ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 19, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကစင်ကျေးရွာနေ ဦးကျော်စွာဦး(ခ)ဇော်မျိုး(၄၅)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်အတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်း နှစ်လုံး၊ လောင်းကြေးငွေများနှင့် အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်စွာဦး(ခ)ဇော်မျိုး အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့ရဲစခန်း (ပ)၁၈၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ် ရပ်ကွက်ရှိ ဒေါ်လဲ့ရည်ထွန်း(၃၀)နှစ် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် “လပြည့်” ကွမ်းယာဆိုင်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဆိပ်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါဆိုင်အတွင်း ၎င်းအား နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်လဲ့ရည်ထွန်း အား ဆိပ်ဖြူမြို့မရဲစခန်း (ပ)၁၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Feb 18, 2026ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
