နိုင်ငံတော်ဂုဏ်သိက္ခာအချုပ်အခြာ တွဲဆက်ခိုင်မြဲထာဝစဉ်လက်တွဲ

နိုင်ငံတော်ဂုဏ်သိက္ခာအချုပ်အခြာ တွဲဆက်ခိုင်မြဲထာဝစဉ်လက်တွဲ


Ministry of Information/ Naypyitaw / February 10, 2026
image_latest


‘အရေးကြီး သွေးနီး’၊ ‘အရေးကြုံ သက်လုံကောင်း’ ရမည်ဆိုသကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် နိုင်ငံသူ နိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားကို ထိပါးလာသောအရေးကိစ္စတွင် စည်းလုံးညီညွတ်စွာဖြင့် စနစ်တကျကြိုးပမ်းဆောင်ရွက်မှုများကို ကျေးဇူးအထူးတင် ဂုဏ်ယူအသိအမှတ်ပြု ကြရမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲခဲ့သောအမှုနှင့် ပတ်သက်၍ မြန်မာပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ အပြည့်အဝထောက်ခံရပ်တည်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှုနှင့် ကိုယ်ခံစွမ်းအားများကို သက်သေထူပြနိုင်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နောက်ဆုံးအဆင့်နှုတ်ဖြင့် စစ်ဆေးကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြည့်စုံသည့် ကြိုတင်ပြင်ဆင်မှုများရှိခဲ့သောကြောင့် ခိုင်မာအားကောင်းစွာ ကာကွယ်ချေပလျှောက်လဲနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုက သောင်းသောင်းဖြဖြ ထောက်ခံအားပေးဂုဏ်ပြုကြိုဆိုခဲ့ကြသည့်နည်းတူ နိုင်ငံတော်အစိုးရကလည်း နိုင်ငံတော်ကို ကိုယ်စားပြုပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုကြိုဆိုခဲ့ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဂုဏ်ပြုညစာစားပွဲတွင် နိုင်ငံတော်အကြီးအကဲက “နိုင်ငံငယ်များအနေဖြင့် ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နေကြရသည့် မျက်မှောက်ခေတ်အင်အား နိုင်ငံရေးနိုင်ငံတကာအခင်းအကျင်းတွင် မည်ကဲ့သို့ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရသည်ဖြစ်စေ မိမိတို့နိုင်ငံ၏ အသက်တမျှအရေးပါသည့် အကျိုးစီးပွားများဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် နိုင်ငံသားပြည်သူလူထုတို့အကြား ယခုဖြစ်စဉ်မှာကဲ့သို့ပင် အတူတကွစည်းလုံးညီညွတ်စွာ လက်တွဲစောင့်ရှောက်ကာကွယ်သွားကြရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအမှုကိစ္စသည် ယခင်အစိုးရလက်ထက်က ပေါ်ပေါက်ခဲ့သော အမှုကိစ္စဖြစ်သည်။ ၂၀၂၁ ခုနှစ် နှစ်လယ်ခန့်တွင် အပြည်ပြည်ဆိုင်ရာတရားရုံးက ဆက်ခံဆောင်ရွက်နိုင်ရေးဆက်သွယ်လာခဲ့သည်။ ထိုကာလသည် နိုင်ငံတကာနှင့် ပြည်တွင်းအခြေအနေများအရ မြန်မာနိုင်ငံအတွက် ပြည်တွင်း၊ ပြည်ပဖိအားများနှင့် စိန်ခေါ်မှုများပြားနေသည့်အချိန်ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လက်အောက်ခံအဖွဲ့အစည်းများတွင် မြန်မာနိုင်ငံအစိုးရကို တရားဝင်အသိအမှတ်ပြုရန် တွန့်ဆုတ်နေကြပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် သစ္စာဖောက်ဘက်ပြောင်းသွားသည့်အတွက် နိုင်ငံတကာစင်မြင့်တွင် ပြောရေးဆိုခွင့် ဆုံးရှုံးနေသည့် အချိန်ဖြစ်သည်။ အာဆီယံတွင်လည်း မြန်မာအစိုးရခေါင်းဆောင်များကို နိုင်ငံရေးအရ ဘေးဖယ်ထားသောအချိန်ဖြစ်သည်။

ပြည်တွင်း၌လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ပြင်းထန်ပျံ့နှံ့နေသကဲ့သို့ မင်းမဲ့စရိုက်ဆန်သည့်ဆူပူမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြင်းထန်နေသည့်အချိန်ဖြစ်သည်။ ထိုကာလတွင် ယင်းအမှုကို ဆက်ခံဆောင်ရွက်ပါက ဖြစ်လာနိုင်သည့် အကောင်းအဆိုးအကျိုးအပြစ်ကို လေ့လာချိန်ဆပြီးမှ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ အချိန်ကာလအခြေအနေအရ အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် မူလချမှတ်ထားသည့် မဟာဗျူဟာအတိုင်း အချိန်လုံလောက်မှုရှိခဲ့ပြီး အမှုအတွက် ပြင်ဆင်မှုများကို ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာလုပ်ဆောင်နိုင်ခဲ့သည်။ အမှန်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံ ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် ယခုအမှုသည် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တစ်သင်းတစ်ဖွဲ့ကို စွဲဆိုခြင်းမဟုတ်ဘဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို စွဲဆိုခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၊ ပြည်သူလူထုနှင့် နိုင်ငံအစိုးရတို့အပါအဝင် တစ်နိုင်ငံလုံးကို တရားပြိုင်အဖြစ် စွဲဆိုခြင်းဖြစ်၍ နိုင်ငံ၏ဂုဏ်သိက္ခာ၊ ပြည်သူလူထုတစ်ရပ်လုံး၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ပတ်သက်နေသဖြင့် မြန်မာနိုင်ငံအတွက် အထူးအရေးကြီးသည့်ကိစ္စဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုဖြစ်သော်လည်း ယင်းစိန်ခေါ်မှုမှ “အရေးကြီးပြီ သွေးစည်းကြစို့” ဆိုသည့်အတိုင်း မြန်မာနိုင်ငံအပေါ် မတရားစွပ်စွဲခဲ့သည့် ယခုအမှုကို မြန်မာပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ စည်းစည်းလုံးလုံးလက်တွဲပြီး နိုင်ငံချစ်စိတ်နှင့်မိမိနိုင်ငံဘက်မှ အပြည့်အဝရပ်တည်ထောက်ခံခဲ့ကြသဖြင့် အမျိုးသားစည်းလုံးညီညွတ်မှုကို သက်သေထူနိုင်ခဲ့သည်။ ထို့အပြင် နှစ်ပေါင်းများစွာရှိနေခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းပြဿနာ၏ အရင်းအမြစ်တစ်ခုဖြစ်သည့် နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားသည့် အမည်အမှတ်သရုပ်လက္ခဏာတစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်တွင် အထောက်အထားခိုင်ခိုင်မာမာဖြင့် တင်ပြခွင့်ရခဲ့သည့် သွေးစည်းမှုကို တည်ဆောက်နိုင်ခဲ့ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Feb 10, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Posted on Feb 09, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 08, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Posted on Feb 07, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Posted on Feb 06, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Posted on Feb 04, 2026