နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာ၊ ပညာရေးဝန်ကြီးဌာန၏ ဖြတ်သန်းမှု ခရီး

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာ၊ ပညာရေးဝန်ကြီးဌာန၏ ဖြတ်သန်းမှု ခရီး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / April 10, 2019
image_latest


ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ သုံးနှစ်ပြည့် မြောက် ခဲ့ပြီဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရ ဆဲလုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်း ဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနသည် လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူဆောင်ရွက်နေသော သုံးနှစ်တာ ကာလအတွင်း ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို ရေးဆွဲခဲ့ပြီး အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ ကျောင်းပြင်ပ နှင့် ဘဝတစ်သက်တာပညာရေး၊ အဆင့်မြင့်ပညာရေး၊ ဆရာ အတတ်ပညာရေး စသသည်ဖြင့် နယ်ပယ် ကိုးရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ရည်မှန်းချက်ပန်းတိုင်များနှင့်အညီ ပညာရေးမူဝါဒ များတွင် ကျောင်းနေအရွယ် ကလေးတိုင်း မည်သည့်ခွဲခြားမှု မျှမရှိဘဲ ပညာသင်ယူခွင့်ရရှိစေရေး၊ မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူ မရှိစေရေး တို့ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအားလုံးကို တာဝန်ယူတာဝန်ခံ၍ ပူးပေါင်းဆောင်ရွက် တတ်ပြီး တီထွင်ဆန်းသစ် ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ပြုစုပျိုးထောင်ရေး၊ တစ်သက်တာသင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေးစသည့် မျှော်မှန်းရလဒ် များကို ဦးတည်ကာ သုံးနှစ်တာကာလအတွင်း ပြည်သူများနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်ကို မြင်တွေ့ရသည်။ ပညာရေး ဝန်ကြီးဌာနသည် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေး လုပ်ငန်း ၁၂ ရပ်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

(က) ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ခ) နိုင်ငံသားတိုင်းအနည်းဆုံး မူလတန်းပညာကို သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့်တိုးမြှင့် သင်ယူခွင့် များရရှိရန် ဆောင်ရွက်မည်ဖြစ်ရာ မူလတန်းအရွယ်ကလေးတိုင်း မူလတန်း ပညာရေးကို ပြီးမြောက်အောင်မြင်ခြင်းနှင့် မူလတန်း ပညာသင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏစွမ်းရည် အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင်ဖျားဒေသရှိ ကလေးများ စသည့် ကလေးများ အတွက် အလေးထားသည့် ပညာရေးအစီအစဉ်များ ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ခြင်း။

(ဂ) ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်း တိုင်းရင်းသား ကလေးငယ်များ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာ စကား သင်ရိုးညွှန်းတမ်းပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများ အပါအဝင် တိုင်းရင်းသားဘာသာ စကားနှင့် ယဉ်ကျေးမှု ကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း။

(ဃ) သင့်လျော်သော ဆရာ၊ ကျောင်းသားအချိုး ရရှိစေရန် ဆောင်ရွက်ပေးခြင်း။

(င) ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြား ပို့ချမှုစွမ်းရည်များ မြင့်မားလာစေရန် ဆောင်ရွက်ခြင်း။

(စ) အခြေခံပညာရေးကို လူတိုင်းပိုမိုလက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှုအားနည်း သည့် ဒေသများရှိ ကျောင်းများ (အထူးသဖြင့် ကျောင်းအသုံးအဆောင် ပစ္စည်းများ လုံလောက်မှုမရှိသော အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းများ)၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း။

(ဆ) ပညာအရည်အချင်း နည်းပါးသူများ၏ နေထိုင်မှုဘဝတိုးတက် ကောင်းမွန်စေရန် အခြေခံ ပညာအလယ်တန်း၊ အထက်တန်းတန်းညှိအစီအစဉ်များနှင့် သက်မွေးမှုသင်တန်း အစီအစဉ် များဖြင့် ဆက်လက်ပညာဆည်းပူး နိုင်သော အခွင့်အလမ်းများဖော်ဆောင်ပေးခြင်း။

(ဇ) တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြား ခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသနလုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက် နိုင်သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့်သင်ရိုး၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့် ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည်ဖော်ဆောင်ပေးခြင်း။

(ဈ) နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးပညာရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့် တန်းတူ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း။

(ည) ကျောင်းသားမိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှုဖြစ်စေရန် ဆောင်ရွက်ပေးခြင်း။

(ဋ) နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်း ပြည်ပမှ ရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်း။

(ဌ) တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို အခြေခံ၍ ထိရောက်သော ပညာရေး ပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲ မှုနှင့် လေ့လာကြီးကြပ်မှု လုပ်ငန်း အစီအစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းတို့ ဖြစ်ကြသည်။

ပညာရေးအသုံးစရိတ်များကိုလည်း တစ်နှစ်ထက်တစ်နှစ် တိုးမြှင့် အသုံးပြုခွင့်ပြုခဲ့သဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်ကျပ် ၁ ဒသ ၇၂၆ ထရီလီယံသုံးစွဲခဲ့ရာမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်ကျပ် ၂ ဒသမ ၁၇၅ ထရီလီယံအထိ တိုးတက်သုံးစွဲနိုင်ခဲ့ကြောင်း သိရှိရသည်။

အခြေခံပညာကဏ္ဍကို ပြောင်းလဲပြုပြင်

အခြေခံကဏ္ဍတွင် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် အခြေခံပညာ ကျောင်းများကို အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုရာ ကျောင်းသားဦးရေ တစ်ခုတည်းကိုသာ ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ သွားလာရေး လွယ်ကူမှု၊ ခက်ခဲမှုအပေါ်မူတည်၍ ထည့်သွင်း စဉ်းစားပြီး ကျောင်းအဆင့်များ တိုးမြှင့်ပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းပြသည်။

အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့်ခွင့်ပြုခဲ့သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း အရေအတွက်မှာ ပညာသင်နှစ်အလိုက် တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြား လာခဲ့သည်။ ကိုယ်ပိုင်ကျောင်းများကိုလည်း ကိုယ်ပိုင် ကျောင်းဥပဒေ၊ နည်း ဥပဒေများနှင့်အညီ တည်ထောင်ခွင့်ပြုလျက်ရှိရာ ၂၀၁၆-၁၇ ပညာသင်နှစ် တွင် ၅၈၅ ကျောင်းရှိရာမှ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ၈၉၆ ကျောင်းအထိ တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

ကျောင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေများကိုလည်း အခြေခံပညာကျောင်း များအပြင် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများ ကိုပါ ပံ့ပိုးပေးနိုင်ခဲ့၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်ကျပ် ၅၆၇၅၃ ဒသမ ၁၉၂ သန်းမှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၅၈၁၂၉ ဒသမ ၇၈၈ သန်းအထိ တိုးမြှင့် ထောက်ပံ့ပေးနိုင်ခဲ့သည်။

ကျောင်းနေရန် အခက်အခဲရှိသူ ကလေးများအတွက် ပညာသင် ထောက်ပံ့ကြေးများကို ပံ့ပိုးပေးခဲ့ရာ၂၀၁၆-၁၇ ပညာ သင်နှစ်တွင် အခြေခံပညာကျောင်းများမှ ရွေးချယ်မှုမူများအရ ကျောင်းသား ကျောင်းသူဦးရေ ၁၆၀၂၂ ဦး ထောက်ပံ့ပေး နိုင်ခဲ့သည်။ ၂၀၁၇-၁၈ ပညာသင်နှစ် မှစ၍ ကမ္ဘာ့ဘဏ်၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ဝေးလံခက်ခဲသော မြို့နယ် ၁၁၆ မြို့နယ် နှင့် မသန်စွမ်းကျောင်းသား ကျောင်းသူများကိုပါ ပံ့ပိုးထောက်ပံ့ပေးနိုင်ခဲ့ရာ ဝေးလံခက်ခဲ ၁၁၆ မြို့နယ်မှ ကျောင်းသား ကျောင်းသူ ၅၃၇၆ ဦးနှင့် မသန်စွမ်းကျောင်းသား ကျောင်းသူ ၁၂၈၀ စုစုပေါင်း ၂၂၆၇၈ ဦးကို တိုးမြှင့်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်မှုနှင့်အညီ ကျောင်းဆောင်များကိုလည်း သဘာ၀ ဘေးအန္တရာယ်ကြောင့် ပြင်ဆင်ခြင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်များနှင့် ဥပဓိရုပ်မကောင်း သည့် ကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ပေးရသည့် ကျောင်းဆောင်များ ဆောက်လုပ်ပေးခြင်း၊ သိပ္ပံဆောင်၊ စာကြည့်တိုက်၊ မြို့နယ်ရုံးများ၊ ခရိုင်ရုံးများ၊ ဝန်ထမ်း အိမ်ရာများ ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်ကျပ် ၁၃၂၈၂၉ ဒသမ ၁၀၅ သန်းမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ငွေကျပ်ကျပ် ၂၅၁၄၇၅ ဒသမ ၈၇၈ သန်းအထိ တိုးမြှင့်သုံးစွဲ နိုင်ခဲ့ပါသည်။

ပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များကြောင့် ကျောင်းသား ဦးရေမှာ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ၈ ဒသမ ၉ သန်းမှ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ၉ ဒသမ ၁၄ သန်းအထိ တိုးတက်လာခဲ့ပြီး ဆရာ ဆရာမ များကိုလည်း ပိုမို ဖြည့်ဆည်းခန့်ထားပေးခဲ့ရာ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ၃၆၈၇၀၉ ဦးမှ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ၄၀၄၄၄ ဦးအထိ တိုးမြှင့် ခန့်ထားပေးနိုင်ခဲ့သည်။ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းကြောင့် ကျောင်းသား ဦးရေများ တိုးတက်လာရာတွင် အထူးသဖြင့် အထက် တန်းဆင့် ကျောင်းသား ကျောင်းသူဦးရေ ၁ ဒသမ ၁ သန်းကျော်အထိ တိုးတက်လာပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ တွင် ယခင်ကထက် ထပ်ကျော့နှင့် သက်လွန် ကလေးဦးရေများ လျော့ကျလာခဲ့သည်ကို မြင်တွေ့ရသည်။

ပညာရေးဝန်ကြီးဌာနသည် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် လုပ်ငန်း တစ်ခု အပါအဝင်ဖြစ်သည့် အလွတ်ကျက်မှတ်ခြင်းစနစ်မှ (၂၁)ရာစု ကျွမ်းကျင်မှုများဖြစ်သည့် စဉ်းစားဝေဖန် တွေးခေါ်နိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခြင်း၊ ပြေပြစ်စွာ ဆက်သွယ်ဆက်ဆံနိုင်ခြင်း၊ စူးစမ်းလေ့လာမှုကို အခြေခံကာ ပြဿနာ၊ ဖြေရှင်းခြင်း၊ တရားမျှတစွာနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခြင်း အစရှိသည့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှု များကိုရရှိစေရန် အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းများကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်၍ ပြုပြင်ပြောင်းလဲ လျက်ရှိကြောင်း သိရသည်။

KG+12 ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ မူလတန်း အဆင့်အတွက် JICA နှင့် အလယ်တန်း၊ အထက်တန်း အဆင့်များအတွက် ADB,EU တို့၏ အကူအညီများဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် သူငယ်တန်း(KG)သင်ရိုးသစ်ကို စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပထမတန်း(Grade-1) သင်ရိုးသစ်၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ဒုတိယတန်း(Grade-2) သင်ရိုးသစ် ကိုလည်းကောင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉-၂၀ ပညာသင်နှစ် တွင် တတိယတန်း(Grade-3)နှင့် ဆဋ္ဌမတန်း(Grade-6) သင်ရိုးသစ်များကို ရေးဆွဲပြုစုပြီးဖြစ်၍ ဆရာ ဆရာမများအား လေ့ကျင့် သင်ကြားပေးနိုင်ရေးအတွက် ဗဟိုအဆင့် သင်တန်းပို့ချပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီး /ပြည်နယ်၊ မြို့နယ်အဆင့်၊ ကျောင်းအုပ်စုအဆင့်သင်တန်းများ အဆင့်ဆင့် ဖွင့်လှစ်ပို့ချ နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ပြောကြားသည်။

တိုးတက်မှုများတွေ့ရှိ

၂၀၁၆-၁၇ ပညာသင်နှစ်တွင် သူငယ်တန်းသင်ကြားပေးနေသည့် ဆရာ ဆရာမ ၉၈၈၆၁ ဦးကိုလည်းကောင်း၊၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပထမတန်း (Grade-1) သင်ရိုးသစ်အတွက် ပထမတန်းသင် ဆရာ ဆရာမ ၁၂၁၉၂၄ ဦးကို လည်းကောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ဒုတိယတန်း(Grade-2) သင်ရိုးသစ်အတွက် မူလတန်းဆင့်သင် ဆရာ ဆရာမ ၃၂၉၃၉၉ ဦးကိုလည်းကောင်း လေ့ကျင့်သင်ကြားပေးထားကြောင်း သိရှိရသည်။ သင်ကြားရေးနှင့် စစ်ဆေး အကဲဖြတ်သည့် နည်းစနစ်များ ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် မူလတန်းအောက် ဆင့် ကလေးများသည် သင်ကြားသင်ယူမှု လုပ်ငန်းများတွင် ကိုယ်တိုင် ပိုမိုပါဝင်ဆောင်ရွက် လာတတ်ခြင်း၊ မေးခွန်းများ မေးမြန်းတတ်လာခြင်း၊ မေးခွန်းများကို ပြန်လည်ဖြေဆိုတတ် လာခြင်း စသည့် တိုးတက်မှုများ တွေ့ရှိရကြောင်း သိရသည်။

စစ်ဆေးအကဲဖြတ်သည့် စနစ်ကိုလည်း သင်ယူတတ်မြောက်မှု စစ်ဆေး ခြင်းများကို ဇူလိုင်၊ ဩဂုတ်လ၊ အောက်တိုဘာလ၊ ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီ လ(မတ်)တို့ဖြင့် ၄ ကြိမ်သာ စစ်ဆေးခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်း ပုံစံများကို အလွတ်ကျက်မှတ်မှုစနစ်မှ စဉ်းစား တွေးခေါ်မှုကို အားပေးသည့် စာမေးပွဲမေးခွန်းပုံစံများအဖြစ် ပြောင်းလဲခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။ စတုတ္ထတန်း(Grade-5)နှင့် အဋ္ဌမတန်း(Grade-9) သင်ယူတတ်မြောက်မှု စစ်ဆေးအကဲ ဖြတ်ခြင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်မြင်သူ ဦးရေ တိုးတက်လာခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ဦးရေမှာလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်မြင်သူဦးရေ တိုးတက်လာခြင်းနှင့် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုသူ ဦးရေ ၈ ဒသမ ၅ သိန်းအထိ တိုးတက်လာခဲ့သည့်အပြင် ဆေးရုံ၊ မသန်စွမ်း၊ ရွှေ့ပြောင်းမိသားစု နှင့် အကျဉ်းထောင် ဖြေဆိုသူများ အပါအဝင် ၆၀၂ ဦးအထိ ဖြေဆိုနိုင်ရေး အတွက် စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားရေးနှင့် သင်ယူ ရေးများကို အထောက် အကူပြုနိုင်စေမည့် ဒေသခံတိုင်းရင်းသား (Teaching Assistant) စုစုပေါင်း ၅၁၆၁ ဦးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ခန့်အပ်ပေးနိုင်ခဲ့ပါသည်။ တိုင်းရင်းသား ဘာသာစကား စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသား မျိုးနွယ်စု အလိုက်၊ မြို့နယ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ တင်ပြချက်၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ သဘောထား မှတ်ချက်များအရ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် တိုင်းရင်းသား ဘာသာသင် အခြေခံ ပညာကျောင်း ၁၂၂၄၈ ကျောင်း၊ တိုင်းရင်းသား ဘာသာစကား ၅၄ မျိုး၊ တိုင်းရင်းသားစာပေသင်ကြားပေးသူ ဆရာ ဆရာမနှင့် ပြင်ပပုဂ္ဂိုလ် ၂၈၇၈၃ ဦးကို ထောက်ပံ့ကြေးများ ချီးမြှင့်ပေးနိုင်ခဲ့သည်။

ကျောင်းပြင်ပနှင့် ဘဝတစ်သက်တာပညာရေးပြုပြင်ပြောင်းလဲခဲ့ပြီ

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော ကလေးများနှင့် အသက်အရွယ် မရွေး သင်ယူသူများအား သင်ယူခွင့်ဖန်တီးပေးခြင်းဖြင့် ဘဝအတွက် လိုအပ်သည့် အခြေခံအသိ၊ ကျွမ်းကျင်မှုနှင့် ဝင်ငွေရှာနိုင်မှု စွမ်းရည်မြင့်မား လာစေရန်နှင့် သက်မွေးပညာ အခြေခံ ကျွမ်းကျင်မှုများ ဘဝတစ်သက်တာ သင်ယူရေးနှင့် အခွင့်အလမ်းများရရှိနိုင်ရန် ပညာရေး အစီအစဉ်များဖြစ်သည့် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းများ၊ ကျောင်းပြင်ပမူလတန်းနှင့် အလယ်တန်း ပညာရေးတန်းညှိ အစီအစဉ်များ၊ စဉ်ဆက် ပညာရေး အစီအစဉ်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်များကို ဆောင်ရွက် လျက်ရှိသည်။

တန်းညှိပညာရေး အစီအစဉ်ဖြစ်သည့် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကို မြို့နယ် ၈၁ မြို့နယ်နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်ကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် ဆောင်ရွက်ခဲ့သည်။ ၂၀၁၇-၁၈ ပညာသင်နှစ်နှင့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာကာလ အတွင်း ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်တွင် ကျောင်းသား ကျောင်းသူ ၂၈၁၄၆ ဦး၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်တွင် ၁၉၁ ဦး တက်ရောက်ပညာသင်ယူ ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။

သက်ကြီးစာတတ်မြောက်မှုနှုန်း တိုးမြင့်လာစေရန် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများကို ၂၀၁၆ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ရှမ်း(အရှေ့)၊ ကချင်၊ ချင်း၊ မွန်၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူး (အနောက်)တို့ရှိ ၁၁ ခရိုင်တွင် စာသင်ဝိုင်း ၄၄၈၂ ခု၌ လုပ်အားပေး ဆရာ ဆရာမ ၅၇၀၃ ဦးတို့က သင်တန်းသား ၄၄၀၆၂ ဦးတို့ကို စာတတ်မြောက်လာအောင် သင်ကြားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

နည်းပညာနှင့် သက်မွေးပညာကဏ္ဍ

နိုင်ငံတော်အစိုးရ၏ သုံးနှစ်တာကာလအတွင်း ကျောင်းသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ခြင်း၊ ပုံမှန် သင်တန်းများနှင့် ကျွမ်းကျင်မှု အခြေပြုကာလတို သင်တန်းများ တိုးချဲ့ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပေးနိုင်ခြင်း၊ ဆရာ ဆရာမ များ တိုးချဲ့ခန့်ထားနိုင်ခြင်း၊ လုပ်ငန်းခွင်အကြိုနှင့် လုပ်ငန်း ခွင်ရောက်သင်တန်းများ ပို့ချပေးနိုင်ခြင်း၊ အခြေခံ အဆောက်အဦများ တည်ဆောက်ပေးနိုင်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပညာသင် ထောက်ပံ့ကြေး များ ပေးနိုင်ခြင်း၊ ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံ လူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်း ကော်မတီ အနေဖြင့် ပြုလုပ်လာနိုင်ခြင်းတို့ကိုလည်း မြင်တွေ့ရ သည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်၊ ကျိုက်လတ်၊ ပြင်ဦးလွင်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ကော့သောင်း) ညောင်ရွှေ သက်မွေးပညာ သင်တန်းကျောင်း (NVTI)၊ အင်္ဂလိပ်ဘာသာ သင်တန်းကျောင်း(ELPS) နှင့် Sealion Co.Ltd နှင့် ပူးပေါင်း၍ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (School of Industrial Training & Education-SITE) တို့ကို တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။

ကျောင်းများတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၌ သင်ကြားရေး ဆရာ ဆရာမ ၂၇၈၇ ဦးရှိရာမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် သင်ကြားရေး ဆရာ ဆရာမ ၃၂၇၆ ဦး၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် သင်ကြားရေး ဆရာ ဆရာမ ၃၂၇၇ ဦး ခန့်အပ် ထားခဲ့ပါသည်။ သုံးနှစ်တာကာလအတွင်း သင်ကြားရေး ဆရာ ဆရာမ ၆၆၅ ဦးကို တိုးချဲ့ခန့်ထား ပေးနိုင်ခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် သင်ကြားရေး ဆရာ ဆရာမ ၂၇၈ ဦး အသစ်ထပ်မံ ခန့်ထားနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သဖြင့် အစိုးရနည်းပညာကောလိပ် သုံးကျောင်း၊ အစိုးရစက်မှု လက်မှုသိပ္ပံ ၂၂ ကျောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၅ ကျောင်းနှင့် သင်တန်း ကျောင်း လေးကျောင်း၊ နည်းပညာမြှင့်တင်ရေး သင်တန်းဌာန တစ်ခု စုစုပေါင်း ကျောင်း ၆၀ ဖွင့်လှစ် ထားနိုင်ခဲ့သည့်အပြင် ပုံမှန်ကျောင်းသားဦးရေနှင့် ကာလတိုသင်တန်း တက်ရောက်သူ ဦးရေမှာ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ၁၉၆၇၆ ဦးအထိ သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရှိရသည်။

သင်တန်းအမျိုးအစားပေါင်း ၂၃ မျိုး

နည်းပညာဆိုင်ရာ ကာလတိုသင်တန်းများအဖြစ် မိုဘိုင်းဖုန်းပြင် သင်တန်း၊ အခြေခံဂဟေ ဆက်သင်တန်း၊ လျှပ်စစ် ကျွမ်းကျင်သင်တန်း၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများ ပြင်ဆင် တပ်ဆင်ခြင်းသင်တန်းများ အပါအဝင် သင်တန်းအမျိုးအစား ပေါင်း ၃၇ မျိုး သင်ကြားပေး ခဲ့ကြောင်း သိရပြီး သက်မွေး ပညာဆိုင်ရာ ကာလတိုသင်တန်းများအဖြစ် ဟိုတယ်ဧည့်ကြို သင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းခြင်းသင်တန်း၊ ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်သင်တန်း၊ အနောက်တိုင်းနှင့် အရှေ့တိုင်း အစားအစာ အချက်အပြုတ်သင်တန်း၊ ကော်ဖီ နှင့် ဖျော်ရည်သင်တန်းစသည့် သင်တန်းများအပြင် အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်း၊ ဆံပင်ညှပ်သင်တန်း၊ မိတ်ကပ်အလှပြင်သင်တန်းများ စသည့် သင်တန်းအမျိုးအစားပေါင်း ၂၃ မျိုးကို သင်ကြားပေးခဲ့ကြောင်း သိရ သည်။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ ချမှတ်နိုင်ရေးအတွက် နှီးနှောဖလှယ်ပွဲများကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မကွေးနှင့် လားရှိုးမြို့များတွင် ဆောင်ရွက် နိုင်ခဲ့ပြီး ရလဒ်များမှာ အခြေခံ မော်တာစက်ချုပ် သင်တန်း၊ အခြေခံဧည့်ကြို သင်တန်း၊ အခြေခံအိပ်ခန်း ဆောင်ထိန်းသိမ်းရေးသင်တန်း၊ လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်း ရေးသင်တန်း၊ နှမ်းသီးနှံအား GAP နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းသင်တန်း၊ သံချည်သံကွေး သင်တန်း စသည့် ကာလတို သက်မွေးပညာသင်တန်း အမျိုးအစား ခြောက်မျိုးကို ၄၂ ကြိမ်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၁၉၀၇ ဦး အား မွေးထုတ်နိုင်ခဲ့သည်။

Total E & P Myanmar မှ ဦးစီးသော Moattama Gas Transportation Company Limited (Yadana Project) နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရတနာ ဂဟေဆက်နည်းပညာ သင်တန်းကျောင်းတွင် ဂဟေဆက်နည်းပညာ သင်တန်းများကို ၂၀၁၆ နိုဝင်ဘာမှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ကိုရီးယားနိုင်ငံ အခြေစိုက် Wholistic Interest Through Health- Myanmar (WITH) နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အစိုးရနည်းပညာ အထက်တန်းကျောင်း (လှိုင်သာယာ) တွင် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာ သင်တန်းကိုလည်း ၂၀၁၈ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) နှင့် ပူးပေါင်း၍ နည်းပညာနှင့် သက်မွေး ပညာဆိုင်ရာ ဆရာ အတတ်သင်ကျောင်း(TTTI) ရန်ကုန်တည် ထောင်ဖွင့်လှစ်နိုင်ရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနအောက်ရှိ ဆရာ ဆရာမများအား Electronic Technology ၊ Electrical Power Technology ၊ Mechanical Technology ၊ Automobile Technology ဘာသာရပ်များ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာ၊ သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် UNESCO ၊ GIZ တို့နှင့် ပူးပေါင်း၍ Myanmar UNEVOC Centre ဖွင့်လှစ်ခြင်း၊ KOICA ၊ JICA ၊ SDC ၊ Swisscontact ၊ KfW ၊ GIZ ၊ ADB ၊ EU စသည့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကိုလည်း အစိုးရစက်မှု လက်မှုသိပ္ပံ (သံတွဲ၊ အင်းစိန်၊ မန္တလေး၊ ကျောက် ပန်းတောင်း)တို့တွင် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စတင်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ယခင် စက်မှု လက်မှု အထက်တန်းကျောင်း(အောင်ဆန်း)ကို ဂျပန်နိုင်ငံအစိုးရ၏ Official Development Assistance (ODA) ဖြင့် ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း (JMASVTI) တည်ထောင်ဖွင့်လှစ်သွား ရန်ရှိကြောင်းလည်း သိရှိရသည်။

နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးနှီးနှောဖလှယ်ပွဲ (TVET Forum) ကို ၂၀၁၆ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်များတွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) နေပြည်တော်၌လည်းကောင်း၊ ၂၀၁၇ ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တွင် ပညာရေးဝန်ကြီးဌာနမှ အိမ်ရှင်အဖြစ် စတုတ္ထအကြိမ် ဒေသတွင်း နိုင်ငံတကာညီလာခံ(၂၀၁၇)အား Regional TVET Conference 2017) “အာဆီယံနိုင်ငံများအကြား နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး ဆောင်ရွက်ရေး” ဟူသော ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပဆောင်ရွက် နိုင်ခဲ့သည်။

UNESCO ၊ GIZ တို့နှင့် ပူးပေါင်း၍ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ နည်းပညာနှင့် သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှုဆိုင်ရာ နိုင်ငံတော်အဆင့်ဆွေးနွေးပွဲ (Organizational of the TVET Seminar) ကို ၂၀၁၈ ဒီဇင်ဘာ ၃ ရက်တွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ နည်းပညာနှင့် သက်မွေးပညာရေးစင်တာ (မြန်မာယူနီဗော့စင်တာ) တည်ထောင်ဖွင့်လှစ်ရေး အလုပ်ရုံဆွေးနွေးပွဲ (Workshop on Operationalization of UNEVOC Centre in Myanmar) ကို ၂၀၁၈ ဒီဇင်ဘာ ၄ ရက်တွင် လည်းကောင်း ကျင်းပခဲ့သည်။

အဆင့်မြင့်ပညာကဏ္ဍ ပြုပြင်ပြောင်းလဲမှုခရီး

အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်ကုန်အထိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် စုစုပေါင်း ၁၃၄ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

အစိုးရသစ်၏ သုံးနှစ်တာကာလအတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (နည်းပညာနှင့် ကွန်ပျူတာအပါအဝင်) ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခ၊ ဒုတိယပါ မောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လ/ထကထိက စုစုပေါင်း ၄၂၆၉ ဦး ရာထူးတိုးမြှင့်ပေးနိုင်ခဲ့ပြီး အချိန်ပိုင်း ပါမောက္ခ၊ အချိန်ပိုင်း တွဲဖက်ပါမောက္ခနှင့် အချိန်ပိုင်းကထိက ၆၄ ဦးတို့ကိုလည်း ခန့်ထားပေးနိုင်ခဲ့သည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာ ဆရာမအင်အားမှာ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ၂၁၆၉၉ ဦးရှိရာမှ ၂၀၁၇-၁၈ ပညာသင်နှစ် တွင် ၂၂၅၃၃ ဦးအထိ တိုးမြှင့်ခန့်အပ်နိုင်ခဲ့သည်။

ကျောင်းသား ကျောင်းသူများ ပညာသင်ယူရာတွင် နေထိုင်ရေး အဆင်ပြေစေရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၄၆ ခုနှင့် ပညာရေး ကောလိပ်များတွင် ကျောင်းသား ကျောင်းသူ အဆောင်များတွင် နေထိုင်နိုင်ရန် စီစဉ်ပေးလျက်ရှိသည်။ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် နေ့သင်တန်း တက်ရောက်သည့် ကျောင်းသား ကျောင်းသူ ၃၅၃၄၃၉ ဦး၊ အဝေးသင် တက်ရောက်သည့် ကျောင်းသား ကျောင်းသူ ၄၈၆၉၂၅ ဦးရှိရာမှ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် နေ့သင်တန်းတက်ရောက်သည့် ကျောင်းသား ကျောင်းသူ ၃၉၃၃၉၈ ဦး၊ အဝေးသင် တက်ရောက်သည့် ကျောင်းသား ကျောင်းသူ ၅၇၄၃၃၆ ဦးအထိ တက်ရောက်ခဲ့သည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နေ့သင်တန်းများကို ၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ရာ လက်ရှိ ကျောင်းသား ကျောင်းသူ ၃၅၆၀၂၁ ဦးခန့် တက်ရောက်သင်ကြား လျက်ရှိသည်။

၂၀၁၈ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ အိတ်များကို တိုင်းဒေသကြီး/ပြည်နယ်များမှ တက္ကသိုလ် ၂၃ ခုက တိုက်ရိုက်လက်ခံပြီး ကျောင်းဝင်ခွင့်များကို စိစစ်ဆောင်ရွက်ပေးခဲ့ပါသည်။ ကျန် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအတွက်လည်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစိစစ် ရွေးချယ်ရေး အဖွဲ့မှ ရွေးချယ်စိစစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်နှင့် မန္တလာဒီဂရီကောလိပ်တို့တွင် ခရီးသွားစီမံခန့်ခွဲမှု ဘွဲ့ကြိုသင်တန်း၊ စစ်တွေတက္ကသိုလ်တွင် Marine Science 1 ဘွဲ့ကြိုသင်တန်း၊ ရန်ကုန်တက္ကသိုလ်တွင် Fisheries and Aquaculture ဘွဲ့ကြို သင်တန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းအသစ်များ အနေဖြင့် ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်၊ ပြည်နည်းပညာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(သန်လျင်)၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ နည်းပညာ တက္ကသိုလ် (မန္တလေး)နှင့် နည်းပညာတက္ကသိုလ် (တောင်ကြီး)တို့၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တွင် မဟာအင်ဂျင်နီယာ ဗိသုကာ သင်တန်းများအား ပြန်လည်ဖွင့်လှစ်နိုင် ခဲ့သဖြင့် အဆိုပါ သင်တန်းများတွင် နည်းပညာတက္ကသိုလ်များမှ ဆရာ ဆရာမ၊ ဝန်ထမ်း စုစုပေါင်း ၂၄၃ ဦး တက်ရောက် လျက်ရှိသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၃၄ ခုတွင် ကျောင်းသားဦးရေ နှစ်စဉ် မြင့်မား တိုးတက်လာခဲ့မှုကြောင့် ၂၀၁၈ ခုနှစ်အတွက် နေ့သင်တန်းနှင့် အဝေးသင်သင်တန်းများမှ ဒီပလိုမာရရှိသူ၊ ဘွဲ့ရရှိသူ၊ မဟာဘွဲ့ရရှိသူ၊ ပါရဂူ ဘွဲ့ ရရှိသူဦးရေ စုစုပေါင်း ၁၄၂၈၈၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဘွဲ့ရသူ ဦးရေများတွင် အထူးသဖြင့် အဝေးသင်ဘွဲ့ရသူဦးရေ ပိုမိုများပြားသည်ကို တွေ့ရှိရသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက္ကသိုလ်များ၏ အသက်သွေးကြောဖြစ်သည့် သုတေသနလုပ်ငန်းများ အားကောင်းစေရေးအတွက် တက္ကသိုလ်၊ ကောလိပ်များ၏ သုတေသန ရန်ပုံငွေကို ဘဏ္ဍာနှစ် အလိုက် တိုးမြှင့်ပေးခဲ့ရာ လက်ရှိဘဏ္ဍာနှစ်တွင် ၅၃၂ ဒသမ ၉၅၄ သန်းအထိ ရရှိခဲ့သည်။ ဆရာ ဆရာမများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဆရာ၊ ဆရာမ များသည် ပြည်တွင်း ပြည်ပ သုတေသနဂျာနယ်များ၌ သုတေသန စာတမ်းများရေးသားခဲ့ရာ ၂၀၁၈ ခုနှစ်အတွင်းတွင် စာတမ်း ၃၈၄၁ စောင် ရေးသားနိုင်ခဲ့ကြောင်း သိရှိရသည်။

သုံးနှစ်တာကာလအတွင်း အဆင့်မြင့်ပညာဦးစီးဌာနနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ပညာရေးအရည်အသွေး မြင့်မား စေရေးအတွက် ပြည်ပ နိုင်ငံများသို့ မဟာဘွဲ့၊ ပါရဂူဘွဲ့ ရယူရန်နှင့် ဆွေးနွေးပွဲ၊ လေ့လာရေး၊ သင်တန်းများ တက်ရောက်ရန် ကိုယ်စားလှယ် ၄၄၂၅ ဦး စေလွှတ်နိုင်ခဲ့သည်။ အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ပြည်ပ နိုင်ငံများမှ နိုင်ငံခြား သား ကျောင်းသား ကျောင်းသူ ၄၃၉ ဦးသည် မြန်မာ ဘာသာ လာရောက်သင်ယူလျက်ရှိကြ သည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဘာသာရပ်အလိုက် သင်ကြား၊ သင်ယူမှု ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အသိပညာဖလှယ်သည့်အနေဖြင့် ပြည်ပနိုင်ငံ များသို့ သွားရောက် သင်ကြားပို့ချ ပေးခြင်း၊ ပြည်ပနိုင်ငံများမှ လာရောက်သင်ကြားပို့ချ ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် ပြည်ပပါမောက္ခ၊ ပညာရှင် ၈၅ ဦးက လာရောက် သင်ကြားပေးလျက်ရှိသည်။

ကျောင်းသား ကျောင်းသူများအား သိပ္ပံပညာရပ်များ၊ နည်းပညာ၊ သက်မွေးပညာများကို အသိပညာဖလှယ်နိုင်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ပွင့်လန်းလာစေရေး၊ အသိပညာ၊ အတတ်ပညာများနှင့် လုပ်ငန်းခွင် လိုအပ်ချက်များ ချိတ်ဆက်နိုင်ရေးအတွက် သိပွံပြပွဲ၊ နည်းပညာပြပွဲ၊ Job Fair အလုပ်အကိုင်ပြပွဲများကို ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပြပွဲပေါင်း ၈၀ အထိ ဆောင်ရွက်ပေးခဲ့ပြီး ပညာရေးဖွံ့ ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးနှီးနှော ဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ)ကို နှစ်စဉ်ကျင်းပခဲ့သည်။ TIDE Project UK နိုင်ငံ Free University of London နှင့် ပူးပေါင်းပြီး အဝေးသင်ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သင်တန်းများ ပေးလျက်ရှိ သည်။ Master Training for NIHED ကို British Council နှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် (၁၀)ကြိမ်မြောက် အရှေ့တောင် အာရှနိုင်ငံ များနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေး များကို ၂၀၁၈ အောက်တိုဘာလမှ နိုဝင်ဘာလ အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ပြီး အမျိုးသားပညာရေး ဥပဒေနှင့် အညီ ပါမောက္ခချုပ်များကော်မတီကို ၂၀၁၈ ဧပြီ ၄ ရက်တွင် စတင်ဖွဲ့စည်းနိုင် ခဲ့သည်။

(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကို ၂၀၁၈ ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်အထိ နေပြည်တော်တွင် လက်ခံကျင်းပခဲ့ရာ မြန်မာနိုင်ငံက နိုင်ငံအဆင့်တွင် စတုတ္ထအဆင့်ရသည်အထိ အောင်မြင်မှုရရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း သင်ရိုးသစ်နှင့် လိုက်လျောညီထွေမှု ရှိသော သင်ရိုးညွှန်းတမ်းများကို တက္ကသိုလ်များတွင် သင်ကြားပို့ချရန် ရေးဆွဲဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိပြီး DTEd - Diploma in Teaching Education ဒီပလိုမာရရှိသူများကို ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင် အဝေးသင်ဒုတိယနှစ်သင်တန်းသို့ ဆက်လက်ပညာ သင်ကြားရေး အစီအစဉ်အား ၂၀၁၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိကြောင်း သိရှိရသည်။

DTEd - Diploma in Teaching Education) ဒီပလိုမာ ရရှိသူများကို ပညာရေးတက္ကသိုလ်များ၊ ပညာရေးကောလိပ် များတွင် BEdစာပေးစာယူသင်တန်း နှစ်နှစ်တက်ရောက်ပြီး BA, BSc (Education) ဘွဲ့ရရှိစေမည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရှိရသည်။

ဆရာ ဆရာမများ၏ ဆရာအတတ်ပညာအရည်အသွေး မြင့်မားလာ စေရေးအတွက် နှစ်နှစ် သင်ပညာရေး ကောလိပ်များကို ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်မှစတင်၍ လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိသဖြင့် UNESCO ၏ အထောက်အပံ့ရယူကာ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။

အရည်အသွေးကောင်းမွန်သော အဝေးသင်ပညာရေးစနစ် ဖော်ဆောင်ရန်အတွက် ဝိဇ္ဇာဘာသာ ရပ်များကို အနီးကပ် သင်တန်း ၁၀ ရက်ပို့ချခြင်းမှ ဥမငနညအအေငသည ငါးရက်နှင့် အနီးကပ် သင်တန်း ငါးရက် နှစ်ကြိမ် ပြောင်းလဲ ပြုလုပ်မည့် အစီအစဉ်ကိုလည်း ဆရာ ကျောင်းသား၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီ တို့၏ သဘောထားများနှင့် အညီ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်

ပညာရေးသတင်းအချက်အလက်များကို မှန်ကန်တိကျပြီး ယုံကြည်ကိုးစားနိုင်သည့် အချက် အလက်များကို အချိန်မီ ရရှိစေရေးအတွက် ပုံမှန်ကောက်ယူလျက်ရှိသည့် စာရင်းကောက်မှု စနစ်ကို ပိုမိုအားကောင်းလာစေရေးအတွက် ယူနက်စကို၏ နည်းပညာပံ့ပိုးမှုဖြင့် ပညာရေး စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (EMIS) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကဏ္ဍ (BE)နှင့် ဝန်ထမ်းရေးရာကဏ္ဍ (HR)၊ အဆင့်မြင့် ပညာ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ (HE/TVET) ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးကဏ္ဍ (NFE) နှင့် ဘဏ္ဍာရေးနှင့် ဝယ်ယူရေးကဏ္ဍ (FAP) တို့အတွက် အချက်အလက် များ ကောက်ယူနိုင်ရေး လုပ်ငန်းများပြီးစီးပြီဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Baseline Data များ စနစ်အတွင်း ထည့်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ စာရင်းအင်း တာဝန်ခံများအား Software Application အသုံးပြုတတ်စေရန် သင်တန်း ပို့ချပေးခြင်းများကို လုပ်ဆောင်မည် ဖြစ်သည့် အပြင် လာမည့်ပညာသင်နှစ်တွင် စတင်အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက သုံးနှစ်တာ ဆောင်ရွက်ချက်များ အကြောင်းအတွင်း ထည့်သွင်း ပြောကြားသည်။

စီမံကိန်းရေးဆွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားရေးအတွက် ဝန်ကြီးရုံး အပါအဝင်၊ ဦးစီးဌာန များနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးရုံးများမှ ဝန်ထမ်းများ၏ ပညာရေးဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားစေရန်အတွက် စီမံကိန်းရေးဆွဲရေး ဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်း (International Institute for Educational Planning-IIEP) အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ Simulation Moduling သင်တန်းပို့ချပေးခြင်း၊ စီမံကိန်း လုပ်ငန်းများကို လေ့လာသုံးသပ် ရေးဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ National Standard for Development of Educational Statistics ဆိုင်ရာ ဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။

နိုင်ငံတော်၏ ဘက်စုံဖွံ့ ဖြိုးမှုကို အခြေပြုသည့် ပညာရေးကဏ္ဍနှင့် ကျွမ်းကျင်မှုအခြေခံများ အားကောင်းစေရန်နှင့် အလယ်တန်း၊ အထက်တန်း ပညာရေးနှင့် နည်းပညာ၊ သက်မွေး ပညာရေးတို့ကို လိုက်လျောညီထွေရှိစေပြီး လုပ်သားအင်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန် လူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် လေ့ကျင့်ပြုစု မွေးထုတ်ရေး စီမံကိန်း (Equipping Youth for Employment Project - EYE) အစီအစဉ် ကို Asia Development Bank (ADB) နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး အဆိုပါအစီအစဉ်၏ ပံ့ပိုးမှုဖြင့် International နှင့် National Consultant များခန့်အပ်ကာ နှစ်အလိုက် သင်ရိုးသစ်များ ရေးဆွဲပြုစုပြီးပါက ဘာသာရပ်သင် ဆရာ ဆရာမများအားလုံး သင်ရိုးညွှန်းတမ်းသစ်ဖြင့် သင်ကြားနိုင်ရေးအတွက် လေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်၏ ပညာရေးအရည်အသွေး မြင့်မားစေရန် ဩစတေးလျ အစိုးရနှင့် ပူးပေါင်း၍ မြန်မာ့ပညာရေး အရည်အသွေး မြင့်မားရေးလုပ်ငန်း အစီအစဉ် (Myanmar Education Quality Improvement Program- My-EQIP) ကို ကလေးများ၏ သင်ယူမှုရလဒ်များ ပိုမိုမြင့်မား စေရန်၊ ပညာရေးလုပ်ငန်းဝန်ဆောင်မှု ပိုမိုကောင်းမွန်စေ၍ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမို ကောင်းမွန်စေရန်၊ သင်ကြားသင်ယူမှု၊ စီမံခခန့်ခွဲမှုနှင့် ပညာရေးမူဝါဒများ တိုးတက် ကောင်းမွန်စေရန်အတွက် အရည်အသွေး တိုးတက်မြင့်မားရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

EU နှင့်ပူးပေါင်း၍ ပညာရေးဝန်ကြီးဌာန၏ ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးနှင့် လူမှုရေးဆိုင်ရာ အကျုံးဝင်မှုလုပ်ငန်းစီမံချက် (Financial and Social Inclusion in Myanmar) ကို ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ ဦးဆောင်ညွှန်ပြသူ ဆရာများနှင့် ကျောင်းအုပ်စုဖွံ့ဖြိုး တိုးတက်ရေး စီမံချက် (Teacher Mentor and School Cluster Supporting Program) ကို လုပ်သက် အတွေ့အကြုံ သုံးနှစ်အောက်ရှိသည့် ဆရာ ဆရာမများ၏ သင်ကြားမှုဆိုင်ရာ စွမ်းရည် တိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိရာ ATEO (Mentor) များကို Teacher Mentor ဆရာ ဖြစ်သင်တန်းပေးခြင်း၊ မူလတန်း သင်ရိုးသစ်နှင့်အညီ သင်တန်းဆရာ လက်စွဲကို ပြန်လည် ပြုပြင်ခြင်း၊ Teacher Mentoring နှင့် ကျောင်းအုပ်စု ဖွံ့ဖြိုးမှုအစီအစဉ်များ အကောင်အထည် ဖော်ရေးလမ်းညွှန်၊ ဦးဆောင်ညွှန်ပြသူ (Mentor) သင်တန်း လက်ကမ်းစာစောင်နှင့် သင်တန်း နည်းပြလက်စွဲ စာအုပ်တို့ကို ပြန်လည်ပြင်ဆင်ရေးသားခြင်းများ လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ မူလတန်းအောက်ဆင့် ကလေးများ၏ သင်္ချာစွမ်းရည်စစ်ဆေး အကဲဖြတ်မှု (Early Grade Mathematics Assessment-EGMA) နှင့် စာဖတ်စွမ်းရည် စစ်ဆေးအကဲဖြတ်မှု သုတေသန လုပ်ငန်း (Early Grade Reading Assessment-EGRA) ကို National Level ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ် ထားသည့် မြို့များသို့ သွားရောက်ပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ကွင်းဆင်း သုတေသန လုပ်ဆောင်ခဲ့သည်။ မူလတန်း အောက်ဆင့် ကလေးများ စာဖတ်စွမ်းရည် တိုးတက်ရေးလုပ်ငန်း လမ်းညွှန် စာအုပ်ပြုစုခြင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ် ၁၀ မြို့နယ်ရှိ အခြေခံ ပညာကျောင်း ၃၀ မှ မူလတန်းအောက်ဆင့် မြန်မာစာသင်ကြား နေသော ဆရာ ဆရာမ ၈၈ ဦး အား သင်တန်းပေးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးများအတွက် ပညာရေးဆိုင်ရာ အသုံးစရိတ်ခွဲဝေပုံကို လေ့လာ သုံးသပ်နိုင်ခဲ့ပြီး မြန်မာ နိုင်ငံရှိ ကလေးများအတွက် ပညာရေးအသုံးစရိတ် အနှစ်ချုပ် Public Finance for Children in Education Budget Brief Development အစီရင်ခံစာကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေနိုင်ခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လွှတ်တော်မှ တာဝန်ရှိသူများ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်- NEPC, NAQAC တို့မှ တာဝန်ရှိသူများနှင့် GIZ တို့ပူးပေါင်းကာ Seminar on Strengthening TVET in Myanmar within the Framework of SDG4 နှင့် ပညာသင်ယူမှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ (Access to Education Policy Dialogue) တို့ကို ဆောင်ရွက်နိုင်ခဲ့ခြင်းသည် လည်း ပညာရေးဝန်ကြီးဌာန၏ အောင်မြင်မှုပင်ဖြစ်သည်။

ယူနီဆက်ဖ်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ကျောင်းပြင်ပရောက် ကလေး များ၏ အခြေအနေကို လေ့လာအကဲဖြတ်သည့် သုတေသနလုပ်ငန်း (Out of School Children Initiate-OOSCI) အရ မြန်မာနိုင်ငံရှိ ကျောင်းပြင်ပရောက် ကလေးများ၏ အခြေအနေကို လေ့လာဆန်းစစ်ခြင်း သုတေသန စာတမ်းကို ရေးသားပြုစု၍ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြုစုထုတ်ဝေ ခဲ့ခြင်း၊ National Level Report Dissmination ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ပြည်နယ်(၇)ခုတွင် Sub National Level report Dissemination ဆောင်ရွက်နိုင်ခဲ့ခြင်း၊ OOSCI ၏ နောက်ဆက်တွဲ လုပ်ငန်းအဖြစ် ပြည်နယ်အလိုက် ကျောင်းပြင်ပရောက် ကလေးများလျှော့ချနိုင်ရေး ဦးတည် ဆွေးနွေး ပွဲရလဒ်များကို ပြည်နယ်အလိုက် ရေးဆွဲပြုစုထုတ်ဝေနိုင်ခဲ့ခြင်း၊ An In Depth Analysis of Barrier Focusing on Teacher Absenteeism ကို ဆက်လက် လေ့လာ နိုင်ခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

အရှေ့တောင်အာရှ မူလတန်းဆင့် ကလေးများ၏သင်ယူမှုကို လေ့လာအကဲဖြတ်သည့် သုတေသနလုပ်ငန်း (The South East Asia Primary Learning Metric-SEA-PLM) သည် မူလတန်းအဆင့် (Grade-5) ကျောင်းသား ကျောင်းသူများ၏ အရေး၊ အဖတ်၊ သင်္ချာနှင့် ကမ္ဘာ့လူသားဖြစ်မှု (ပြည်သူ့နီတိ) စွမ်းရည်များကို စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံ ဒေသတွင်း ကျယ်ပြန့်သော ပညာရည်စစ်ဆေးမှုတစ်ခုဖြစ်ပါသည်။ SEA-PLM အကြို စမ်းသပ်စစ်ဆေးမှုကို ၂၀၁၆ ဒီဇင်ဘာ ၁ ရက်တွင် ဆောင်ရွက်ခဲ့ပြီး SEA-PLM Main Survey ကို ၂၀၁၉ ဇန်နဝါရီ ၂၉ ရက်တွင် စတင် ဆောင်ရွက်ခဲ့သည်။ ယင်းသုတေသနလုပ်ငန်း၏ စစ်ဆေးအကဲဖြတ်မှုရလဒ်ကို လေ့လာဆန်းစစ်၍ ရရှိသည့်အချက်အလက်များကို ပညာရည် တိုးတက်မြင့်မား စေရန် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးရေးလုပ်ငန်း (Human Resource Development Plan - HRD Plan) တွင် ပညာရေးဝန်ကြီးဌာန၏ ဌာနအသီးသီးရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုသိရှိပြီး လိုအပ်ချက်များကို အမြန်ဖြည့်ဆည်း ရန်အတွက် အဆင့်စုံ စွမ်းဆောင်ရည် စစ်ဆေးအကဲ ဖြတ်ခြင်းနှင့် ကနဦး စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း၏ နောက်ဆက်တွဲ လုပ်ငန်းဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဦးစီးဌာနများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ ဖြိုး တိုးတက်ရေးစီမံချက် [Human Resource Development Plan (HRD Plan)] ရေးဆွဲထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) မျှော်မှန်းရလဒ်များကို ပိုမိုအရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော်ရန် ပညာရေး ဝန်ကြီးဌာန သည် ပညာရေးပြုပြင် ပြောင်းလဲမှုများအား စနစ်တကျ ထိထိရောက်ရောက်နှင့် ပွင့်လင်းမြင်သာ စွာ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အဓိက စိန်ခေါ်မှုများ ရှိနေပြီး ပညာသင်ယူရန် အခက်အခဲရှိသောသူများ၊ လိုအပ်ချက်ရှိသော ဒေသများကို ပိုမိုဖြည့်ဆည်း ပံ့ပိုးပေးရေး၊ ကျောင်းနေမြဲရေးနှင့် ကျောင်းထွက် နှုန်းမြင့်မားနေမှုများကို လျှော့ချရေး၊ ကျောင်းသားဦးရေ တိုးလာသဖြင့် စာသင်ခန်းလိုအပ်ချက်နှင့် အခြေခံအဆောက်အဦစသည်တို့ ဖြည့်ဆည်းရေး၊ ကျောင်းသား၊ ဆရာအချိုး မျှတရေး၊ ဆရာ ဆရာမများ၏ အရည်အသွေး မြင့်မားရေး၊ မူလတန်းပညာသင်ယူနေသူအားလုံး မူလတန်းပညာသင်ယူ ပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်းပညာ ဆက်လက်သင်ယူပြီး မြောက်ရေး၊ သက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက်ပြီး ကျွမ်းကျင်သူများ ဖြစ်လာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပြီး ပညာရေး အရည်အသွေး မြင့်မားလာစေရန် အလေးထားကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။

သတင်းဆောင်းပါး-ခင်ရတနာ

HOT NEWS
January 4,