မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူးတစ်ဦးသေဆုံး
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူးတစ်ဦးသေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 31, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန် သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၉ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ တောင်သာမြို့နယ်၊ မြင်းခြံ-ညောင်ဦးကားလမ်းဘေး ကန်ကျေးရွာလမ်းခွဲအနီး၌ အမျိုးသား တစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်သာ မြို့နယ်၊ ရသစ်ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးကျော်သက်(၅၅)နှစ်အား ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၃ နာရီတွင် ဦးကျော်သက်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ဦးကျော်သက်အား “မေးမြန်းစရာရှိသည်”ဟုပြောဆို၍ ကန်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ကန်ကျေးရွာလမ်းခွဲအနီးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။