နေပြည်တော်ရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ
နေပြည်တော်ရှိ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ
Ministry of Information/ Naypyitaw / June 03, 2025

နေပြည်တော် ဇွန် ၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့တွင် စတင်ဖွင့်လှစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ သတ်မှတ်အချိန်ဇယားများအတိုင်း ပြဋ္ဌာန်းဘာသာရပ်များကို သင်ကြားလျက်ရှိသည်။
ထိုသို့ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းတက်ရောက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများအနေဖြင့် စာသင်ခန်းအတွင်း၌ စာသင်ခုံများ စနစ်တကျနေရာချထားခြင်း၊ ဘာသာရပ်အလိုက် စာသင်ချိန်ဇယားများ စနစ်တကျ စီမံထားခြင်း၊ ကျောင်းတက်၊ ကျောင်းဆင်းအချိန်စာရင်းများ အသိပေးကြေညာထားခြင်း၊ ကျောင်းသား ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန်နှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားခြင်း၊ ပညာရေးဝန်ကြီးဌာနက ချမှတ်ထား သည့် အသိပေးကြေညာချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များစိုက်ထူထားခြင်း၊ ကျောင်းကြို၊ ပို့ယာဉ်များ စီစဉ်ထားခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပေးခြင်းတို့ကို ပြည့်စုံစွာ စီမံဆောင်ရွက်ထားကြသည်။
ယနေ့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက “ဒီနှစ် ကျောင်းသား ကျောင်းသူအပ်နှံစာရင်း ၂၁၁၉ ဦးရှိပါတယ်။ မနှစ်က ကျောင်းသားဦးရေနဲ့ နှိုင်းယှဉ်ရင် ၁၇ ရာခိုင်နှုန်းလောက် ကွာဟမှုရှိပေမယ့် ကျောင်းအပ်လက်ခံနေသေးတဲ့အတွက် ရာခိုင်နှုန်းပြည့်မီမယ်လို့ ခန့်မှန်းပါတယ်။ မနက် ၈ နာရီခွဲ ကျောင်းတက်မှာဖြစ်ပြီး ညနေ ၃ နာရီ ၄၅ မိနစ် ကျောင်းဆင်းမှာဖြစ်တဲ့အတွက် တစ်ချိန်တက်ကျောင်းဖြစ်ပါတယ်။ အရင်နှစ်တွေမှာ ကျောင်း အကြို၊ အပို့ ကားတွေကို လမ်းကြောင်းငါးကြောင်း ပြေးဆွဲပါတယ်။ ဒီနှစ်မှာတော့ မန္တလေးငလျင်ကြောင့် မိဘတွေ ရွှေ့ပြောင်းနေထိုင်ကြရတဲ့အတွက် လမ်းကြောင်းသုံးကြောင်းပြေးဆွဲပြီး ကားအစီးရေ ထပ်မံဖြည့်တင်းသွားမှာဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းနဲ့ ညွှန်ကြားချက်အရ အတန်းအချိန်ဇယားတွေမှာ စာဖတ်ချိန်နဲ့ ဥပဒေဘာသာရပ်အပါအဝင် စာသင်ချိန် ရှစ်ချိန်ထည့်သွင်းရေးဆွဲထားပါတယ်။ နိုင်ငံသားတိုင်း အသက် ၁၈ နှစ်ပြည့်ပြီးရင် နိုင်ငံတော်ရဲ့ ဥပဒေအကြောင်းအရာကို သိရှိရမှာဖြစ်တဲ့အတွက် ဥပဒေဘာသာရပ်ကို အထက်တန်းအဆင့် Grade -11 နဲ့ Grade -12 အတွက် ထည့်ဆွဲထားပါတယ်။ အခမဲ့ပညာရေးစနစ်ဖြစ်တဲ့အတွက် မိဘတိုင်းက မိမိတို့ရဲ့ သား၊ သမီးများကို နီးစပ်ရာ ကျောင်းတွေမှာ ကျောင်းအပ်နှံကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောကြားသည်။
အခမဲ့ပညာရေးစနစ် ဆောင်ရွက်ပေးထား
နိုင်ငံတော်အနေဖြင့် ကျောင်းသား ကျောင်းသူများအား အခမဲ့ပညာရေးစနစ် ဆောင်ရွက်ပေးထားသည့်အတွက် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိသည့်အပြင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသုံးဗလာစာအုပ်၊ ဖတ်စာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကိုလည်း အခမဲ့ဖြန့်ဝေပေးသည်။
ဆက်လက်၍ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “ဒီနေ့အထိ ကျောင်းသား ကျောင်းသူပေါင်း ၁၂၃၆ ဦး လာရောက်အပ်နှံထားပါတယ်။ ပြီးခဲ့တဲ့နှစ်က တက်ရောက်ခဲ့တဲ့ ကျောင်းသား ကျောင်းသူအားလုံးနီးပါး ပြန်လည်တက်ရောက်ကြပါတယ်။ Grade-12 ပြန်လည်ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေကိုတော့ မူလတန်းအဆောင်မှာ စခန်းသွင်း လေ့ကျင့်သင်ကြားပေးနေတဲ့အတွက် ကျောင်းတက်ချိန်ကို နှစ်ချိန်ခွဲပြီး စီစဉ်ဆောင်ရွက်ထားပါတယ်။ Grade-12 ကျောင်းသား ကျောင်းသူတွေ ပြန်လည်ဖြေဆိုပြီးသွားရင် စာသင်ချိန်ကို ပုံမှန်အတိုင်း တစ်ချိန်တက်နဲ့ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ စာသင်ချိန်ကိုတော့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း စာသင်ချိန်ရှစ်ချိန်နဲ့ ဆောင်ရွက်နေပါတယ်။ ကျောင်းတက်ကျောင်းဆင်း ကြို/ပို့အတွက် ကျောင်းကားတွေကိုလည်း စီစဉ်ထားပါတယ်။ ဥပဒေပညာ၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ အနုပညာ(ပန်းချီ)(ဂီတ)၊ ကာယပညာနဲ့ ဒေသ/စာကြည့်တိုက်ဆိုင်ရာ ဘာသာရပ်တွေကိုလည်း လိုအပ်တဲ့အတန်းတွေအလိုက် သင်ကြားပေးပါတယ်။ ဒီနေ့ကလေးအများစုကို မိုဘိုင်းဖုန်း အသုံးပြုမှုလျှော့ချပြီး စာပေဖတ်ရှုခြင်းအလေ့အထကို ရရှိစေချင်ပါတယ်။ စာဖတ်ချိန်မှာလည်း အသိပညာဗဟုသုတရဖွယ်စာပေတွေကို ဖတ်ရှုခိုင်းပါတယ်။ ကျောင်းသားမိဘတွေအနေနဲ့လည်း မိမိတို့ရဲ့သား၊ သမီးတွေပညာတတ်တွေဖြစ်ပြီး အနာဂတ်လှပစေဖို့အတွက် ကျောင်းအချိန်မီအပ်နှံပြီး ကျောင်းလာရောက်တက်ကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်” ဟု ပြောကြားသည်။
အထက်တန်းအဆင့်မှာ ဥပဒေဘာသာရပ်ကို ထည့်သွင်းထားခြင်းဖြစ်
ထို့နောက် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်သင်းက “ဒီနေ့ ဇွန် ၂ ရက်အထိ ကျောင်းသား ကျောင်းသူ ၁၄၅၅ ဦး ကျောင်းအပ်လက်ခံထားပါတယ်။ ဒီတစ်လလုံးလည်း ကျောင်းသား ကျောင်းသူတွေကို ဆက်လက်ကျောင်းအပ်လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ မနှစ်က မတ်လနောက်ဆုံးစာရင်းချုပ်နဲ့နှိုင်းယှဉ်ရင် ၉၀ ရာခိုင်နှုန်းကျော် ကျောင်းအပ်ပြီးနေပါပြီ။ နိုင်ငံသားတိုင်း ဥပဒေအကြောင်းအရာနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေအချက်အလက်တွေကို သိရှိထားသင့်တဲ့အတွက် အထက်တန်းအဆင့်မှာ ဥပဒေဘာသာရပ်အချိန်ကို ထည့်သွင်းထားခြင်းဖြစ်ပါတယ်။
စာဖတ်တဲ့အလေ့အကျင့်ကောင်း ပြုစုပျိုးထောင်
“မိုဘိုင်းဖုန်းနဲ့ ဆိုရှယ်လွှမ်းမိုးမှုမှာ အခြေခံကဏ္ဍက စာကြည့်တိုက်နဲ့ ဆက်စပ်ပါတယ်။ ကလေးတွေ စာများများဖတ်ဖို့လိုပါတယ်။ စာကြည့်တိုက်အချိန်မှာ ဖတ်နေတဲ့စာအုပ်မပြီးသေးရင် စာအုပ်ကို အိမ်ငှားခွင့်ပေးလိုက်ပါတယ်။ ငှားလိုက်တဲ့စာအုပ်ရဲ့အကြောင်းအရာ ပြန်လည်ပြောရမယ်ဆိုတော့ ကလေးတွေက စာအုပ်ကိုသေသေချာချာဖတ်ကြပါတယ်။ ကလေးတစ်ယောက်ကို စာဖတ်တဲ့ ရေရှည်အလေ့အကျင့်ကောင်း ပြုစုပျိုးထောင်ပေးခြင်းဖြင့် မိုဘိုင်းဖုန်းသုံးစွဲမှုနှုန်း လျော့ကျသွားမယ်လို့ထင်ပါတယ်” ဟု ပြောကြားသည်။
ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ အ.လ.က-၃ ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းက “ကျောင်းသား ကျောင်းသူအပ်နှံစာရင်းမနှစ်က ၁၀၈၇ ဦးရှိခဲ့ပြီး ဒီနှစ် ၁၁၀၀ နီးပါးရှိပြီဖြစ်ပါတယ်။ ဒီနှစ်ကျောင်းအချိန်စာရင်းကတော့ နှစ်ချိန်တက်ဖြစ်ပါတယ်။ မနက်ပိုင်းမှာ Grade -6 မှ Grade -12 အထိ၊ နေ့လယ်ပိုင်းမှာဆိုရင် KG မှ Grade-5 ဆိုပြီး ခွဲထားပါတယ်။ ကျောင်းအကြို၊ အပို့အတွက် ဒီနှစ်မှာတော့ မနှစ်ကသတ်မှတ်ထားတဲ့ ဧရိယာတွေထက် တိုးချဲ့ ကြို၊ ပို့သွားမှာဖြစ်ပါတယ်။ ကျောင်းသားတိုင်း အလယ်တန်းအဆင့် ပြီးမြောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေတဲ့ကလေးတွေကိုလည်း သင့်တင့်တဲ့ အတန်းပညာတတ်မြောက်စေချင်ပါတယ်” ဟု ပြောကြားသည်။
ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများ၌ အထက်တန်းအဆင့်၌ ၂၈၅၉၂ ဦး၊ အလယ်တန်းအဆင့်၌ ၅၃၂၂၈ ဦးနှင့် မူလတန်းအဆင့်၌ ၁၂၀၇၄၆ ဦး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀၂၅၆၆ ဦး ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာသန့်၊ ဓာတ်ပုံ-ဖိုးပြည့်စုံ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Posted on Jun 5, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)