တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး
Ministry of Information/ Naypyitaw / April 09, 2026
နေပြည်တော် ဧပြီ ၈
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးပဉ္စမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစု ပေါင်း ၃၇၂ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၆၈ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၈ ဒသမ ၉၂ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ် ၁၆ ရက်မှ စတင်ပြီး ယနေ့ပဉ္စမနေ့အထိ ကျင်းပခဲ့ပါကြောင်း၊ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကိုလည်း ၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်နှင့် ၃၁ ရက်များတွင် ကျင်းပခဲ့ပါကြောင်း၊ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန် အစည်းအဝေးကာလအတွင်း ဆောင်ရွက်ချက်များအနေဖြင့် လွှတ်တော်အစည်းအဝေးပထမနေ့တွင် သဘာပတိတင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ လွှတ်တော်အစည်းအဝေး ဒုတိယနေ့၊ တတိယနေ့နှင့် စတုတ္ထနေ့များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေကြပြီဖြစ်ကြောင်း။
ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီဖွဲ့စည်းပြီးသည့်နေ့တွင် ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ (ခ) အရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို လွှတ်တော်အခွင့်အရေးကော်မတီက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခဲ့ကြောင်း။
ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌထံမှ မတ် ၁၇ ရက်တွင် ပေးပို့သော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌထံမှ မတ် ၁၇ ရက်တွင် ပေးပို့သော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌထံမှ မတ် ၁၉ ရက်တွင် ပေးပို့သော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနဝန်ကြီးထံမှ မတ် ၂၃ ရက်တွင် ပေးပို့သော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌထံမှ မတ် ၂၃ ရက်တွင် ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်က မှတ်တမ်းတင်ခြင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပြီး အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပေးပို့တင်ပြခဲ့ရာ ယခုဆိုလျှင် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခဲ့သည့် ဒုတိယသမ္မတသည် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူအနေဖြင့် တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုပါကြောင်း၊ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလအတွင်း လွှတ်တော်အစည်းအဝေးသို့ လေ့လာသူအဖြစ်နိုင်ငံရေး ပါတီများမှ လာရောက်လေ့လာသူ ၂၁ ဦး၊ ပြည်သူလူထုလေ့လာသူ ငါးဦးလာရောက်လေ့လာခဲ့ကြပါကြောင်း။
မတ် ၁၆ ရက်ကစပြီး ဧပြီ ၈ ရက်အထိ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးများတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းအပိုင်းနှင့် စပ်လျဉ်း၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များမှာ သဘာပတိတင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ နိုင်ငံတော်သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့တွင်ပါဝင်မည့် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခြင်းနှင့် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း။
အတည်ပြုခြင်းအပိုင်းနှင့်စပ်လျဉ်း၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များမှာ ဥပဒေကြမ်းကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်း၍ တင်ပြချက်ကို အတည်ပြုခြင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်း၍ တင်ပြချက်ကို အတည်ပြုခြင်း၊ လွှတ်တော်အခွင့်အရေးကော်မတီဖွဲ့စည်းခြင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများ နှင့်စပ်လျဉ်း၍ တင်ပြချက်ကို အတည်ပြုခြင်းနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်း၍ တင်ပြချက်ကို အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း။
ဖွဲ့စည်းခြင်းအပိုင်းနှင့်စပ်လျဉ်း၍ ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များအနေဖြင့် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဖွဲ့စည်းခြင်းတို့ ဖြစ်ပါကြောင်း။
မှတ်တမ်းတင်ခြင်းအပိုင်းနှင့် စပ်လျဉ်း၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအနေဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမနေ့အစည်းအဝေးများ တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့လာသည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာငါးခုကို မှတ်တမ်းတင်ခြင်း၊ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးပထမနေ့နှင့် ဒုတိယနေ့အစည်းအဝေးများ တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလနှင့် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကျင်းပသည့် ရက်အတွင်း ဆောင်ရွက်ခဲ့သည့် ဖော်ပြပါဆောင်ရွက်ချက်များနှင့် ဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ထားရှိပြီးဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂ဝ၂၆ ခုနှစ်၊ မတ် ၁၆ ရက်တွင် စတင်ခဲ့ပြီး ယနေ့ဧပြီ ၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ဆိုသည်မှာ ပြည်သူကိုကိုယ်စားပြုခွင့်ရသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ လွှတ်တော်အဆောက်အအုံထဲတွင် “ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်’’ ဆိုသည့် ဆောင်ပုဒ်များကို နေရာအနှံ့အပြားတွင် တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
လွှတ်တော်၏ လုပ်ငန်းတာဝန်များကိုကြည့်မည်ဆိုပါက လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနှင့် သမ္မတ၊ ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်သူလူထုကိုကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို အပြန်အလှန်ထိန်းညှိခြင်းများကို တွေ့ရမည်ဖြစ်ပါကြောင်း။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလအတွင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ကို မဲပေးရွေးချယ်တင်မြှောက်ပေးလိုက်သည့် ပြည်သူများ၏ ကိုယ်စားပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို ရွေးချယ်တင်မြှောက်အတည်ပြုဆောင်ရွက်နေ ကြပြီဖြစ်သည့်အတွက် လွှတ်တော်၏ အဓိကတာဝန်များကို အချိန်တိုအတွင်း အထိုက်အလျောက်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်ချက်များအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအားလုံးကို ပြည်သူ့လွှတ်တော်က ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းပြုအပ်ပါကြောင်း။
အထူးအလေးထား ကြိုးစားဆောင်ရွက်
မကြာမီလွှတ်တော်ကို ခေတ္တရပ်နားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ရပ်နားနေစဉ်ကာလအတွင်း ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်နှင့်အညီ ရောက်ရှိရာနေရာဒေသတိုင်းတွင် ပြည်သူ့အသံကို နားထောင်ခြင်း၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ခြင်း၊ အမျိုးသားအကျိုးစီးပွားကို အလေးအနက်ထားပြီး ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်စေရန်၊ ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူကိုထာဝရကိုယ်စားပြုနိုင်ရန် အထူးအလေးထားကြိုးစားဆောင်ရွက်သွားကြစေလိုပါကြောင်း။
ထို့ပြင် ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေမည့် လုပ်ငန်းတာဝန်များကိုလည်း စိတ်ကောင်းစေတနာမှန်နှင့် ဆတက်ထမ်းပိုးထမ်းဆောင်ကြရန်လိုပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်၏ အဓိကကျသော မဏ္ဍိုင်ကြီးတစ်ခုဖြစ်သည့် ဥပဒေပြုမဏ္ဍိုင်တွင် ပါဝင်ဆောင်ရွက်နေကြသူများဖြစ်သည့်အတွက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် လုပ်ပိုင်ခွင့်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီအောင် ကြိုးပမ်းပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ရန် ဥပဒေရေးရာကိစ္စများကို အားလပ်ချိန်များတွင် လေ့လာထားရမည်ဖြစ်ပါကြောင်း။
ကိုယ်စားလှယ်ကြီးများအနေဖြင့် ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့်အတွက် မိမိကိုယ်စားပြုသည့် မဲဆန္ဒနယ်မြေနှင့် မိမိကိုယ်စားပြုရာ မဲဆန္ဒနယ်မြေအတွင်း တွင်ရှိသည့် နိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အရေးကိစ္စများကို အမြော်အမြင်ရှိစွာဖြင့် ဥပဒေနှင့်အညီ အလေးထားကြိုးပမ်းဆောင်ရွက်ကြပြီး ပြည်သူများ၏ လိုလားချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် မေတ္တာရှင်သူရဲကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားနိုင်ကြရန် ယုံကြည်မျှော်လင့်လျက်ရှိပါကြောင်း။
မကြာမီကျရောက်မည့် ၁၃၈၈ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်းဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ကျန်းမာရွှင်လန်းစွာဖြင့် ကိုယ်စားလှယ်များအားလုံးကို ပြန်လည်ဆုံတွေ့ကြပါစို့ဟု ဆန္ဒပြုရင်းနိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးပဉ္စမနေ့ကို ရပ်နားကြောင်းနှင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း လွှတ်တော်သို့အသိပေးကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်
အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Posted on Apr 9, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery...
Posted on Apr 3, 2026မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်
