နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းများအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းပွဲ ကျင်းပ
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းများအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းပွဲ ကျင်းပ
Ministry of Information/ Naypyitaw / April 25, 2026
နေပြည်တာ် ဧပြီ ၂၄
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းများအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၁၇) ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကျင်းပသည်။
နိုင်ငံ့အကျိုးကို ရှေးရှု
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ပါရှိသော လမ်းညွှန်မှာကြားချက် များကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အရည်အချင်းပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် စနစ်တကျရွေးချယ်ပေးခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် စံတန်ဖိုးများကို စိမ့်ဝင်စေ၍ ခံယူချက်စိတ်ဓာတ် မြင့်မားစေရန် ဆောင်ရွက်ပေးခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကိစ္စများနှင့်ပတ်သက်၍ သဘောထားမှတ်ချက် ပြန်ကြားခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများသည် နိုင်ငံတည်ရှိသရွေ့ ထာဝရရှိနေရမည်ဖြစ်သည့်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံဝန်ထမ်းအဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်းများသည် ကဏ္ဍအလိုက်၊ အဆင့်အလိုက် လုပ်ငန်းများ စဉ်ဆက်မပြတ် မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးကို ရှေးရှု၍ အမျိုးသားအကျိုးစီးပွားကို မြှင့်တင်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။
အသိပညာပေး ဆွေးနွေးပို့ချသွားမည်
အစိုးရ၏ ရက် ၁၀၀ စီမံကိန်းနှင့် မူဝါဒ၊ ရည်မှန်းချက်များအပေါ် ကဏ္ဍအလိုက်၊ အဆင့်အလိုက် လိုက်ပါအကောင်အထည်ဖော်ရသော ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိ နိုင်ငံ့ဝန်ထမ်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် လိုက်ပါတာဝန် ထမ်းဆောင်နိုင်ရေး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် အသိပညာပေးဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များရှိ အဆင့်အလိုက် တက်ရောက်ရသော သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများအား အစိုးရသစ်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် ကိုက်ညီစေရန် ပြင်ဆင်၍ အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းနှင့်ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိနားလည်ပြီး ပြည်သူ့အကျိုးကို ရှေးရှုသော၊ တာဝန်ကျေပွန်စွာ ထမ်းဆောင် နိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်စေရေး ဦးတည်လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
အဆိုပါရှင်းလင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Posted on Apr 24, 2026ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။
