ဒစ်ဂျစ်တယ်နည်းပညာအကူအညီဖြင့် နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်
ဒစ်ဂျစ်တယ်နည်းပညာအကူအညီဖြင့် နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်
Ministry of Information/ Naypyitaw / July 26, 2025

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများအောင်မြင်ရေးမှာ အရေးကြီးသည်။ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားပင်ဖြစ်ရာ အဆိုပါလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် အားပေးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းစီးပွားရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုတို့ မြင့်မားလာနိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ စီးပွားရေးကို ကောင်းမွန်အောင်ဆောင်ရွက်ရာတွင် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သွားရမည်ဖြစ်ပြီး MSME လုပ်ငန်းများကိုအားပေး၍ အရည်အသွေးကောင်းမွန်သည့် ပို့ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်ရန်၊ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်ရန်နှင့် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် ထုတ်ကုန်ဖြစ်ရန်တို့ကို နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။ ထို့အပြင် ကုန်ထုတ်လုပ်မှုအတွက် ကုန်ကြမ်းသည် မရှိမဖြစ်သော လိုအပ်ချက်ဖြစ်ရာ ပြည်တွင်းထွက်၊ ဒေသထွက်ကုန်ကြမ်းကို အဓိကသုံးစွဲထုတ်လုပ်ရန် မူဝါဒချမှတ်ပေးထားသည်။ ဒေသထွက် ကုန်ကြမ်းကိုအခြေခံ၍ တန်ဖိုးမြင့်ကုန်ချောများထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲမှုမှသည် ပြည်ပသို့အရည်အသွေးမြင့် ထုတ်ကုန်များ ပိုမိုတင်ပို့နိုင်သည်နှင့်အမျှ နိုင်ငံ၏စီးပွားရေးသည်လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီဆောင်ရွက်ရာတွင် နည်းပညာများ လွှဲပြောင်းပေးခြင်း၊ ကုန်စည်ပြပွဲများ ဖိတ်ခေါ်ပြသခြင်း၊ ဒေသတွင်း ထုတ်ကုန်ပြပွဲ ပြိုင်ပွဲများပြုလုပ်၍ ဆုများချီးမြှင့်ပေးခြင်း၊ လုပ်ငန်းအရွယ်အစားများ ကြီးမားလာစေရန်ဆောင်ရွက်ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်းများပေးခြင်း၊ အွန်လိုင်းဈေးကွက် ပလက်ဖောင်းများ ထူထောင်ပေးခြင်း၊ နိုင်ငံတကာကုန်ထုတ်လုပ်မှု ကွင်းဆက်များတွင် ဝင်ရောက်နိုင်ရန် အကူအညီပေးခြင်း၊ အရင်းအနှီးလိုအပ်ချက်အတွက် ချေးငွေရရှိရေးညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ဖြင့် အားပေးကူညီလျက်ရှိသည်။
နိုင်ငံတော်က အဘက်ဘက်မှ ပံ့ပိုးဆောင်ရွက်ပေးမှုများကြောင့် ပြည်တွင်း MSME ထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်လာခြင်း၊ ထုပ်ပိုးမှုများ ပိုမိုကောင်းမွန်လာခြင်းတို့နှင့်အတူ ရောင်းအား ဝယ်အားတို့လည်း များစွာတိုးတက်လာခဲ့သည်ကို တွေ့ရှိရသည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ရည်မှန်းချက်သုံးရပ်မှာ ပြည်တွင်းဖူလုံရေး၊ သွင်းကုန်အစားထိုးရေးနှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့ရေးတို့ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့် အမြင်ကျယ်ကျယ် ခေတ်မီမီနိုင်ငံတကာအဆင့်အထိ မျှော်မှန်းဆောင်ရွက်ကြရန်လိုသည်။
“ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်ခေတ်ဖြစ်သည့်အတွက် အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်များ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များက မိမိတို့၏ ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်သည့် အရည်အသွေးမီ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီးဈေးကွက် ချိတ်ဆက်ရမည်ဖြစ်ကြောင်း” အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၅)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတော် က အထူးတလည် အားပေးဆောင်ရွက်မှုများရှိသကဲ့သို့ လုပ်ငန်းရှင် များကလည်း မိမိတို့ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ ကြီးပွားတိုးတက်လာအောင် ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားကြရန်လိုသည်။ မျက်မှောက်ကာလတွင် အင်တာနက်ကိုအခြေပြု၍ ကမ္ဘာတစ်ဝန်းသို့ ပစ္စည်းများတင်ပို့ရောင်းချနိုင်သည့် ကွန်ရက်ကြီးများ ရှိနေရာ မိမိတို့၏ ကုန်ပစ္စည်းများသည် အရည်အသွေးအရရော အသွင်အပြင်အရပါ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည်ဆိုပါက အွန်လိုင်းမှ အလွယ်တကူဆောင်ရွက်နိုင်သည်။
ကမ္ဘာနှင့်ရင်ပေါင်တန်း၍ ဆောင်ရွက်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများကို နားလည်သိမြင်ခြင်း၊ ဒစ်ဂျစ်တယ် နည်းပညာများ၊ စီးပွားရေးဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်စွာ အသုံးချဆောင်ရွက်နိုင်ကြခြင်းဖြင့် ပြည်တွင်း MSME များ နိုင်ငံတကာဈေးကွက်ဆီသို့ ထိုးဖောက်ဝင်ရောက်တွင် ကျယ်နိုင်ကြပါစေကြောင်း။ ။
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Jul 23, 2025ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Jul 23, 2025ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း