နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
Ministry of Information/ Naypyitaw / May 14, 2025

နေပြည်တော် မေ ၁၃
၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သောပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
ယခုအခါ မေလ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘရာဇီးနိုင်ငံနှင့် ဗင်နီဇွဲလားဘိုလီဗာရီယန်သမ္မတနိုင်ငံတို့မှ ထပ်မံပေးပို့လှူဒါန်းလာသော တာပေါ်လင်/ မိုးကာစ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ရေသန့်စက်၊ ဆေးနှင့်ဆေးပစ္စည်းများအနက် ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန)သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ ဖြန့်ခွဲပေးပို့ပြီးဖြစ်ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဒီဇယ်ဆီ တန် ၃၀၀၀၀၊ ဓာတ်ဆီ တန် ၂၀၀၀၀ အနက် ဒီဇယ်ဆီ တန် ၁၈၀၀၀ သည် ၂-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ဓာတ်ဆီတန် ၁၇၀၀၀ သည် ၇-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိခဲ့ရာ စွမ်းအင်ဝန်ကြီးဌာနက စနစ်တကျ သိမ်းဆည်းသိုလှောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။
ယာယီရုံးအဖြစ် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated Office အလုံး ၅၀၀ အနက် အလုံး ၃၄၀သည် ၂-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ ၂၁၆ လုံးကို နေပြည်တော်သို့ ၆-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးသို့ အလုံး ၈၀ နှင့် နေပြည်တော်သို့ ၄၄ လုံးတို့ကို ၁၂-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း မြန်မာ့မီးရထားဖြင့် သယ်ဆောင်ခဲ့ပြီးဖြစ်၍ ယာယီရုံးခန်းများအဖြစ် အသုံးပြုနိုင်ရန် ဖြန့်ခွဲဆောင်ရွက်လျက်ရှိပါသည်။
ယာယီနေအိမ်အဖြစ် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated House အလုံး ၄၅၀၀ အနက် ၁၅၇၆ လုံးသည် ၉-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ ၂၁၆ လုံး၊ နေပြည်တော်သို့ ၁၈၄ လုံးတို့ကို ၁၁-၅-၂၀၂၅ ရက်နေ့တွင် မြန်မာ့မီးရထားဖြင့် ပို့ဆောင်ခဲ့ရာ ၁၂-၅-၂၀၂၅ ရက်နေ့တွင် ရောက်ရှိခဲ့ပါသဖြင့် ဖြန့်ခွဲဆောင်ရွက်လျက်ရှိပြီး ထပ်မံပို့ဆောင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ရက်သတ္တပတ် ၁ ပတ်အတွင်း လက်ခံရရှိသော လှူဒါန်းပစ္စည်းများ ခွဲဝေထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများကို နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဝန်ကြီးဌာန တို့၏အစီအစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့်လည်းကောင်း ခွဲဝေထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိလှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၇ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၂၉ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၉ စီး ဖြစ်ပါသည်။
နိုင်ငံတကာအလှူရှင်များက ၅-၅-၂၀၂၅ ရက်နေ့ မှ ၁၂-၅-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း ပေးပို့လှူဒါန်းသည့်ပစ္စည်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့်ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့ထားမှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ ပတ်လျှင် ၁ ကြိမ် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်
ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့်...
Posted on May 13, 2025Travel Advisory (1/2025)
Posted on May 12, 2025ခရီးသွားအကြံပြုချက် (၁/၂၀၂၅)
Posted on May 12, 2025