ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုအပေါ်အခြေခံ ဘုံအကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်

ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုအပေါ်အခြေခံ ဘုံအကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်


Ministry of Information/ Naypyitaw / September 03, 2025
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025 Plus)သို့ ပါဝင်တက်ရောက်ပြီး အဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန်၊ ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်သွားရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး ပထဝီ-နိုင်ငံရေး အချက်အချာကျသည့်နေရာတွင်တည်ရှိသည်။ ကောင်းမွန်မျှတသော အပူပိုင်းဒေသရာသီဥတုရှိသည့်အတွက် မြန်မာ့စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး စက်မှုဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်ဆောင်ရွက်နိုင်မည့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကောင်းများစွာရှိသည်။ ပထဝီ-နိုင်ငံရေးနှင့် စီးပွားရေးအချက်အချာကျသည့် နိုင်ငံဖြစ်သောကြောင့် အင်အားကြီးနိုင်ငံအချို့သည် ၎င်းတို့နှင့် လိုက်လျောညီထွေဖြစ်သည့် ဒီမိုကရေစီနှင့်အညီ ရပ်တည်ဆောင်ရွက်လိုကြသည်။

ထိပ်သီးအစည်းအဝေးတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)အနေဖြင့် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးနှင့် ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်း ခန့်ရှိသည့်ဒေသတစ်ခုကိုပိုင်ဆိုင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပါအဝင် စွမ်းအင်ကဏ္ဍစီမံကိန်းများ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးတို့အတွက် အရင်းအမြစ်များကို အတူတကွအသုံးပြုနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် မြန်မာနိုင်ငံအနေဖြင့် သဘာဝအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး၊ စက်မှုလက်မှုနှင့် စွမ်းအင်ကဏ္ဍတို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် မျှော်လင့်ထားရှိပါကြောင်း” ပြောကြားခဲ့သည်။

လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့မျက်မှောက်ခေတ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒတို့၏ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရာတွင် ထိရောက်သည့်အောင်မြင်မှုများကို ဂုဏ်ယူဖွယ်ရာတွေ့မြင်ရပါကြောင်း၊ ထို့အပြင် ခေတ်မီနည်းပညာရပ်များဖြစ်သည့် ဉာဏ်ရည်တု (Al)နည်းပညာနှင့် Data အုပ်ချုပ်မှုဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးထားလုပ်ဆောင်လျက်ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ၏ အသီးအပွင့်များကို ခံစားရလျက်ရှိကာ အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့် ခေတ်မီနည်းပညာသုံးတိုက်ခိုက်မှုများကို စုပေါင်းကာကွယ်နိုင်သည့် အလားအလာများကိုလည်း တွေ့မြင်ရပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ မူဘောင်များအောက်မှ ပါဝင်ကာ ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း” ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှု၊ ကွဲပြားသည့် ယဉ်ကျေးမှုများကို အပြန်အလှန်တန်ဖိုးထား လေးစားမှု၊ သာတူညီမျှရှိမှု၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှန်ဟိုင်းစိတ်ဓာတ် (Shanghai Spirit)၏ လမ်းပြရှေ့ဆောင်မှုအောက်တွင် အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ဦးစားပေးဆောင်ရွက်နိုင်ရန် အတူတကွ ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ် မေလက ပါဝင်ခွင့်ရခဲ့သည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) က ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍လည်း မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး ထောက်ခံအားပေးနိုင်ပါရန် အလေးအနက်မေတ္တာရပ်ခံထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ မူဘောင်များအတွင်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် လေးစားတန်ဖိုးထားမှုအပေါ်အခြေခံပြီး အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအကြား ထိတွေ့ဆောင်ရွက်မှုများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ကာ ဘုံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ခိုင်မာစွာယုံကြည်ပါကြောင်း။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Sep 05, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Sep 04, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 03, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Sep 02, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Sep 01, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 31, 2025
HOT NEWS
January 4,