ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း (၄) ကြိမ်မြောက် ဘက်စုံသဘာဝဘေးကြိုတင်သတိပေးခြင်းဆိုင်ရာ ဝန်ကြီးများအဆင့်ညီလာခံ တက်ရောက်ဆွေးနွေး
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း (၄) ကြိမ်မြောက် ဘက်စုံသဘာဝဘေးကြိုတင်သတိပေးခြင်းဆိုင်ရာ ဝန်ကြီးများအဆင့်ညီလာခံ တက်ရောက်ဆွေးနွေး
Ministry of Information/ Naypyitaw / May 11, 2025

နေပြည်တော် မေ ၁၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ မေ ၈ ရက်က သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့၌ ကျင်းပလျက်ရှိသည့် (၄) ကြိမ်မြောက် ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးခြင်းဆိုင်ရာ ဝန်ကြီးများအဆင့်ညီလာခံ (4th RIMES Ministerial Conference) သို့ တက်ရောက်သည်။
ညီလာခံဖွင့်ပွဲအခမ်းအနားသို့ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya၊ ကမ္ဘာ့နိုင်ငံအသီးသီးမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကမ္ဘာ့နိုင်ငံတကာ အဖွဲ့အစည်းအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းနာဂစ်နှင့် မိုခါမုန်တိုင်း သက်ရောက်ခဲ့မှုအခြေအနေများ၊ ရေကြီးရေလျှံမှုဖြစ်စဉ်များ၊ မြေငလျင်နှင့် ဆူနာမီသက်ရောက်ခဲ့မှုအခြေအနေများ၊ မကြာမီက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးလှုပ်ရှားမှုတွင် ထိခိုက်ဆုံးရှုံးခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး သီရိလင်္ကာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ကူညီခဲ့ခြင်းအတွက် မိမိနိုင်ငံနှင့် ပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း။
RIMES မှ မြန်မာနိုင်ငံတွင် ကြိုတင်သတိပေးစနစ် ကောင်းမွန်စေရေးအတွက် နည်းပညာနှင့် ကိရိယာများအထောက်အပံ့ပေးခဲ့မှုအခြေအနေများ၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာမှုအခြေအနေများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ကမ္ဘာပေါ်ရှိလူသားများအပါအဝင် သက်ရှိသတ္တဝါများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် ကျွန်းနိုင်ငံငယ်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် နည်းပညာများနှင့်ရန်ပုံငွေပံ့ပိုး ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ ယခုကျင်းပသည့် (၄) ကြိမ်မြောက် ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးခြင်းဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံမှထွက်ပေါ်လာသည့် ရလဒ်ကောင်းများအပေါ် မြန်မာနိုင်ငံကလည်း တက်ရောက်လာကြသည့် နိုင်ငံများနှင့်အတူ သဘာဝဘေးလျော့ပါးရေးနှင့် ဘက်စုံကြိုတင် သတိပေးစနစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၆၁ နိုင်ငံမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၊ ကမ္ဘာ့ဘဏ် (WB)၊ ကုလသမဂ္ဂသဘာဝဘေး လျော့ပါးရေးရုံး (UNDRR)၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP)၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)၊ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)၊ နိုင်ငံတကာမိုးလေဝသအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သီရိလင်္ကာနိုင်ငံမှ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (၄) ကြိမ် မြောက် ဘက်စုံ သဘာဝဘေးကြိုတင်သတိပေးခြင်းဆိုင်ရာ ဝန်ကြီးများအဆင့်ညီလာခံ (4th RIMES Ministerial Conference) ကို မေ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။