နိုင်ငံတော်ကာကွယ်စောင့်ရှောက် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်
နိုင်ငံတော်ကာကွယ်စောင့်ရှောက် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်
Ministry of Information/ Naypyitaw / February 21, 2026
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ ဦးတည်ချက်များချမှတ်ပြီး အရေးပေါ်ကာလဆိုင်ရာလုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသည့်ပါတီအား နိုင်ငံတော်၏တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု အသိပေးထားသည်။
နိုင်ငံတော်၏တာဝန်ကို စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ဆူပူဆန္ဒပြမှုများမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများအထိ ဖြစ်ပေါ်ခဲ့သည်။ တပ်မတော်အနေဖြင့် ဆူပူဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဆူပူဆန္ဒပြမှုများလျော့ပါးသွားသော်လည်း လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် နိုင်ငံ့တာဝန်ယူထားသည့် နှစ်နှစ်တာကာလအတွင်း ရွေးကောက်ပွဲကျင်းပခြင်း မပြုလုပ်နိုင်ခဲ့ပေ။ အလားတူ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ ဆိုးရွားသည့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ခြင်းနှင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ခြောက်လခန့်ကာလအတွင်း အလျင်အမြန်ဆောင်ရွက်ခဲ့သည်။
တပ်မတော်အနေဖြင့် နိုင်ငံအတွင်း လှိုင်းကြီးလေထန်မုန်တိုင်းထန်သကဲ့သို့ ခက်ခဲကြမ်းတမ်းသောအခြေအနေများကို ယခုမှကြုံတွေ့ခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာလမှစ၍ သမိုင်းကြောင်းတစ်လျှောက်၌ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးမတည်ငြိမ်မှုများ၊ တိုင်းပြည်ပြိုကွဲမည့်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များ စသည့် နိုင်ငံတော်နှင့်ပြည်သူကို ထိခိုက်မည့်အခြေအနေများမှ ကာကွယ်စောင့်ရှောက်ပေးပြီး နိုင်ငံတော်ကို ပြန်လည်တည့်မတ်တည်ဆောက်ပေးခဲ့သည်။ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သော်လည်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးကို ဆောင်ရွက်ရမည်မှာ အစိုးရ၏တာဝန်ဖြစ်သော်လည်း နိုင်ငံ၏လိုအပ်ချက်အရ တပ်မတော်အနေဖြင့် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်သည်။
လက်ရှိကာလတွင် တိုင်းပြည်အခြေအနေ သိသာတိုးတက်ကောင်းမွန်လာသည့်အလျောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကိုစတင်ကျင်းပပြီး အပိုင်းသုံးပိုင်းခွဲကာပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲပြုလုပ်ရာတွင် တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်ရေး၊ ဆန္ဒမဲပေးရာတွင် မဲမသမာမှုများမရှိစေရေး၊ အဆင်ပြေချောမွေ့ရေး စသည့် အဘက်ဘက်မှလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သဖြင့် ရွေးကောက်ပွဲတွင် ပြည်သူများ အဆင်ပြေချောမွေ့ပြီး တက်တက်ကြွကြွပါဝင်မဲပေးခဲ့ကြသည်။
မကြာမီကာလတွင် လွှတ်တော်အခင်းအကျင်းများ စတင်ဆောင်ရွက်ကာ လွှတ်တော်လုပ်ငန်းစဉ်များနှင့်အညီ အစိုးရသစ်ပေါ်ထွန်းပြီး ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်တော့မည်ဖြစ်သည်။ တပ်မတော်အနေဖြင့် အစိုးရများ မည်သို့ပင်ပြောင်းလဲပေါ်ထွန်းလာသည်ဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သမိုင်းအစဉ်အလာမပျက် ဆက်လက်ကျေပွန်စွာထမ်းဆောင်နေမည်ဖြစ်သည်။
နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင်ပြုလုပ်နေသည့် အကြမ်းဖက်အဖျက်သမားများ ချုပ်ငြိမ်းရေးအတွက် တပ်မတော်၊ နိုင်ငံတော်အစိုးရနှင့်အတူ အားလုံးဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးအရ ဖြေရှင်းရမည်ဖြစ်သော်လည်း အကြမ်းဖက်လုပ်ရပ်လုပ်ကိုင်နေမှုများကို ရပ်တန့်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။ လက်နက်အားကိုးဖြင့် ဒေသခံပြည်သူများအား အတိဒုက္ခရောက်အောင်၊ ကိုယ်ကျိုးစီးပွားဖြစ်ထွန်းအောင် လုပ်ဆောင်နေမှုများကြောင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်နေသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းတိုက်ဖျက်သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းသစ်ကို ဖော်ဆောင်ပေးခဲ့ပြီးနောက် နိုင်ငံတော်ကာကွယ်ရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ဒီမိုကရေစီနိုင်ငံသစ်ကို အစိုးရနှင့်ပြည်သူ အတူလက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
Posted on Feb 21, 2026စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
Posted on Feb 21, 2026တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
Posted on Feb 21, 2026တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
