နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေး ပထမနေ့ ကျင်းပ
နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေး ပထမနေ့ ကျင်းပ
Ministry of Information/ Naypyitaw / June 28, 2025

ရန်ကုန် ဇွန် ၂၇
နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
တက်ရောက်ကြည်ညို
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
ဆက်ကပ်လှူဒါန်း
အစည်းအဝေးမစတင်မီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဇောတိဿရက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
ဦးစွာ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူသည်။ (သာရဏီယဩဝါဒကထာကို စာမျက်နှာ(၇)တွင် ဖော်ပြထားပါသည်။)
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် “ယခုအစည်းအဝေးသည် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ဒုတိယအဖွဲ့ခွဲ)၏ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာဆောင်ရွက်ချက်များ အစီရင်ခံတင်ပြခြင်း၊ အဆုံးအဖြတ်ခံယူခြင်းများ ဆောင်ရွက်သော အစည်းအဝေးဖြစ်သည်ဟု သိရှိရပါကြောင်း၊ အသစ်ဖွဲ့စည်းတာဝန်ပေးအပ်ထားသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် အဖွဲ့ဝင်အသစ်၊ အတွေးအမြင်သစ်၊ အယူအဆသစ်များကို ထေရဝါဒဓမ္မဝိနယများနှင့်လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲ၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေများနှင့် ဆန့်ကျင်သွေဖည်မှုမရှိစေဘဲ ဆုံးဖြတ်ဆောင်ရွက်၍ သံဃာ့အဖွဲ့အစည်းကြီးကို ထိန်းကျောင်းသွားမည်ဟု အလေးအနက်ယုံကြည်ပါကြောင်း လျှောက်ထားသည်။
တင်သွင်းလျှောက်ထား
ယင်းနောက် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ ဒွိပိဋကဓရ ပိဋကတ္တယပါရဂူ ဘဒ္ဒန္တသိရီ ကဉ္စနာဘိဝံသက တင်သွင်းလျှောက်ထားပြီး နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသဝကလည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဝေဠုရိယကလည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။
ဆက်လက်၍ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေး ပထမနေ့ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပခဲ့ပြီး သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စရပ်များကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုနှင့် ဓမ္မမိတ်ဆွေများက အရုဏ်ဆွမ်း၊ နေ့ဆွမ်းတစ်နေ့တာဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Posted on Jun 26, 2025အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 25, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း