ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သစ်တောစိုက်ခင်းများ၊ သုတေသနစမ်းသပ်ကွက်များနှင့် အမြန်လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သစ်တောစိုက်ခင်းများ၊ သုတေသနစမ်းသပ်ကွက်များနှင့် အမြန်လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှု


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / August 31, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၃၁-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်း အမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ သင်တန်းသားအိပ်‌ဆောင်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်း၊ အကွက်အမှတ် ၇၆ ရှိ ၁/၂၀၁၇ စီးပွားရေးကျွန်းစိုက်ခင်း ၁၀၀ ဧက သို့ရောက်ရှိရာ တာဝန်ရှိသူများက ကျွန်းစိုက်ခင်းများတွင် ကျရောက်တတ်သော ပိုးမွှားများနှင့်ပတ်သက်၍ သုတေသနဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပင်ကျပ်နှုတ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသော သစ်တောစိုက်ခင်းများ ရေရှည်တည်တံ့ရေး ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်း၊ အကွက်အမှတ် ၇၇ ရှိ ၁/၂၀၂၀ စီးပွားရေး ကျွန်းစိုက်ခင်း ၁၅၀ ဧက သို့ သွားရောက်၍ စိုက်ခင်းအောင်မြင် ဖြစ်ထွန်းမှုနှင့် ပင်ကျပ်နှုတ်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ နောက်ဆုံးနှစ်ကျောင်းသားများ၏ ပင်ကျပ်နှုတ်ခြင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအတွင်း သစ်တောသုတေသနဌာနက တည်ထောင်ထားသော ပန္နက်အကွာအဝေးစမ်းသပ်ကွက် ၂.၅ ဧကအတွင်း ပန္နက်အကွာအဝေးအလိုက် အပင်များ၏ အမြင့်နှင့်လုံးပတ် ကွားခြားမှု အခြေအနေအားလည်းကောင်း၊ ကျွန်းအနက်စင်း သုတေသနစမ်းသပ်ကွက် ၆ ဧကနှင့် ပိတောက်ကိုင်းချိုင် သုတေသနစမ်းသပ်ကွက် ၁၀ ဧကအားလည်းကောင်း၊ ဝါးမျိုးစုံ သုတေသနစမ်းသပ်ကွက် ၁၅ ဧကအတွင်း ဝါးရုံများပြုပြင်ခြင်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ မြေနေရာပြုပြင်ခြင်းဖြင့် ကျွန်းပင်များ၏ကြီးထွားမှုအပေါ် သက်ရောက်မှုအား လေ့လာခြင်း သုတေသန စမ်းသပ်စိုက်ခင်း ၁၀ ဧကနှင့် ကျွန်းမျိုးသန့်ဥယျာဉ် ၁၀ ဧက တို့အားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သုတေသနစမ်းသပ်ကွက်များအလိုက် သုတေသန ရည်ရွယ်ချက်၊ သုတေသန ရလဒ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက သစ်တောသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက် စနစ်ကျသော စီမံအုပ်ချုပ်မှုများချမှတ်နိုင်ရန် သုတေသနလုပ်ငန်းများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ရရှိလာသော သုတေသန ရလဒ်များအပေါ် အခြေခံ၍ လက်တွေ့နယ်ပယ် အသီးသီးတွင် အသုံးချဆောင်ရွက်သွားရန်နှင့် သုတေသနစမ်းသပ်ကွက်အသစ်များ ဖော်ထုတ် ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦးနှင့်အတူ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုး ထားသော မိုင်တိုင်(၂၁၉/၆)ရှိ တစ်အုပ်တစ်မစိုက်ခင်း ၅ ဧကနှင့် မိုင်တိုင်(၃၁၃/၁)ရှိ တစ်အုပ် တစ်မစိုက်ခင်း ၅ ဧကတို့၏ ရှင်သန်အောင်မြင်မှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်လမ်းဘေးဝဲယာနှင့် ကားလမ်းဘေးဝဲယာများ စိမ်းလန်းစိုပြည်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်မှာကြားသည်။ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်ရှိ ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သော ရေဝေရေလဲစိုက်ခင်း ၅၀ ဧက သို့သွားရောက်၍ စိုက်ခင်းရှင်သန်အောင်မြင်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။


၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 03, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Sep 02, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Sep 01, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 31, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Posted on Aug 30, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Aug 29, 2025