လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း၊ အမှတ်စဉ် (၄၈) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း၊ အမှတ်စဉ် (၄၈) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / February 19, 2025
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant–CPA)(ပထမပိုင်း) သင်တန်းအမှတ်စဉ် (၄၈) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid System ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာနိုင်ငံစာရင်းကောင်စီသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည့် အရည်အချင်းပြည့်မီသော စာရင်းပညာရှင်များ တိုးပွားလာစေရန်အတွက် နည်းလမ်းများ ရှာဖွေဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယခင်က လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်းကို ဝါဏိဇ္ဇဗေဒပညာဘွဲ့ရများသာ တက်ရောက်ခွင့်ရရှိခဲ့ရာမှ ယခုအချိန်တွင် စာရင်းကိုင်ပညာဘွဲ့၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့၊ စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ)နှင့် ဒီပလိုမာစာရင်းကိုင် စသည့်ဘွဲ့ရများကိုလည်း တက်ရောက်နိုင်သည့် အခွင့်အလမ်းများ ခွင့်ပြုပေးခဲ့ပါကြောင်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသည် အရေအတွက်သာမက အရည်အချင်းပြည့်မီသူများကိုသာ မွေးထုတ်ပေးသည့် သင်တန်း ဖြစ်သဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယ မလျှော့ဘဲ လေ့လာသင်ယူမှသာ ခရီးဆုံးပန်းတိုင်ကို ရောက်ရှိနိုင်မည် ဖြစ်ပါ ကြောင်း၊ ထို့အပြင် စာရင်းပညာနယ်ပယ်သည် စဉ်ဆက်မပြတ် ပြောင်းလဲနေသည့်အတွက် တိုးတက်ပြောင်းလဲမှုများကို အမြဲမပြတ်လေ့လာခြင်းဖြင့် မိမိ၏စာရင်းပညာ အရည်အသွေးများ တိုးတက်နေမည်ဖြစ်သလို နိုင်ငံတကာနှင့်ယှဉ်နိုင်မည့် လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ သင်တန်းသားများအနေဖြင့် ရိုးသားဖြောင့်မတ်စွာ၊ အရည်အချင်း ပြည့်ဝ စွာဖြင့် အောင်မြင်မှုရရှိစေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်မှ သင်တန်းသား (၂၅) ဦး၊ ရန်ကုန်မှ (၆၂) ဦး စုစုပေါင်း(၈၇) ဦးကို သင်ကြားပို့ချပေးခဲ့ပြီး ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတွင်တက်ရောက်သူ(၄၇) ဦး၊ ကိုယ်တိုင်လေ့လာဖြေဆိုမည့်သူ (၇၇၁) ဦး၊ စုစုပေါင်း (၉၀၅) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။
ထို့နောက်သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမမှလည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်၊ ကောင်စီဝင်များနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။