နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / September 16, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မြကန်ရေလှောင်တမံ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ်၊ ခရစ်နှစ် ၁၀၈၈ ခုနှစ်၊ ပုဂံခေတ်ရှေးမြန်မာမင်းများလက်ထက်ကတည်းက ကျန်စစ်သားမင်းကြီးတည်ဆောက်ခဲ့သည့် မြကန်ရေလှောင်တမံသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်ခန်းမတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန် (၉၁) ကန်အနက် တူးဖော်ပြီး၊ တူးဖော်ဆဲ၊ ဆက်လက်တူးဖော်ရန်ကျန်နှင့် တူးဖော်ရန်မလိုသည့် ရေကန်များ၏အခြေအနေများ၊ ဝန်ကြီးဌာနများမှ တာဝန်ယူဆောင်ရွက်သည့်ရေကန်များနှင့် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက်သည့်ရေကန်များ၏အခြေအနေများ၊ ရေဝင်ရေထွက်လမ်းကြောင်းများကို လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိသောကြောင့် ရာဂိမုန်တိုင်းဖြစ်ပေါ်ခဲ့ချိန် မိုးသည်းထန်စွာရွာသွန်းခဲ့ချိန်၌ သတ်မှတ်လမ်းကြောင်း များအတိုင်းစီးဝင်ခဲ့မှု၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက် တို့တွင် မိုးရေချိန် စုစုပေါင်း ၁၀ ဒသမ ၇၁ လက်မအထိရှိခဲ့သော်လည်း ရေဝင်ရေထွက်လမ်းကြောင်းများရှင်းလင်းခြင်းနှင့် ရေကန်များကို ကြိုတင်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ သတ်မှတ်လမ်းကြောင်းများနှင့် ရေကန်များအတွင်းသို့ စီးဝင်ခဲ့မှု၊ မိုးသည်းထန်စွာရွာသွန်းခဲ့ချိန်၌ သာသနာရေးဆိုင်ရာ အဆောက်အဦ ၁၂ ခုသာ မိုးရေစိမ့်ဝင်မှုကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ရေဝင်ရေဝပ်မှုကြောင့် ပျက်စီးခဲ့ခြင်းမရှိသည်ကို တွေ့ရှိရသည့်အခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် မေလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သို့လာရောက်စဉ် ပုဂံဒေသစိမ်းလန်းစိုပြေရေးနှင့် ရေဝင်ရေထွက်ကောင်းမွန်စေရေးအတွက် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ မြကန်ရေလှောင်တမံဆိုင်ရာ အချက်အလက်များနှင့် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြကန်တမံအား ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအရ ရေစိမ့်ယိုမှုအနည်းငယ်နှင့် ရေငွေ့ပျံမှုများပြားခြင်းတို့ကြောင့် ရေသိုလှောင်ထားနိုင်မှု နည်းပါးလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက်လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများနှင့် ရေဝင်လမ်းကြောင်းများကို ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြကန်အတွင်းရေဝင်ရောက်လျက် ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကမြကန်သည် သမိုင်းတွင်ထင်ရှားခဲ့သည့် ကန်ကြီးဖြစ်သည့်အတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေယိုစိမ့်မှုမရှိစေရေးထိန်းသိမ်း ခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ရေစီးရေလာကောင်းမွန်မှုရှိစေရေး၊ ရေဝင်ရေထွက်ကောင်းမွန်စေရေး အဓိကထားဆောင်ရွက်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကိုမှာကြားသည်။

ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူနှင့် တာဝန်ရှိသူများက တုရင်တောင်စိမ်းလန်းစိုပြေရေး လုပ်ငန်းစီမံကိန်း ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ တုရင်တောင်ကြောအပါအဝင် ပုဂံဒေသစိမ်းလန်းစိုပြေရေးအတွက် ရှေးဟောင်းနေရာများနှင့် ကင်းလွတ်သည့်နေရာများတွင် သစ်ပင်များစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် သစ်ပင်များရှင်သန်ဖြစ်ထွန်းမှု၊ မိတ္ထီလာမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများတည်ဆောက်ထားမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်က အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်၊ သစ်တောများစိုက်ပျိုးရာတွင် သမရိုးကျစိုက်ပျိုးသည့်နည်းစနစ်များအပြင် သစ်ပင်သစ်တော ထုရရှိစေရေးအတွက်လည်း နည်းလမ်းများရှာဖွေ၍ စိုက်ပျိုးကြရန်လိုအပ်မှုများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြကန်ရေလှောင်တမံဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ဇေယျဝတီ(ဇယဝေရီ)ကန်

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အရှေ့ဖွားစောကျေးရွာအနီးရှိ ဇေယျဝတီ (ဇေယျဝေရီ) ကန်သို့ ရောက်ရှိကြရာ ရေဝင်ရောက်နေမှုအခြေအနေများနှင့် ရေဝင်ရောက်လာလမ်းကြောင်းတွင် နုန်းစစ်ကန်များ ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ရေဝင်ရောက်လာလမ်းကြောင်းများအား စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေး၊ ရေကန်ကြံ့ခိုင်မှုအား စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားသည်။

မင်္ဂလာကန်အမှတ် (၃) (မွန်းတိမ်းကန်)

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အနောက်ဖွားစောကျေးရွာအနီးရှိ မင်္ဂလာကန်အမှတ် (၃) (မွန်းတိမ်းကန်) အတွင်း ရေဝင်ရောက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရေဝင်ရောက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေလှောင်ကန်များအားလုံး၏ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ဆည်ရေသောက်ဧရိယာတစ်လျှောက်လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှုမရှိစေရေး၊ ရေဝင်ရေထွက်ကောင်းမွန်စေရေးစနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေလှောင်တမံများ၊ ရေကန်များရှိ ရေထိန်းတမံဧရိယာများအတွင်း ရေထိန်းတမံထိန်း သစ်ပင်များစိုက်ပျိုးထားရန်လိုကြောင်း၊ ကန်များအနီးပတ်ဝန်းကျင်တွင် စိုက်ပျိုးသီးနှံ စိုက်ပျိုးခြင်းများဆောင်ရွက်မှုကြောင့် ရေကန်အတွင်းသို့ ရေဝင်ရောက်မှုလျော့နည်းနိုင်သည့်အတွက် သီးနှံစိုက်ပျိုးမှုများကို သတ်မှတ်အကွာအဝေးတွင်သာရှိစေရေး စည်းကမ်းများ၊ ဥပဒေများနှင့်အညီ တားမြစ်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ယခု ရေကန်များအတွင်း ယခုကဲ့သို့ ရေများစုဆောင်းထားရှိနိုင်သည့်အတွက် သုံးရေအတွက် အထောက်အကူပြုစေနိုင်မည်ဖြစ်သကဲ့သို့ ပုဂံဒေသစိမ်းလန်းစိုပြေရေးအတွက်လည်း အကျိုးရှိစေနိုင်မည်ဖြစ်သဖြင့် တမံများ၊ ရေကန်များကို စနစ်တကျဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး၊ စိမ်းလန်းစိုပြည်၍ ခရီးသွားများအားဆွဲဆောင်နိုင်ရေးအတွက် ရှေးဟောင်းရေကန်များအားပြန်လည် တူးဖော်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီတာဝန်ရှိသူများက စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိပြီး ထာဝရကုသိုလ်ဖြစ်သည့် ရေကန်များပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် စေတနာရှင်ပြည်သူများအနေဖြင့်လည်း တစ်တပ်တစ်အားပါဝင်လှူဒါန်း ကုသိုလ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Jan 13, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 12, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Posted on Jan 11, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Posted on Jan 10, 2025