြရန် အလေးထားတိုက်တွန်းမှာကြားလိုကြောင်း။

တပ်မတော် (လေ) စတင်တည်ထောင်ခဲ့ချိန်ကစပြီး ယနေ့အထိ ရရှိခဲ့သည့် အောင်မြင်တိုးတက်မှုများနှင့် ရလဒ်ကောင်းများသည် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိစစ်သည် အားလုံးရဲ့ ရဲစွမ်းသတ္တိပြည့်ဝမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ တာဝန်ကျေပွန်မှုများကြောင့် ဖြစ်သည်ကို ဂုဏ်ပြုပြောကြားလိုကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် စစ်မှုထမ်းများအနေဖြင့် ၎င်းတို့ကို အတုယူစံနမူနာထားပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရမည့်အပြင် နောင်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွေများ ချန်ထားပေးနိုင်ရေး၊ တပ်မတော် (လေ) ၏ စွမ်းဆောင်ရည်အစဉ်တိုးတက်မြင့်မားနေရေး ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

လေတပ်စစ်သည်တော်များအနေဖြင့် တပ်မတော် (လေ) ၏ မွန်မြတ်သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်လက်ဆင့်ကမ်းပေးကြပြီး မိမိတို့သက်ဆိုင်ရာ ကျွမ်းကျင်မှုကဏ္ဍများအလိုက် ရည်မှန်းချက်တာဝန်များကို အကောင်းဆုံးအကျေပွန်ဆုံး ကြိုးစားထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားရင်း ယနေ့ (၇၈) နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့မှသည် နောင်လာမည့် နှစ်ပတ်လည်နေ့များစွာတိုင်တိုက်စွမ်းရည် တိုက်စွမ်းအားမြင့်မားကောင်းမွန်ပြီး နိုင်ငံတော်အတွက် အားထားရသည့် တပ်မတော် (လေ) အဖြစ် အစဉ်ရပ်တည်နိုင်ပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် စွမ်းရည်ပြသခြင်းများကို ဆောင်ရွက်ရာ Mi-17 ရဟတ်ယာဉ် ၄ စီးက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Bell 206 ရဟတ် ယာဉ် ၂ စီး၊ H-125 ရဟတ်ယာဉ် ၂ စီး၊ H - 120 ရဟတ်ယာဉ် ၂ စီးတို့က Composite Formation ပုံစံဖြင့်လည်းကောင်း၊ MTX-1B ကင်းထောက်လေယာဉ် ၁ စီးနှင့် Grob-120 TP အမောင်းသင်လေယာဉ် ၃ စီးတို့က Composite Formation ပုံစံဖြင့်လည်းကောင်း၊ K-8 ဂျက်တိုက်လေယာဉ် ၅ စီးတို့က Kite Formation ပုံစံဖြင့်လည်းကောင်း၊ F - 7 တိုက်လေယာဉ် ၄ စီးက Box Formation ပုံစံဖြင့်လည်းကောင်း၊ MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Su-30 SME ဘက်စုံသုံး အကြီးစားဂျက်တိုက်လေယာဉ် ၂ စီး နှင့် FTC 2000G တိုက်လေယာဉ် ၂ စီးတို့က Composite Formation ပုံစံဖြင့်လည်းကောင်း အသီးသီးသရုပ်ပြပျံသန်းကြသည်။ ဆက်လက်ပြီး MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ်များနှင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဉ်များက အဆင့်မြင့်လှုပ်ရှားစစ်ကစားမှု (High Performance Maneuver) များအား စွမ်းရည်ပြပျံသန်းခြင်းများကို ဆောင်ရွက်သည်။

ထိုသို့ စွမ်းရည်ပြသရာတွင် MiG-29 ဘက်စုံသုံးဂျက်တိုက်လေယာဉ်တစ်စီးက ရှုရပ်၏ရှေ့တည့်တည့်မှ ဝင်ရောက်လာပြီး Victory Roll Maneuver နှင့် Level 8 Maneuver :: Combat Turn & Multiple Roll Maneuver ကိုလည်းကောင်း Slow Flight & Zoom Climb Maneuver | Vertical Roll Maneuver တို့ကိုလည်းကောင်း စွမ်းရည်ပြပျံသန်းပြီး MiG-29 ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ၄ စီးက ရှုရပ်၏ ရှေ့တည့်တည့်မှ Box Formation ပုံစံဖြင့် အုပ်ဖွဲ့ပျံသန်းအလေးပြုကြသည်။

ထို့နောက် စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ဖြစ်သည့် Su-30 SME : Point Roll Maneuver High-G Turn Maneuver | Derry Turn Maneuver Oblique Loop Maneuver Combat Turm Maneuver Flap Spin Maneuver တို့ဖြင့် စွမ်းရည်ပြပျံသန်းပြီး နောက်ဆုံးတွင် Slow Flight Maneuver ဖြင့် ပျံသန်းသရုပ်ပြသ၍ မီးကျည်များကိုပစ်လွှတ်ကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုသည်။

ယင်းနောက် ဇီဝီတဒါနငှက်လွှတ်ခြင်းဆောင်ရွက်ကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တပ်မတော် (လေ) (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ငှက်များကို ဘေးမဲ့လွှတ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Dec 15, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 14, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025
HOT NEWS
January 4,