ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / May 25, 2025

နေပြည်တော် မေ ၂၄
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စေတီများ၊ သာသနိကအဆောက်အအုံများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုနှင့် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှုအခြေအနေများကိုလည်းကောင်း၊ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ငလျင်ဘေးဒဏ်သင့် ခရိုင်မီးသတ်ဦးစီး ဌာနကို ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် Modular Office ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လည်းကောင်း၊ စကုမှော်ငလျင်ဘေးဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပါရမီရပ်ကွက် နှစ် (၇၀၀) ပြည့် အားကစားခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန စစ်ကိုင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ငလျင်ဘေးဒဏ်သင့်ပြည်သူ များအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးအပ်ခြင်း အခမ်းအနားကိုတက်ရောက်၍ ပြည်သူများလက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျပေးအပ်ခဲ့ပြီး နေ့ချင်းပြီးဆောင်ရွက်ပေးနေမှု အခြေအနေများကိုကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ ဆေးဘက်ဆိုင်ရာကုသရေးအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အင်းဝတံတားသို့ သွားရောက်၍ ယာယီရုံးခန်းဖွင့််လှစ်ထားရှိမှု၊ ယာယီရှင်းလင်းဆောင်တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် မဟာအောင်မြေမြို့နယ်ရှိ ဝိဇ္ဇာလင်္ကာရကျောင်းတိုက်သို့သွားရောက်၍ ဦးစီးပဓာန နာယကဆရာတော်အား ဖူးမြော်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းတိုက်အတွင်းရှိ အလယ်တိုက်ကျောင်းတော်ကြီး၊ ဆွမ်းစားကျောင်း ဆောင်နှင့် စာသင်သားကျောင်းဆောင်နေရာများတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူ များနှင့်အတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ဉာဏဝတီသီလရှင်စာသင်တိုက် တကောင်းတိုက်သို့လည်းကောင်း၊ အမရပူရမြို့နယ် ဆင်စွယ်ပွတ် ကျေးရွာရှိ သတ္တဌာနဘုရားနှင့် တောင်လေးလုံးကျောင်းတိုက်သို့လည်းကောင်း၊ မှန်တန်းရပ်ရှိ ရှေးဟောင်းသမိုင်းဝင် သံသေကပ်ကျော် ဆုတောင်းပြည့်မြတ်စွာဘုရားသို့လည်းကောင်း၊ ဝါးတန်းမြောက်ရပ်ရှိ သက်တော်ရ၊ သက်တော်ရှည်မြတ်စွာဘုရားသို့လည်းကောင်း သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ အပျက် အစီးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ အခမဲ့ဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းထိုင် ဆရာတော်ကြီးများအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး လမ်းမကြီးကို မီးသတ်ယာဉ်များအသုံးပြု၍ ပရိတ်ရေပက်ဖျန်းခြင်းနှင့်အတူ လမ်းမကြီးနှင့် လမ်းဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
၎င်းနောက် ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက်ရှိ ကုန်းမြင့်သာစာသင်တိုက်နှင့် ရဲစုရပ်ကွက်ရှိ ဓမ္မရတနာကျောင်းတိုက်တို့ရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှု အခြေအနေ ကိုလည်းကောင်း၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ အထက(ကူမဲ)တွင် ယာယီကျောင်းဆောင် အဆောက်အအုံသုံးလုံး ဆောက်လုပ်နေမှုအခြေအနေများကိုလည်းကောင်း၊ ကူမဲမြို့အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရား စေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူသူဦးရေ ၇၃၅ ဦးရှိခဲ့ပြီး ဘိလပ် မြေအိတ် ၃၇၈၃၀၊ ၁၀ မီလီမီတာသံချောင်း ၇၆ တန်၊ ၁၆ မီလီမီတာသံချောင်း ၁၂၃ ဒသမ ၅၀ တန်နှင့် အထပ်သားပြား ၂၄၅၃ ချပ်တို့ကို စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 22, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)
Posted on May 23, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)