ကျေးလက်ကို အခြေပြု၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး

ကျေးလက်ကို အခြေပြု၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး


Ministry of Information/ Naypyitaw / July 07, 2025
image_latest


ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပရန် ယမန်နှစ် စက်တင်ဘာလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် အထွေထွေညီလာခံ၌ ချမှတ်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်သည် ပထမဆုံးကျင်းပသည့် နှစ်ဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၄၃ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၃ ဒသမ ၄ ဘီလီယံကျော်သည် ကျေးလက် ဒေသများတွင်‌ နေထိုင်ကြခြင်းဖြစ်ပြီး ၎င်းတို့၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးအတွက် နိုင်ငံအသီးသီးတွင် ကြိုးပမ်းခဲ့၊ ကြိုးပမ်းဆဲ၊ အနာဂတ်တွင်လည်း ဆက်လက်ကြိုးပမ်းသွားကြရမည်ဖြစ်ရာ ယင်းအပေါ်တွင် ကမ္ဘာတစ်ဝန်းလုံးက သတိပြုမိကြရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်းလည်းဖြစ်သည်။

 ဤတွင် ကျေးလက်ဒေသများဆိုသည်မှာ အဘယ်နည်းဟု အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားမှုများရှိသော်လည်း ယေဘုယျလက္ခဏာများအားဖြင့် ကျေးလက်ဒေသများသည် မြို့ပြဒေသများနှင့် နှိုင်းယှဉ်ပါက လူဦးရေသိပ်သည်းမှုနည်းပါးပြီး အခြေခံအဆောက်အအုံအားဖြင့်လည်း ကြီးမားကျယ်ပြန့်မှုမရှိခြင်းပင်ဖြစ်သည်။ ၂၀၁၈ ခုနှစ် စစ်တမ်းအရ တစ်ကမ္ဘာလုံးရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် အာရှနှင့် အာဖရိကတွင် နေထိုင်ကြပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့မှာ ကျေးလက်လူဦးရေလည်း အများဆုံးဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုခန့်ကာလအတွင်း ကမ္ဘာ့မြို့ပြလူဦးရေသည် ကမ္ဘာ့ကျေးလက်လူဦးရေကို ကျော်လွန်သွားခဲ့ရာ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ကျေးလက်လူဦးရေ ၃ ဒသမ ၁ ဘီလီယံသို့ ကျဆင်းသွားမည် ဖြစ်ကြောင်း၊ ယင်းသို့မကျဆင်းမီ ကမ္ဘာ့ကျေးလက်လူဦးရေသည် အနည်းငယ်တိုးတက်မှုရှိမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြခြင်းဖြစ်ရာ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်လုပ်ငန်းဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (SDGs) နှင့် မြန်မာနိုင်ငံ၏ အမျိုးသားဘက်စုံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MNCSDP) တို့နှင့် ကိုက်ညီပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင် (၅) ရပ်ချမှတ်၍ ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။

ကျေးလက်ပြည်သူအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်းများဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)၊ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for Work) နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများသည် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဖော်ဆောင်နိုင်သကဲ့သို့ ကျေးလက်ပြည်သူများ၏ လိုလားလက်ခံမှုကို အပြည့်အဝရရှိသည့် စီမံကိန်းလုပ်ငန်းများ ဖြစ်သည်။ တစ်ဖက်တွင်လည်း ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးရရှိရေး၊ ကျေးလက်ကုန်ထုတ်လမ်းများနှင့် တံတားများ တည်ဆောက်ရေး၊ ကျေးလက်အိမ်ရာများ တည်ဆောက်ရေးစသည်တို့ပါဝင်သည့် ကျေးလက်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သဘာဝဘေးအန္တရာယ်များနှင့် ဒေသမတည်ငြိမ်မှုများမှာ လတ်တလောစိန်ခေါ်မှုများဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံးတွင် တာဝန်ရှိသည်ဟူသော ကျေးရွာစိတ်ဓာတ်ကို ကျေးလက်နေပြည်သူတိုင်းက အပြည့်အဝခံယူကာ စည်းလုံးညီညွတ်ခြင်း၊ တက်ကြွစွာပူးပေါင်းဆောင်ရွက်ခြင်း၊ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်မွေးမြူခြင်း၊ မိမိကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်မွေးမြူခြင်း၊ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားခြင်းနှင့် အကျိုးရှိစွာအသုံးပြုခြင်းအားဖြင့် အားလုံးပါဝင်တည်ဆောက်ကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Posted on Jul 08, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Posted on Jul 07, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 06, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Posted on Jul 05, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Posted on Jul 03, 2025
AnnouncementsExplore more >

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Posted on Jul 8, 2025

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Posted on Jul 4, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း