နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင် အွန်လိုင်းလောင်းကစားမှုများအား နှိမ်နင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင် အွန်လိုင်းလောင်းကစားမှုများအား နှိမ်နင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Ministry of Information/ Naypyitaw / January 20, 2025
နေပြည်တော် ဇန်နဝါရီ ၂၀
ယခုလတ်တလောတွင် ကရင်ပြည်နယ်၊ မြဝတီ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ရွှေကုက္ကိုလ်နယ်မြေသည် ၂၀၁၆ ခုနှစ်ကတည်းကပင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အကြောင်းပြ၍ စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် မီဒီယာများမှ ဖော်ပြချက်များ၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဆိုသည့်သတင်းများကြောင့် စီမံကိန်းဆက်လက်တည်ဆောက်ခြင်းအား ရပ်ဆိုင်းခဲ့သည့်ဒေသဖြစ်သည်။ အဆိုပါနယ်မြေအတွင်း၌ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေထိုင်လျက်ရှိခြင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များရှိခြင်းတို့ကြောင့် နယ်မြေဒေသ မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများအနေဖြင့် အခွင့်ကောင်းရယူကာ အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများကို ကျူးလွန်နေခြင်းဖြစ်သည်။
ထို့အပြင် ၎င်းဒေသများ၌ Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းအဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူနေခြင်းဖြစ်ကြောင်းနှင့် အခြေခံအဆောက်အဦများနှင့် ရင်းနှီးမြှုပ်နှံမှုအများစုသည်လည်း ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်းကို တွေ့ရှိရသည်။ အဆိုပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ လုပ်ဆောင်နေကြသူများသည် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ၂၀၁၅ ခုနှစ်ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
၎င်းဒေသ ထိုင်း - မြန်မာ (မဲဆောက် - မြဝတီ) နှစ်နိုင်ငံနယ်စပ်၌ ပျောက်ဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသား Mr. Wang Xing (ရုပ်ရှင်သရုပ်ဆောင်) ကို ၎င်းနှင့်ဆက်စပ်သည့် အဖွဲ့အစည်းများက အချင်းချင်းချိတ်ဆက်၍ ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်သတင်းကိုလည်း သတင်းမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စိစစ်ချက်များအရ Mr. Wang Xing ကို ထိုင်းနိုင်ငံအခြေစိုက် အနုပညာကုမ္ပဏီတစ်ခုဖြစ်သော GMM Grammy ၏ WeChat Account မှတစ်ဆင့် တရုတ်နိုင်ငံသားတစ်ဦးက ဆက်သွယ်လာပြီး ထိုင်းနိုင်ငံ၌ သရုပ်ဆောင်အဖြစ် လာရောက်လုပ်ကိုင်ရန် စည်းရုံးခဲ့သဖြင့် ဇန်နဝါရီ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ဘန်ကောက်မြို့မှ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့၊ မဲ့ကွန်းကန်ရွာအနီးရှိ သောင်ရင်းမြစ်ကမ်း (ထိုင်းနိုင်ငံဘက်ခြမ်း) သို့ရောက်ရှိပြီးနောက် လှေဖြင့် မြန်မာနိုင်ငံဘက်ခြမ်း၊ မြဝတီ - ရွှေကုက္ကိုလ်နယ်မြေသို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း။
ထို့နောက် အဆောက်အဦတစ်ခုသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး ကွန်ပျူတာစာစီစာရိုက် ကျွမ်းကျင်စေရန် ဦးစွာလေ့ကျင့်ပေးခဲ့ကြောင်းနှင့် ယင်းအဆောက်အဦ၌ တရုတ်နိုင်ငံသား ၁၀ ဦးခန့် တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ဒုတိယအဆောက်အဦတစ်ခုသို့ ဆက်လက်ရောက်ရှိခဲ့ပြီး ခေါင်းတုံးတုံးပေးခဲ့ကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်ရန် စေခိုင်းခြင်းခံခဲ့ရကြောင်း၊ အဆိုပါနေရာသည် Online လောင်းကစား လိမ်လည်သည့်နေရာဖြစ်ပြီး အဆောက်အဦအတွင်း တရုတ်နိုင်ငံသား ၅ဝ ခန့်ရှိကြောင်း၊ ယင်းနောက် မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် အဆိုပါနယ်မြေအတွင်းရှိ ၎င်းနှင့်ပတ်သက်ခဲ့သည့် အဖွဲ့အစည်းများက တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့၊ ထဆောင်လွတ်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဝမ်သခီရန်သိုင့်ကျေးရွာရှိ အမှတ် (၃၄) ဂိတ်မှတစ်ဆင့် ၎င်း တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းနောက် ညပိုင်းတွင် ဘန်ကောက်မြို့ရှိ လူကုန်ကူးခံရသူများစောင့်ရှောက်ရေးဌာန (ဒွန်မောင်းဂေဟာ) သို့ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အမှတ် (၅) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်း၊ သံတံတားအနီးတွင် တရုတ်နိုင်ငံသား Mr. Cheng Xiao Ning ပါ ၃ ဦးအား တွေ့ရှိခဲ့သဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်းတို့သည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ချိတ်ဆက်မှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ခဲ့သူများဖြစ်ပြီး အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းကို လုပ်ကိုင်နေကြရသူများဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် လစာရရှိခြင်းမရှိသဖြင့် ထွက်ပြေးလာသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အလားတူ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ နတ်သျှင်နောင်မီးပွိုင့်အနီး၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား Mr. Yin Jie နှင့် Mr. Huang Xiang တို့ ၂ ဦးအား တွေ့ရှိသဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်းတို့သည် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများပြုလုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားရရှိရန်၊ အင်တာနက်ဆက်သွယ်မှုရရှိရန်နှင့် တရားမဝင်လုပ်ငန်းအတွက် လက်နက်ခဲယမ်းများနှင့် အဆောက်အဦများရှိရန် အခြေခံလိုအပ်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ယင်းအခြေခံအချက်အလက်များကို တစ်ဖက်နိုင်ငံကို အခြေခံ၍ ရယူသုံးစွဲနေခြင်းသာဖြစ်သည်။ လုပ်ငန်းလုပ်ဆောင်နေသူများအနေဖြင့်လည်း မြန်မာနိုင်ငံမှမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံ အတွင်းသို့နယ်စပ်လမ်းကြောင်းများ တရားမဝင် ဝင်ရောက်နေထိုင်၍ ရင်းနှီးလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများပင်ဖြစ်သည်။ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ပပျောက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အတူတကွ ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်သွားရန်လို အပ်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့ကို တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိသည်။ တရားမဝင် ဝင်ရောက်နေထိုင်၍ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကျူးလွန်နေကြသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခဲ့ရာ နယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များအပါအဝင် အခြားနယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူများကို သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ဦး၊ လာအိုနိုင်ငံသို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ ထိုင်ဝမ်သို့ ၂၁ ဦး၊ စင်္ကာပူနိုင်ငံသို့ ၂ ဦး၊ ပိုလန်နိုင်ငံသို့ ၁ ဦး၊ စပိန်နိုင်ငံသို့ ၁ ဦး၊ ရုရှားနိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံသို့ ၃ ဦး၊ အီဂျစ်နိုင်ငံသို့ ၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၃ ဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၁၃ ဦး၊ အီသီယိုး ပီးယားနိုင်ငံသို့ ၂၉ ဦး၊ နီပေါနိုင်ငံသို့ ၂၆ ဦး၊ ပါကစ္စတန်နိုင်ငံသို့ ၃ ဦး၊ မြောက်အိုင်ယာလန်နိုင်ငံသို့ ၂ ဦး၊ ကာဇက်စတန်နိုင်ငံသို့ ၁ ဦး၊ ကင်ညာနိုင်ငံသို့ ၂ ဦး၊ သီရိလင်္ကာနိုင်ငံသို့ ၆၀ ဦး၊ တောင်အာဖရိကနိုင်ငံသို့ ၁ ဦး၊ ဟောင်ကောင်သို့ ၁ ဦး၊ ဆီရီယာလီယွန်နိုင်ငံသို့ ၂ ဦး၊ ဂါနာနိုင်ငံသို့ ၁ ဦး၊ ဘူရွန်ဒီနိုင်ငံသို့ ၁ ဦး၊ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ၁ ဦး၊ စုစုပေါင်း ၅၅၇၁၁ ဦးအား ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း စိစစ်ဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ စိစစ်နိုင်ရန်၊ အမြန်ဆုံး တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်နိုင်ရန်အတွက် ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ၄၁၇၆ ဦး (အမျိုးသား ၃၄၁၅ ဦး၊ အမျိုးသမီး ၇၆၁ ဦး) ကို ကူညီစုံစမ်းရှာဖွေပေးရန် သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် အကြောင်းကြားသည့်စာများ လက်ခံရရှိခဲ့သည်။ ၂၀၂၅ ရက် ဇန်နဝါရီ ၁၉ ရက်အထိ အမျိုးသား ၉၅၈ ဦး၊ အမျိုးသမီး ၃၃၄ဦး ပေါင်း ၁၂၉၂ ဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ၁၂၈၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခဲ့ပြီးဖြစ်ကာ ဗီယက်နမ် ၅ ဦး၊ ပါကစ္စတန် ၁ ဦး ၊ တရုတ် ၂ ဦး ပေါင်း ၈ ဦးလွှဲရန်ကျန်ရှိကြောင်း၊ ကျန်ရှိသူ ၂၈၈၄ ဦးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးလျက်ရှိသည်။ မြန်မာ - တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ Online Scam Center များကို တားဆီးနှိမ်နင်းမှု ၂ ကြိမ် ဆောင်ရွက်ခဲ့သည်။ ပထမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်မှ ၃၁ ရက်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဆောင်ရွက်ခဲ့သည်။
Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့်ပတ်သက်၍ လုပ်ဆောင်နေသူများသည် သာမာန်လူများ မဟုတ်ကြဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လောင်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းပင်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ခဲ့မှုအရ တရုတ်များက မြန်မာများကို လိမ်ခြင်းမဟုတ်သကဲ့သို့ မြန်မာများက တရုတ်များကို လိမ်ခြင်းလည်းမဟုတ်ပါ၊ ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုမှ မိမိတို့နှစ်နိုင်ငံလုံးကို လိမ်နေခြင်းပင်ဖြစ်သဖြင့် အပြစ်ရှိသူများကို ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ပြီး အကာအကွယ်ပေးသူများကိုလည်း အရေးယူရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်နေကြသူများသည် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိသဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များရှိသည့်ဒေသများကို ပစ်မှတ်ထား၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများနှင့် ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိကြသဖြင့် နိုင်ငံတော်အနေဖြင့် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိသည်။ ဒေသဆိုင်ရာအဖွဲ့အစည်းများ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း ၎င်း Online လိမ်လည်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များရရှိပါက သက်ဆိုင်ရာသို့ ပေးပို့ခြင်းဖြင့် Online လောင်းကစားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ပူးပေါင်းတိုက်ဖျက်သွားကြပါရန် သတင်းထုတ်ပြန်အပ်ပါသည်။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 19, 2025
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Jan 20, 2025နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၂၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Jan 20, 2025စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Posted on Jan 18, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း