ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နိုင်ငံနှင့်ပြည်သူအတွက် လက်ငင်းအကျိုးဖြစ်ထွန်းစေမည့် ဌာန၏ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နိုင်ငံနှင့်ပြည်သူအတွက် လက်ငင်းအကျိုးဖြစ်ထွန်းစေမည့် ဌာန၏ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 06, 2026
နေပြည်တော် မတ် ၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံနှင့်ပြည်သူအတွက် လက်ငင်းအကျိုး ဖြစ်ထွန်းစေမည့်ဌာန၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်းနှင့်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့နိုင်ငံတွင် မကြာသေးမီက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မဲစာရင်းမှန်ကန်စေရေးအတွက် အထောက်အကူပြုစေရန် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ e-ID Server အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်း စသည့် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိကာလများတွင် နိုင်ငံခြားသားများ ပြည်ဝင်ဗီဇာလွယ်ကူစေရေးနှင့် နိုင်ငံခြားသား ကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ အမည်မည်းစာရင်း (Black List) စနစ်တကျ စိစစ်ထိန်းသိမ်း ဆောင်ရွက်ရေး၊ Online ငွေကြေးလိမ်လည်မှုတွင် ပတ်သက်ဆက်နွှယ်သဖြင့် ဖမ်းဆီးရမိနိုင်ငံခြားသားများ ပြစ်ဒဏ်ချမှတ်ထိန်းသိမ်းဆောင်ရွက်ရေးနှင့် ပြည်ပမှဖမ်းဆီးရမိ မြန်မာနိုင်ငံသားများ ပြန်လည် လွှဲပြောင်းလက်ခံနိုင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားလုပ်ငန်းအနေဖြင့် ပြီးခဲ့သည့်ကာလများတွင် နိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများနှင့် အသက်(၁၀)နှစ်ပြည့်နှင့် ပျောက်ပျက်၊ လဲလှယ်မိတ္တူလျှောက်ထားသူများအပါအဝင် ပန်းခင်း စီမံချက်ဖြင့် စုစုပေါင်းလူဦးရေ ၁၁ သန်းကျော်ကို နိုင်ငံသားကတ်ပြား ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ မဲစာရင်းတွင် အခြေခံအသုံးပြုမည့် အတည်ပြုလူဦးရေစာရင်းကို ပြုစုထုတ်ပြန်နိုင် ခဲ့ပါကြောင်း၊ ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းခြင်းလုပ်ငန်းအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာကို နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အခြေခံအသုံးပြုနိုင်မည့် သန်းခေါင်စာရင်းဆိုင်ရာ အစီရင်ခံစာများကိုလည်း ဆက်လက်ထုတ်ပြန်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ e-ID စနစ်ဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူများအား Biographic နှင့် Biometric Data များ ကောက်ယူပြီး Unique ID နံပါတ်တစ်ခုစီပေးသည့်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ (၁၃ သန်းကျော်)ကို UID နံပါတ်ထုတ်ပေးဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏ အဓိကလုပ်ငန်း တာဝန်များသည် ပြည်သူကို အလုပ်အကျွေးပြု၊ ပြည်သူများ၏ လိုအပ်ချက်ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဝန်ဆောင်မှုပေးရသည့်လုပ်ငန်း များဖြစ်ပြီး လက်ရှိတွင်လည်း ပြည်သူများအတွက် ထိရောက်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသကဲ့သို့ မကြာမီဖြစ်ပေါ်လာမည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံနှင့်ပြည်သူအတွက် ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းစေမည့် ဦးစားပေးလုပ်ငန်းများကိုလည်း စီမံချက်များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက် နိုင်ရန်အတွက် ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လက်ရှိလုပ်ငန်းစဉ်တစ်ခုချင်းအပေါ် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအစီအမံများ၊ တွေ့ကြုံနိုင်သည့် အခက်အခဲများအပေါ် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးတင်ပြကြရန်နှင့် လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လက်ရှိလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ ဌာနနှင့်ပတ်သက်၍ ပြည်သူများ၏ လိုအပ်ချက်အပေါ် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍ အလိုက် ဆောင်ရွက်နေမှုများအပေါ် လက်ငင်းဦးစား ပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့်အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်က လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးတင်ပြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနိုင်ငံနှင့် ပြည်သူအတွက် လက်ငင်းအကျိုးဖြစ်ထွန်းမည့် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင်မြင်ရေးအတွက် ဝန်ထမ်းအားလုံးစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့်အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း
Posted on Mar 5, 2026ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register -CEIR) အကြောင်း သိကောင်းစရာများ
Posted on Mar 6, 2026စက်သုံးဆီအလုံအလောက်ရှိကြောင်းအသိပေးကြေညာချက်
Posted on Mar 5, 2026မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသည် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အများပြည်သူသို့ စက်သုံးဆီများ တင်သွင်းရောင်းချဖြန့်ဖြူးပေးလျှက်ရှိပါသည်။
