စိုက်ပျိုးသမျှ သစ်ပင်တို့ ရှင်သန်ရေး စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်ပေး

စိုက်ပျိုးသမျှ သစ်ပင်တို့ ရှင်သန်ရေး စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်ပေး


Ministry of Information/ Naypyitaw / March 30, 2026
image_latest


မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ ၂၀၂၄ ခုနှစ် နွေရာသီတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်များ မြင့်မားခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့၌ ယင်းနှစ် ဧပြီလ ၂၈ ရက်နေ့တွင် နေ့အပူချိန်သည် ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်မားဆုံးမြို့ ဖြစ်ခဲ့သည်။ မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့တို့သည်လည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ စာရင်းတွင် ပါဝင်ခဲ့သည်။

အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့က ၂၀၂၄ ခုနှစ် မိုးရာသီတွင် တစ်ရွာ နှစ်ဧကစိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်းနှင့် ကျေးရွာထင်းစိုက်ခင်း စုစုပေါင်း ၃၅၅၁ ဒသမ ၂ဝ ဧက၊ ပျိုးပင်ပေါင်း နှစ်သန်းကျော် (၂၀၉၂၈၄၇ ပင်)ကို ကျေးရွာပေါင်း ၈၀၉ ရွာတွင် စိုက်ပျိုးခဲ့ပြီး လမ်းဘေးဝဲယာတွင်လည်း အရိပ်ရလေကာပင်များ စိုက်ပျိုးခဲ့ကြောင်း သတင်းများတွင် တွေ့ရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း၌ မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။ အက်ဖ်အေအို ၏ ၂၀၂၀ပြည့်နှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ သစ်တောပြုန်းတီးမှုနှုန်းအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ် အတွင်း နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်း ပြုန်းတီးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် သုည ဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့ရာ သစ်တောပြုန်းတီးမှုနှုန်း လျော့ကျအောင် ထိန်းသိမ်းနိုင်ခဲ့သည်။ သို့ရာတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ အများအပြားက ဒေသများစွာတို့တွင် နိုင်ငံပိုင်သစ်တောများမှ သစ်များကို ဥပဒေမဲ့ ခုတ်လှဲထုတ်ယူရောင်းချ၍ စီးပွားရှာခဲ့ကြခြင်းကြောင့် သစ်တောများ ပျက်စီးပြုန်းတီးမှုများ ရှိခဲ့သည်။

နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်သစ်တောများမှာ အလွန်အရေးကြီးသည့် ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ စိုက်ပျိုးပြီးသည့် သစ်ပင်ပန်းပင်များ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲစွာ စိမ်းလန်းစိုပြည်နေစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုသည်။

စိုက်ပျိုးသည့် သစ်ပင်များ ရှင်သန်အောင်မြင်ရေးအတွက် ဒေသနှင့်ကိုက်ညီမည့် သစ်မျိုးမှန်ကန်စွာ ရွေးချယ်ခြင်း၊ စနစ်တကျ မြေပြုပြင်ခြင်း၊ ရေနှင့်မြေအစိုဓာတ်ရရှိခြင်း၊ စိုက်မည့်ကျင်း အရွယ်အစားမှန်ကန်ခြင်း၊ ပန္နက်အကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိခြင်း၊ မြေဆီအာဟာရပြည့်စေရန် မြေသြဇာများ ထည့်သွင်းခြင်း၊ သန်စွမ်းသည့် ပျိုးသက်နှစ်နှစ်၊ အမြင့်နှစ်ပေအထက် ပျိုးပင်များကို စိုက်ပျိုးခြင်းအားဖြင့် တစ်ပင်စိုက်ပျိုး တစ်ပင်ရှင်သန်ဖြစ်ထွန်းရန် အထောက်အကူပြုမည်ဖြစ်သည်။

ယခုကာလသည် ပူပြင်းခြောက်သွေ့သည့် နွေကာလဖြစ်ရာ သစ်ပင်စိုက်ပျိုးသည့် ကာလမဟုတ်ဘဲ စိုက်ပျိုးထားသည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေး ဂရုပြုထိန်းသိမ်းစောင့်ရှောက်ကြရမည့် ကာလ ဖြစ်သည်။ မိုးဦးကျ ဇွန်၊ ဇူလိုင်လတို့တွင် စိုက်ပျိုးခဲ့ကြသည့် သစ်ပင်၊ ပန်းပင်များမှာ စိုက်ပြီးကတည်းက စွန့်ပစ်ထားခဲ့ကြပြီး ဆက်လက် ပြုစုစောင့်ရှောက်မှု ကင်းမဲ့မည်ဆိုလျှင် ရှင်သန်မှု ရာခိုင်နှုန်း လွန်စွာနည်းမည်ဖြစ်သည်။ သစ်ပင်စိုက်ပျိုးပွဲတော်များတွင် နည်းစနစ်တကျ စိုက်ပျိုးခြင်းမပြုခဲ့၍ ရှင်သန်မှုမရှိသည့်သစ်ပင်များ၊ ကျွဲနွား တိရစ္ဆာန် များကြောင့် ပျက်စီးသွားသည့် သစ်ပင်များ၊ မြေဆီသြဇာ၊ ရေ စသည့် လိုအပ်ချက်များကြောင့် ကောင်းစွာရှင်သန်ဖြစ်ထွန်းခြင်း မရှိသည့် သစ်ပင်များ စသည်တို့ကို စိုက်ပျိုးပြီးနောက် စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်မှု အစီအစဉ်များဖြင့် ဆက်လက်ဆောင်ရွက်သွားမှသာလျှင် စိုက်သမျှသစ်ပင်တို့ ကောင်းစွာကြီးပြင်း ရှင်သန်နိုင်ကြမည် ဖြစ်သည်။

သို့ဖြစ်ရာ စိုက်ပျိုးထားသည့် သစ်ပင်၊ ပန်းပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် ဆက်လက်ပြုစုစောင့်ရှောက်ရေး၊ နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ ရာသီဥတုပြန်လည်မျှတကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း