ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များအား ဆွေးနွေးပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များအား ဆွေးနွေးပြောကြား


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / January 25, 2026


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၄-၁-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့များတွင် ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားရာ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမတွင် အင်အား (၄၅၃) ဦး၊ မိုင်းဖြတ်မြို့၊ မြို့တော်ခန်းမတွင် အင်အား (၄၂၀) ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယခုအချိန်ကာလ ပွင့်လင်းရာသီတွင် တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် Fire Hotspots ဖြစ်ပေါ်လာစေပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့်အပြင် မီးခိုးမြူငွေ့များတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော PM 2.5 အမှုန်များသည် လူသားတို့၏ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မီးခိုးမြူငွေ့များသည် လေစီးကြောင်းအတိုင်း တစ်နိုင်ငံမှတစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရောက်ရှိနိုင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် Fire Hotspots လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

မြန်မာ၊ ထိုင်းနှင့် လာအို သုံးနိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်း စီမံချက် - Clear Sky Strategy (၂၀၂၄-၂၀၃၀) ကိုရေးဆွဲ ထုတ်ပြန်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မြန်မာ-ထိုင်း နယ်နမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပြီး မီးခိုးမြူငွေ့ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံအတွင်း Fire Hotspots ဖြစ်ပွားမှု အရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၅၁,၀၉၁ ခု ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၄၅,၀၂၅ ခုတွေ့ရှိရသဖြင့် ၆၀၆၆ ခု (၁၂ ရာခိုင်နှုန်း) လျော့နည်းသွားသည်ကို တွေ့ရှိရကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ၂၀၂၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားသည်ကို တွေ့ရှိရ၍ ဆောင်ရွက်ချက်များအား အသိအမှတ်ပြုပါကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင်လည်း ဆက်လက်လျော့နည်းသွားအောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊

ဒေသခံ ပြည်သူများအနေဖြင့်လည်း ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအစား ကွန်တို/တောင်စောင်း စိုက်ပျိုးခြင်းနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ကုန်းမြင့်လယ်ယာ စိုက်ပျိုးရေးစနစ် ကျင့်သုံးခြင်း၊ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများနှင့် လူနေအိမ်များမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရေးနှင့် မီးရှို့ခြင်းအစား သဘာဝမြေဩဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်း စသည့်အလေ့အကျင့်များကို အလေးထားဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သောနည်းပညာ၊ အသိပညာပေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပေါင်းစပ်ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ သဘာဝသယံဇာတများ ရေရှည်တည်တံ့ရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု ကောင်းမွန်ရေး၊ Fire Hotspots ဖြစ်ပွားမှုလျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးတို့ကို ဌာနအသီးသီးနှင့် အဖွဲ့အစည်းများ၊ ဒေသခံများအားလုံး အတူပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးပူးပေါင်းပါဝင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်၊ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ တွေ့ဆုံပွဲအား ရုပ်သိမ်းသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနရုံးရှိ မြို့မပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားသော ပျိုးပင် ၁၁၃,၀၀၀ ကျော်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း