နေပြည်တော်မြို့တော်ဝန်ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

နေပြည်တော်မြို့တော်ဝန်ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 17, 2026
image_latest


နေပြည်တော် ဧပြီ ၁၆

၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူးပွဲတော်ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့ကျရောက်သည့် သင်္ကြန်အတက်နေ့တွင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ၊ စစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ပါဝင်သောအဖွဲ့သည် နေပြည်တော် မြို့တော်ဝန်ရေကစားမဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်တို့၌ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

နံနက်ပိုင်းတွင် နိုင်ငံခြားသံရုံးများမှ ပါဝင်သောအဖွဲ့သည် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ နေပြည်တော်သို့ ရောက်ရှိကြသည်။

ထို့နောက် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ၊ စစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ မိသားစုဝင်များ ပါဝင်သောအဖွဲ့သည် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲရန် နေပြည်တော် မြို့တော်ဝန်ရေကစားမဏ္ဍပ်သို့ ရောက်ရှိကြရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးနိုင်မင်းကျော်၊ ဦးကိုကိုကျော်၊ ၎င်းတို့၏ ဇနီးများ နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ သံတမန်များနှင့်အဖွဲ့သည် ဝန်ကြီးဌာန ယိမ်းအဖွဲ့များနှင့် နိုင်ငံကျော်အနုပညာရှင်များ၏ သီဆိုကပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ နှစ်ဟောင်းမှ အညစ်အကြေးများကင်းစင်ပြီး နှစ်သစ်ကို အေးချမ်းစွာကြိုဆိုနိုင်ရန်အလို့ငှာ သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြသည်။

ထို့အတူ နိုင်ငံကျော်အဆိုတော်များနှင့် ယိမ်းအကအလှမယ်တို့က သီဆိုဖျော်ဖြေကြရာ သင်္ကြန်ပွဲ ဆင်နွှဲသူပြည်သူများက မြူးကြွသည့် တေးသီချင်းသံစဉ်စည်းချက်များနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များနှင့်အဖွဲ့သည် နေပြည်တော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့် နေပြည်တော် လမ်းလျှောက်သင်္ကြန် မြန်မာ့သနပ်ခါးမဏ္ဍပ်တွင် မြန်မာ့သနပ်ခါးကို အမှတ်တရလိမ်းခြယ်ကြသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ဉာဏသိဒ္ဓိမိသားစု မဟာသင်္ကြန်ရေကစားမဏ္ဍပ်တို့၌ ယိမ်းအဖွဲ့များ၊ နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ပျော်ရွှင်စွာစုပေါင်းပါဝင်ဆင်နွှဲကြသည်။

ယင်းနောက် လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်းရှိ ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာ စုပေါင်းပါဝင်ဆင်နွှဲကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ နေပြည်တော်မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြပြီး ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Bounphieng CHANTHAVONG က “မြန်မာ နိုင်ငံကိုရောက်တာ တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ မြန်မာ့နှစ်သစ်ကူး မဟာအတာသင်္ကြန်ကို တက်ရောက်တဲ့အခါ အလွန်ပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုအချိန်မှာပဲ ကျင်းပပါတယ်။ မြန်မာ့နှစ်သစ်ကူးအတာ သင်္ကြန်မှာ ပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်။ မြန်မာနိုင်ငံသား အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေးချင်ပါတယ် ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim က “မြန်မာ့နှစ်သစ်ကူး မဟာအတာသင်္ကြန်ကို လာရောက်လည်ပတ်ခွင့်ရတဲ့အတွက် အင်မတန်ဝမ်းမြောက်မိပါတယ်။ မြန်မာနဲ့ပါကစ္စတန် နှစ်နိုင်ငံယဉ်ကျေးမှုအရရော နှစ်နိုင်ငံဆက်ဆံရေးအရရော အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိပါတယ်။ အတာသင်္ကြန် ဆင်နွှဲတဲ့အချိန်မှာ ရေလောင်းပြီး တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်တယ်ဆိုတာ သန့်စင်ခြင်းကို သရုပ်ဖော်ပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အလွန်ဝမ်းသာမိပါတယ်။ သူငယ်ချင်းမိတ်ဆွေများကိုလည်း ဒီသင်္ကြန်မှာ ကျွန်တော်တို့နဲ့အတူတူ ပျော်ရွှင်ဖို့ ဖိတ်ခေါ်ပါတယ်။ ပါကစ္စတန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Sagundo Martin Calvo က “ကျွန်တော့်အတွက် ပထမဆုံးမြန်မာသင်္ကြန်ကို လာရောက်လည်ပတ်ဖူးတာဖြစ်ပါတယ်။ ဒီသင်္ကြန်ကို လာရောက်လည်ပတ်ရတာ အင်မတန်ပျော်စရာကောင်းပါတယ်။ နှစ်သစ်မှာ မြန်မာပြည်သူတွေ ဝမ်းမြောက်ကြပါစေ၊ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ် ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Ms. Ma Jia က “မြန်မာနိုင်ငံ ပြည်သူအားလုံး နှစ်သစ်မှာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီလိုသင်္ကြန်မဏ္ဍပ်တွေမှာ လည်ပတ်ရတာ ပျော်စရာသိပ်ကောင်းပါတယ်။ မြန်မာနိုင်ငံသင်္ကြန်ကို ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်ခြင်းဖြစ်ပါတယ်။ အခုလို ပြည်သူတွေနဲ့အတူ ဆင်နွှဲခွင့်ရတဲ့အတွက် အင်မတန်ပျော်ရွှင်ရပါတယ်ဟု ပြောကြားခဲ့သည်။

သန့်ဂျိုင်း(သတင်းစဉ်)

ဓာတ်ပုံ - ဦးထိန်


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026