ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြု အခမ်းအနားကျင်းပ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြု အခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 27, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၆

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. YICH Samethy ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Dr. Janaki Kumari Tuladhar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ Mr. Nguyen Xuan Loc ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario Jose Armengol Campos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ Ms. Rami Niranjan Desai နှင့် Interna-tional Conference of Asian Political Parties (ICAPP) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ Dr. Chheng Kim-long ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို စောင့်ကြည့်လေ့လာ နိုင်ရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဖိတ်ကြားစေခဲ့ပြီး အဆွေတော်တို့၏ လာရောက်လေ့လာမှုအတွက် နိုင်ငံတော်နှင့် နိုင်ငံတော်အကြီး အကဲမှလည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ရန်နှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖြင့် အစိုးရအဖွဲ့ တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်၍ ရွေးကောက်ပွဲ အထမြောက်ရန်နှင့် ဥပဒေနှင့် ညီညွတ်ရန်အရေးကြီးပါကြောင်း၊ ယခုဆိုလျှင် ရွေးကောက်ပွဲအပိုင်းသုံးပိုင်းလုံးကို မဲဆန္ဒရှင်ပြည်သူများ၏ လာရောက်ဆန္ဒမဲပေးမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီဖြစ်ပါကြောင်း။

ကျင်းပပြီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် မိမိတို့နိုင်ငံအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ မှန်ကန်မှု၊ ဂုဏ်သိက္ခာရှိမှု၊ ယုံကြည် စိတ်ချရမှုတို့အတွက် စောင့်ကြည့်လေ့လာသူများအဖြစ် ပါဝင်ခဲ့ကြသည့် အဆွေတော်တို့၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါ ကြောင်း၊ အဆွေတော်တို့၏ပါဝင်မှုသည် ဒီမိုကရေစီလုပ်ငန်းစဉ်၏ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနှင့်တရားမျှတမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတို့၏ အရေးပါပုံကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း၊ အဆွေတော်တို့၏ လေ့လာတွေ့ရှိမှုနှင့် အကြံပြုချက်များသည် ရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ယုံကြည်မှုကို ခိုင်မာစေပြီး ဒီမိုကရေစီစနစ်တိုးတက်ထွန်းကားရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပြတ် ဆက်ဆံမှုရှိသည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထား ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆွေတော်တို့၏ မြန်မာနိုင်ငံအပေါ် သမာသမတ်ကျစွာ ထောက်ခံရပ်တည်ပေးမှုသည် တန်ဖိုးမဖြတ်နိုင်သော မိတ်ဆွေရင်း၊ ညီအစ်ကို စိတ်ဓာတ်များပင် ဖြစ်ပါကြောင်း၊ အ‌ဆွေတော်နိုင်ငံတို့နှင့် မြန်မာနိုင်ငံတို့သည် အစိုးရအချင်းချင်း ဆက်ဆံရေးသာမက နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်း ဆက်ဆံရေးသည်လည်း မိတ်ဆွေအရင်းအချာနိုင်ငံများအဖြစ် ဆက်လက်တည်ရှိနေ မည်ဖြစ်ပါကြောင်း။

အဆွေတော်တို့အနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့ခြင်းနှင့်စပ်လျဉ်း၍ သဘောထား မှတ်ချက်များ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ အဆွေတော်တို့၏လေ့လာ တွေ့ရှိမှုများ၊ အကြံပြုချက်များ နှင့် ဆွေးနွေးမှုများကို ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံလိုပါကြောင်း၊ အဆွေတော်တို့၏ သဘောထား အမြင်များကို လက်ခံရရှိပြီးနောင်တွင် ယခုထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ရှာဖွေနိုင်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ဘယ်လာရုစ်သမ္မတ နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ နီပေါနိုင်ငံ၊ နီကာရာဂွါနိုင်ငံနှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီတို့မှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ခဲ့မှုအခြေအနေများကို မှတ်ချက် ပြု ပြောကြားခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Jan 27, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Posted on Jan 26, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026