တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ် လူမှုစီးပွားဘဝပိုမိုတိုးတက်မြင့်မား
တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ် လူမှုစီးပွားဘဝပိုမိုတိုးတက်မြင့်မား
Ministry of Information/ Naypyitaw / March 20, 2026
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များနှင့်အညီ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်အတွက် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသော ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သည်။ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ မတ်လ ၁၈ ရက်နေ့တွင် အမျိုးသားလွှတ်တော်တို့ကို ခေါ်ယူကျင်းပလျက်ရှိပြီး နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများအပါအဝင် လွှတ်တော်အစည်းအဝေးများကို အစီအစဉ် အတိုင်းကျင်းပလျက်ရှိရာ မကြာမီကာလအတွင်း အစိုးရအဖွဲ့သစ်ပေါ်ပေါက်လာတော့မည်ဖြစ်သည်။
ယနေ့အချိန်ကာလတွင် မြန်မာနိုင်ငံသည် ပြည်သူများလိုလားသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံအဖြစ် လျှောက်လှမ်းလျက်ရှိသည်။ ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေး၊ စည်းကမ်းလိုက်နာရေး၊ တရားဥပဒေကို လေးစားလိုက်နာကျင့်သုံးရေးနှင့် အသိဉာဏ်ပညာမြင့်မားရေးတို့ကို နိုင်ငံသားအားလုံးအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်၏ လုပ်ငန်းစဉ်များ အချိန်တိုအတွင်း ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက ပေါ်ထွက်လာသည့် နိုင်ငံတော်အစိုးရသစ်နှင့်အတူ စည်းလုံးညီညွတ်စွာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိကကျသည့် အခြေခံလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရေး စသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ အောင်မြင်စေရန် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သည်။
ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် အသိဉာဏ် ပညာပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့ဘောင်အသိုက်အဝန်း ထွန်းကားရေးအတွက် KG+9 အထိ မသင်မနေရ သတ်မှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားရေးနှင့် အတန်းပညာမှ အသိပညာပြောင်းလဲတိုးတက်လာရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ လူငယ်လူရွယ်များအား ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ပေးကာ ဘက်စုံထူးချွန်ထက်မြက်သော လူတော် လူကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပြီး အနာဂတ်အင်အားများဖြစ်အောင် တည်ဆောက်ကြရမည်ဖြစ်သည်။
ခေတ်အဆက်ဆက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းပဋိပက္ခများနှင့် နိုင်ငံတည်ငြိမ်အေးချမ်းမှု အားနည်းချက်များသည် သက်ဆိုင်သူများ၏ ပညာရေးအားနည်းမှုများကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု သုံးသပ်တွေ့ရှိနိုင်သည်။ အသိပညာအားနည်းပါက အဖျက်အမှောင့်ပယောဂများ၊ သွေးထိုးလှုံ့ဆော်မှုများနှင့်ပတ်သက်၍ ဆင်ခြင်သုံးသပ်နိုင်စွမ်းအားနည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်မှုများရှိနိုင်သည်။ ထို့ကြောင့် တိုင်းရင်းသားဒေသများအပါအဝင် တစ်နိုင်ငံလုံး ပညာသင်ယူမှုအခွင့် အလမ်းကွာခြားမှုမရှိစေရေး အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ လူငယ်လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ တိုင်းချစ်၊ ပြည်ချစ်စိတ်များ ကိန်းအောင်းပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုစိတ်နှင့် တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်များ ဖြစ်ပေါ်လာစေရေးအတွက် စနစ်တကျ လေ့ကျင့်ပျိုးထောင်ရန် လိုအပ်မည်ဖြစ်သည်။
မျက်မှောက်ကာလ ပထဝီနိုင်ငံရေး၊ စီးပွားရေးအရ မိမိနိုင်ငံ၏ ထုတ်ကုန်များ မြင့်မားတိုးတက်ရေး အလေးထားကြိုးပမ်းဝိုင်းဝန်းဆောင်ရွက်ကြပြီး မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများသည် စီးပွားရေးသက်သက်သာမက ဒေသအသီးသီးမှ လုပ်ငန်းအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာယဉ်ကျေးမှု၊ ဗဟုသုတများဖလှယ်နိုင်မှု၊ ဈေးကွက်ချိတ်ဆက်နိုင်မှုမှတစ်ဆင့် ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ရေခံမြေခံကောင်းပြီး သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝသည့် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်နိုင်မည်ဆိုပါက ဒေသခံပြည်သူများ ဝင်ငွေတိုးတက်ပြီး ဆင်းရဲနွမ်းပါးမှုများကို လျှော့ချနိုင်ကာ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်၍ ဒီမိုကရေစီနိုင်ငံနှင့် ထိုက်တန်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို အစိုးရအသစ်နှင့်အတူ လက်တွဲပူးပေါင်း မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်...
Posted on Jan 28, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
