ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်


Ministry of Information/ Naypyitaw / December 24, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၄

စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်သည်။

အဆိုပါနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာအဖွဲ့များ၊ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ တိုင်းရင်းသားမောင်မယ်များနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနား

ထို့နောက် စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားကို ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စွမ်းအင်ပြတိုက်ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စွမ်းအင်ပြတိုက် ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။ ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးနှင့် တက်ရောက်လာကြသူများက စွမ်းအင်ပြတိုက် ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စွမ်းအင်ပြတိုက် ပြင်ပပြကွက်အားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စွမ်းအင်ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြကွက်များအား ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စွမ်းအင်ပြတိုက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။

စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက် စက်ရုံရာပြည့်အခမ်းအနား

ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံရာပြည့် အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အခမ်းအနားကို Digital နည်းပညာအသုံးပြု၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသူလေးများက “စွမ်းအင်မှသည်စွမ်းအား” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံရာပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၁၉၈၅ ခုနှစ် ဧပြီလတွင်စတင်ဖွဲ့စည်းခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနသည် ယခုအခါ နှစ် (၄၀) ပြည့်မြောက်ပြီး ပတ္တမြားရတုတိုင်ခဲ့ပြီ ဖြစ်သကဲ့သို့ ၁၉၂၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် သန်လျင်ရေနံချက်စက်ရုံကြီးသည်လည်း ရာပြည့်ကာလကို ရောက်ရှိလာပြီဖြစ်သည့်အတွက် စွမ်းအင်ဝန်ကြီးဌာနအတွက် အောင်မြင်မှုသမိုင်းကြောင်းနှင့်အတူ ဂုဏ်ယူဖွယ်ရာ နှစ်တစ်နှစ်လည်းဖြစ်ကြောင်း။

စွမ်းအင်ဝန်ကြီးဌာနသည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသက်သွေးကြောတမျှ လိုအပ်ချက်ဖြစ်သည့် စွမ်းအင်များကို ဖြည့်ဆည်းပေးနိုင်ရန် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ဌာနဖြစ်ခြင်းကြောင့် နိုင်ငံတော်အတွက် အရေးကြီးသည့် ဌာနတစ်ခုလည်းဖြစ်ကြောင်း။

စွမ်းအင်ဝန်ကြီးဌာနဟု သီးသန့်ဌာနတစ်ခုအဖြစ် သတ်သတ်မှတ်မှတ်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်မှာ အခုအချိန်တွင် နှစ်ပေါင်း (၄၀) ပြည့်မြောက်တာဖြစ်သော်လည်း အမှန်တကယ်တွင် မြန်မာ့ရေနံလုပ်ငန်းသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သဖြင့် ရှည်လျားသော သမိုင်းကြောင်းရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ရေနံလုပ်ငန်းနှင့် ပတ်သက်လာပါက သမိုင်းမှတ်တမ်းကောင်းများစွာရှိသည်ကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ရေနံချက်လုပ်ငန်းနှင့် ပတ်သက်၍လည်း ဗြိတိသျှတို့အနေဖြင့် ၁၈၇၁ ခုနှစ်ကတည်းက “ရန်ကုန်ရေနံကုမ္ပဏီ” အမည်ဖြင့် ရေနံချက်လုပ်ငန်းကို စတင်ခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ သိရှိရကြောင်း၊ ၁၉၂၅ ခုနှစ်တွင် ခေတ်မီနည်းစနစ်များကို အသုံးပြုထားပြီး နေ့စဉ်လည်ပတ်ချက် လုပ်နိုင်စွမ်းဂါလန် (၈) သိန်းရှိသည့် သန်လျင်ရေနံချက်စက်ရုံကြီးကို တည်ဆောက်ခဲ့ကြောင်း။

ထို့နောက်တွင်လည်း သန်လျင်ရေနံချက်စက်ရုံကို အဆင့်ဆင့်တိုးချဲ့တည်ဆောက်ခဲ့ပြီး ရေနံထွက်ပစ္စည်းအမျိုးမျိုးကို ဆက်လက်ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၇ ခုနှစ်တွင် ကုန်ကြမ်းရရှိမှုနည်းပါးခြင်း၊ ထုတ်လုပ်သည့် စက်သုံးဆီများ၏ အရည်အသွေးသည် ဈေးကွက်လိုအပ်ချက်ကို မပြည့်မီခြင်း စသည့်အခြေအနေများကြောင့် ယခုစက်ရုံကြီး၏ ရေနံချက်လုပ်ခြင်းလုပ်ငန်းများကို ရပ်နားထားခဲ့ရသည်မှာ ယခုအခါ ၈ နှစ်ကျော်ကာလရှိလာခဲ့ပြီဖြစ်ကြောင်း။

သို့သော် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ စက်သုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် မကြာခင်ကာလအတွင်း၌ တစ်နှစ်လျှင် တန်ချိန် (၅) သိန်းချက်လုပ်နိုင်မည့် သန်လျင်ရေနံချက် စက်ရုံသစ်ကြီးကို ပထမအဆင့် (Phase I) အနေဖြင့် စတင်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဒုတိယအဆင့် (Phase II) အနေဖြင့် တစ်နှစ်ကို တန်ချိန် (၃) သန်း ချက်လုပ်နိုင်မည့် စက်ရုံကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်သည်ကို ပြောကြားလိုကြောင်း။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းအသစ်များ၊ ရေနံမြေအသစ်များ ထွက်ပေါ်လာရေးကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ သက်တမ်းရင့်ရေနံချက်စက်ရုံ၊ ရေနံဓာတုဗေဒစက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံကြီးများ စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ရန်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိရေနံမြေများမှ ရေနံအထွက်တိုးစေရေးခေတ်မီနည်းပညာများ အသုံးပြုပြီး ဆောင်ရွက်ရန် တိုင်းရင်းသားရေနံလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး နည်းစနစ်ကျရေနံတွင်းများ တူးဖော်နိုင်ရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်များ အဆင့်မြှင့်တင်နေသည်ကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ခြင်းကြောင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာမည်ဟုလည်း ယုံကြည်ပါကြောင်း။

စွမ်းအင်ကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦများ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာခြင်းသည်လည်း ခေတ်ကာလအဆက်ဆက်စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ကာယ၊ ဉာဏလုပ်သားများ အားလုံးပေါင်းစည်းပြီး တက်ညီလက်ညီ ဆောင်ရွက်ပေးခဲ့ကြခြင်းကြောင့်သာဖြစ်ကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှုစွမ်းပကား၏ အသီးအပွင့်များဖြစ်သည့်တိုးတက် အောင်မြင်မှုများအတွက် နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဝန်ထမ်းအားလုံးကို အသိအမှတ်ပြုကျေးဇူးတင်ရှိ သည်ကိုပြောကြားလိုကြောင်း။

ယနေ့ကမ္ဘာ့နိုင်ငံများအနေဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးကဲ့သို့ ရုပ်ကြွင်းလောင်စာများ၊ နျူကလီးယားစွမ်းအင်များအပြင် ရေစွမ်းအင်၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝဒြပ်ထုနှင့် ဟိုက်ဒရိုဂျင်စသည့် ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်များကိုပါ တိုးချဲ့ရှာဖွေပေါင်းစပ်ပြီး Energy Mix အနေဖြင့် အသုံးပြုနေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီး၏ စွမ်းအင်ဖွံ့ဖြိုးမှုအစီအမံများကို ကြည့်ပါက အနာဂတ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်အသုံးပြုရန် ရည်မှန်းဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ လျင်မြန်စွာတိုးမြင့်လာနေသည့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကိုလည်း အဓိကမှီခိုအသုံးပြုနေရဆဲဖြစ်ကြောင်း။

မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်အသုံးပြုနိုင်စေရန်အတွက် နေစွမ်းအင်၊ လေစွမ်းအင်တို့မှ လျှပ်စစ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေသကဲ့သို့ စက်သုံးဆီများ အသုံးပြုမှုလျှော့ချနိုင်စေရန် လျှပ်စစ်ကားများကို အစားထိုးအသုံးပြုနိုင်ရေး နိုင်ငံတော်အနေဖြင့်တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဘက်တွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့လောင်စာများကို ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေအောင် အဆင့်မြင့်နည်းပညာများ အသုံးပြုသုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိနေသည်ကို ပြောကြားလိုကြောင်း။

ဆက်လက်၍လည်း မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များကို စနစ်တကျရှာဖွေ၊ ဖော်ထုတ်၊ အသုံးပြုသွားရန်အတွက် မိတ်ဆွေနိုင်ငံများက ရေနံကုမ္ပဏီကြီးများအပြင် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရန်နှင့် နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိုလည်း အရေးကြီးလုပ်ငန်းစဉ်တစ်ခုအဖြစ် တစိုက်မတ်မတ်ဆောင်ရွက်သွားရန် လိုအပ်သည်ကို အလေးထားမှာကြားလိုကြောင်း။

အတွေ့အကြုံများအရ နိုင်ငံတကာရေနံကုမ္ပဏီကြီးများကို ဖိတ်ခေါ်ဆောင်ရွက်မှု၏ အကျိုးရလဒ်အနေဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သည့် ကမ်းလွန်စီမံကိန်းကြီးများသည် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေကိုပါ ရှာဖွေပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုသို့နိုင်ငံတော်နှင့် အများပြည်သူအတွက် အကျိုးရှိသည့် စီမံကိန်းကြီးများ ထပ်မံဖော်ထုတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကိုလည်း တိုက်တွန်းမှာကြားလိုကြောင်း။

ယခုအခါ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးမှာ Al နည်းပညာအသုံးပြုနိုင်ရေး၊ 3D Seismic နည်းပညာ အသုံးပြုနိုင်ရေးနှင့် ရေနံချက်လုပ်ခြင်းအပိုင်းတွင်လည်း ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ပြီး အဆင့်မြင့်စက်သုံးဆီများ ကိုယ်တိုင်ချက်လုပ်ထုတ်လုပ်နိုင်ရေး၊ ဓာတ်မြေဩဇာစက်ရုံများ ထပ်မံတည်ဆောက်နိုင်ရေးအပါအဝင် နည်းပညာမြှင့်တင်ရေးကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ ရည်မှန်းချက်ထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ဖြည့်စွက်ပြောကြားလိုသည်မှာ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် လုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် သမိုင်းမှတ်တမ်းများကိုလည်း ခိုင်ခိုင်မာမာပြုစုထားရန် လိုအပ်ကြောင်း၊ သမိုင်းမှတ်တမ်းဆိုသည်မှာ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များ ကြိုးပမ်းအားထုတ်မှုများကို ရေရှည်တည်တံ့နေစေမည့် မှတ်ကျောက်နှင့် အထောက်အထားပင်ဖြစ်ကြောင်း။

ထိုသို့ သမိုင်းမှတ်တမ်းများထားရှိမှသာ နောင်လာမည့် မျိုးဆက်သစ်များအနေဖြင့် မိမိတို့၏စွမ်းဆောင်ချက်များကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုစွမ်းအင်ပြတိုက်တွင် ခင်းကျင်းပြသထားသည့်အတိုင်း သမိုင်းမှတ်တမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ပုံစံငယ်များကို လေ့လာပြီး အများပြည်သူအနေဖြင့် ခေတ်အဆက်ဆက်ဖြစ်ပေါ်တိုးတက်လာမှုများကို လေ့လာသိရှိနိုင်မည်ဖြစ်သဖြင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း စွမ်းအင်ပြတိုက်ကို အခုထက်ပိုပြီး ပြည့်ပြည့်စုံစုံနှင့်ဖွံ့ဖြိုးတိုးတက်လာရေး တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မကြာမီတွင်စတင်နိုင်တော့မည့် သန်လျင်ရေနံချက်စက်ရုံသစ်စီမံကိန်းကဲ့သို့ နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို မြှင့်တင်ပေးနိုင်မည့် အရေးကြီးသည့် စီမံကိန်းကြီးများစွာကိုလည်း အောင်မြင်စွာဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဆန္ဒပြုတိုက်တွန်းလိုကြောင်း။

ဆက်လက်၍လည်း စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စွမ်းအင်ပြည့်ဖြိုးနိုင်ငံ့အကျိုး” ဆိုသည့်အတိုင်း တိုင်းပြည်နှင့် ပြည်သူများ၏ အကျိုးစီးပွားတိုးတက်စေရန် ရည်မျှော်ပြီးစွမ်းအင်များ အစဉ်ထာဝရပြည့်ဖြိုးနေစေရန်နှင့် နိုင်ငံ၏အဖိုးတန်သဘာဝသယံဇာတများ ရေရှည်တည်တံ့အသုံးပြုနိုင်ရေးအတွက် စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း၊ စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတုအချိန်ကာလ၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်ကာလမှသည် နိုင်ငံတော်အတွက် ရတုအဆက်ဆက်ဆက်လက်အဓွန့်ရှည် တည်တံ့အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံရာပြည့် အထိမ်းအမှတ် ဂါရဝပြုလက်ဆောင်အားပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတုနှင့် သန်လျင်ရေနံချက်စက်ရုံရာပြည့် Documentary Movie ကို ပြသသည်။

ယင်းနောက် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းထုတစ်ရပ်လုံးကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရန်ရည်ရွယ်၍ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကိုယ်တိုင်ရေးသားစပ်ဆိုထားသည့် စွမ်းအင်ဝန်ကြီးဌာန ဂုဏ်ပြုကဗျာကို တေးသံရှင်ဟေမာနေဝင်းက ဂုဏ်ပြုရွတ်ဆိုထားမှုအား ဖွင့်လှစ်ပြသပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Dec 25, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 24, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Dec 23, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Dec 22, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 21, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Posted on Dec 20, 2025
HOT NEWS
January 4,