ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Ministry of Information/ Naypyitaw / January 15, 2026
နေပြည်တော် ဇန်နဝါရီ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် လယ်ဝေးမြို့နယ် ဂွေ့ကြီးကျေးရွာ၌ ဂွေ့ကြီး စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ ဝဲကြီး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ ရွှေဝါခိုင်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ရွှေမူ လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ကူသပိတ် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်း၊ သစ်စိမ့်ပင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းတို့မှ အသင်းသားတောင်သူများ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ သမဝါယမအသင်းသားတောင်သူ များအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သက်တံ့ရောင် သမဝါယမစီမံကိန်းရန်ပုံငွေတို့ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့်ပံ့ပိုး၍ ထွက်ရှိလာသောစပါးများကို အသင်းပိုင်ဆန်စက်များဖြင့် ပြန်လည်ဝယ်ယူကြိတ်ခွဲပေးခဲ့ကြောင်း၊ အသင်းသားတောင်သူများကလည်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်တိုး မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန် လိုအပ်သဖြင့် အသင်းမှစီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာကိုလည်း သက်သာသောဈေးနှုန်းရရှိအောင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်၍ သဘာဝမြေဩဇာများ ရောနှောပေါင်းစပ်အသုံးပြုကြရန်၊ စိုက်ပျိုးရေးဦးစီးဌာနမှပို့ချသော စိုက်နည်းစနစ်များ အတိုင်း စနစ်တကျစိုက်ပျိုးကြရန်နှင့် နိုင်ငံတော်ထံမှ ချေးယူထားသည့်ချေးငွေများ အပြေအကျေ ပြန်လည်ပေးဆပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာလိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဂွေ့ကြီးကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု၊ ဝဲကြီးနှင့် ဂွေ့ကြီးကျေးရွာရှိ သမဝါယမအသင်းသား တောင်သူ ၃၀ ၏ စိုက်ဧက ၁၀၀ တွင် စိုက်ပျိုးထားသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်၊ ပြောင်းဖူးသီးနှံ စိုက်ခင်းများကိုကြည့်ရှုပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
အဆိုပါ ဂွေ့ကြီးကျေးရွာသည် ရေမြေရာသီဥတု ကောင်းမွန်သောကျေးရွာဖြစ်ပြီး ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ စိမ်း၊ ငရုတ်၊ ပြောင်းဖူး စားသောက်ကုန်သီးနှံများကို အဓိကစိုက်ပျိုး၍ တစ်ဧကလျှင် ပျမ်းမျှအသားတင်အမြတ် သိန်း ၅၀ကျော်ရှိကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
