ညီညွတ်မှုအားနဲ့ တို့ကူညီ လူသားချင်းစာနာတဲ့ ကြက်ခြေနီ

ညီညွတ်မှုအားနဲ့ တို့ကူညီ လူသားချင်းစာနာတဲ့ ကြက်ခြေနီ


Ministry of Information/ Naypyitaw / May 08, 2026
image_latest


ကြက်ခြေနီဆိုသည်မှာ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများတွင် ထိခိုက်ဒဏ်ရာရသူများ၊ ဘေးဒုက္ခခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်တင်ရေးလုပ်ငန်းများကို အကျိုးအမြတ်မမျှော်ကိုးဘဲ စေတနာ့ဝန်ထမ်းအသွင်ဖြင့် ဆောင်ရွက်သည့် နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ ကရုဏာစိတ်နှင့် ကိုယ်ချင်းစာတရားတို့ကိုအခြေခံ၍ ပေါ်ပေါက်ခဲ့သည့် ကြက်ခြေနီလုပ်ငန်းမှာ ယခုနှစ်တွင် နှစ်ပေါင်း ၁၆၃ နှစ် ပြည့်မြောက်ပြီဖြစ်သည်။

နှစ်စဉ် မေလ ၈ ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပြီး နိုင်ငံအသီးသီးတို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားများကို ကျင်းပကြသည်။ ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းကို စတင်တည်ထောင်သူ ဟင်နရီဒူးနန့်ကို ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့တွင် ၁၈၂၈ ခုနှစ် မေလ ၈ ရက်နေ့၌ မွေးဖွားခဲ့ခြင်းဖြစ်ရာ ၎င်းအားဂုဏ်ပြု၍ ၎င်း၏မွေးနေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သူသည် ၁၈၅၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းကိစ္စအတွက် အီတလီနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဆိုဖာရီနိုစစ်ပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ စစ်မြေပြင်၌ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူစစ်သားများမှာ ကူကယ်ရာမဲ့နေကြရာ ဟင်နရီဒူးနန့်က အနီးအနားရှိ ရွာမှလူများကိုစည်းရုံးကာ ကူညီပြုစုပေးခဲ့သည်။ ထို့နောက်နေရပ်သို့ ပြန်ရောက်သည့်အခါ ထိုအကြောင်းကို စာအုပ်တစ်အုပ်ရေးသား၍ နိုင်ငံခေါင်းဆောင်များကို ဖြန့်ဝေပေးခဲ့သည်။ ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red cross- ICRC) ကို တည်ထောင်ခဲ့သည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီလှုပ်ရှားမှုတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၀ ကျော်နှင့် အဖွဲ့ဝင်ပေါင်း ၁၇ သန်းကျော်တို့ပါဝင်၍ လူသားကရုဏာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။

ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့၏ ဆောင်ပုဒ်မှာ ‘‘ညီညွတ်မှုအားနဲ့ တို့ကူညီ၊ လူသားချင်းစာနာတဲ့ ကြက်ခြေနီ’’ " United in Humanity" ဟူ၍ဖြစ်သည်။ ယင်းဆောင်ပုဒ်က အကျပ်အတည်းများ၊ ဘေးအန္တရာယ်များနှင့် ပဋိပက္ခကာလများတွင် မဖြစ်မနေလိုအပ်သော အကူအညီများကို ဘက်မလိုက်ဘဲ ပေးအပ်ကူညီနေကြသည့် စေတနာ့ဝန်ထမ်းများနှင့် ၎င်းစေတနာ့ဝန်ထမ်းများ၏ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုကို အားလုံးသတိပြု မြင်တွေ့လာကြစေရန် အထူးအလေးပေးထားခြင်းဖြစ်သည်။ မည်သည့်နိုင်ငံသားဖြစ်စေ၊ မည်သို့ယုံကြည်ချက်ရှိသည် ဖြစ်စေမခွဲခြားဘဲ လူတစ်ဦးချင်းစီ၏ အသက်နှင့်ဂုဏ်သိက္ခာကို ကာကွယ်ခြင်းနှင့် လူမှုအသိုင်းအဝိုင်းအဆင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ပြုခြင်းလည်းဖြစ်သည်။ ကမ္ဘာ့ကြက်ခြေနီနေ့ လှုပ်ရှားမှုများအနေဖြင့် သွေးလှူဒါန်းခြင်း၊ ပြည်သူ့အကျိုးပြုလုပ်အားပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများအပါအဝင် အခမ်းအနားများကျင်းပသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)သည် မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးသော လူမှုကရုဏာအဖွဲ့အစည်းဖြစ်သည်။ နယ်ချဲ့ကိုလိုနီဘဝကျရောက်ချိန်ကာလ ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။ ‘‘ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန်” ဟူသော ဆောင်ပုဒ်နှင့်အညီ ဘေးဒုက္ခကျရောက်နေသူ၊ ထိခိုက်ဒဏ်ရာရနေသူစသည့် အကူအညီလိုအပ်နေသည့် မည်သူမဆို လူမျိုးဘာသာ၊ အယုတ်အလတ်အမြတ်မရွေး၊ အချိန်နေရာမရွေး ကူညီကယ်ဆယ်ဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးတွင် ယခုအခါ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ပေါင်း ၈၀၀၀၀ ကျော်နှင့် ကြက်ခြေနီအသင်းဝင် ပေါင်း ၁၄၀၀၀၀ ကျော်ရှိနေသည်။ ယင်းအနက်မှ စနစ်တကျလေ့ကျင့်ပေးထားသည့် စေတနာလုပ်အားရှင် ၁၄၀၀၀ ခန့်တို့က ကူးစက်ရောဂါဘေး၊ သဘာဝဘေးစသည့်ဘေးအန္တရာယ်ကျရောက်မှုများတွင် ကူညီကယ်ဆယ် ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့၏ နှစ် ၁၀၀ ကျော်သက်တမ်း တစ်လျှောက် စွန့်လွှတ်စွန့်စား ကူညီကယ်ဆယ်မှုများစွာရှိခဲ့သည့်အနက် သမိုင်းဝင်သည့်ဖြစ်စဉ်မှာ ၁၉၇၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ခတ်ချိုကျေးရွာအနီး တပ်မတော် မော်တော်ယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ကြက်ခြေနီတပ်ဖွဲ့ဝင် စိုင်းအောင်လှိုင်မြင့်က ရေခဲရေကဲ့သို့ အေးနေသည့် မြစ်ထဲသို့ဆင်း၍ ရေငုပ်ကာ ကားအတွင်း ပိတ်မိနေသည့် ယာဉ်မောင်းရဲဘော်ကိုကယ်ဆယ်ခဲ့ပြီး ရှေးဦးသူနာပြုနည်းဖြင့် ပြုစုပေးခဲ့သဖြင့် ယာဉ်မောင်းရဲဘော် အသက်ရှင်ခဲ့သည်။ အဆိုပါစွမ်းဆောင်မှုအတွက် ၁၉၇၇ ခုနှစ် အောက်တိုဘာ ၁၅ ရက် ရိုမေး နီးယားနိုင်ငံ ဘူခါရက်မြို့တွင် ကျင်းပသည့် (၂၃)ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီ ညီလာခံတွင် စိုင်းအောင်လှိုင်မြင့်အား ကမ္ဘာ့ကြက်ခြေနီ၏ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော ဟင်နရီဒူးနန့် ဆုတံဆိပ်ကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ထိုဆုကို စိုင်းအောင်လှိုင်မြင့် ရရှိခဲ့ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအနက် ပထမဆုံးရရှိခဲ့ခြင်းဖြစ်ပြီး အာရှတွင် ဒုတိယမြောက်ဖြစ်သည်။

မျိုးဆက်သစ် ကြက်ခြေနီလူငယ်များသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကောင်းမြတ်သောအစဉ်အလာနှင့် ဂုဏ်ဒြပ်ကို ဆက်လက်ထိန်းသိမ်းကာ လူမှုကရုဏာလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Posted on May 07, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 06, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Posted on May 05, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Posted on May 04, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on May 03, 2026
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Posted on May 7, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...

Posted on May 7, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...

Posted on May 7, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ လျှောက်လွှာတွင် မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ (နေပြည်တော်စာစစ်ဌာန)