ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၂၀/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၂၀/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်


Ministry of Home Affairs/ နေပြည်တော် / December 02, 2024


    ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၂၀/၂၀၂၄)၊ ရဲသူရတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တက်ရောက်ခဲ့သည်။
    ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးသည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးခဲ့ပြီး၊ ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းနောက် ရဲချုပ်က အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ဝေယံဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ပိုင်ဇော်သက်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖူးအောင်၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဝင်းမြင့်ဆွေ၊ အင်္ဂလိပ်စာထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဝေယံဦးတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ 
    ထို့နောက် ရဲချုပ်က အမှာစကားပြောကြားရာတွင် “စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝ၍ ကျန်းမာကြံ့ခိုင်သော မျိုးချစ်စိတ်ဓာတ်နှင့် စွမ်းရည်ပြည့်ဝခေတ်မီသည့် ရဲအရာရှိငယ်များ ဖြစ်လာစေရန်” ဆိုသည့်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယရဲအုပ်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ကာ နေရာဒေသအသီးသီးမှာ ကျရာတာဝန်များကို စွမ်းအားပြည့် ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် မှာကြားစရာရှိသည်များကို မှာကြားလိုကြောင်း။
    မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးမကြာခင်အချိန်အတွင်း ရောင်စုံသူပုန်များ ထကြွသောင်းကျန်းခဲ့၍ စစ်ရဲနှင့်မြန်မာပြည်ရဲအဖွဲ့တို့ ပူးပေါင်းလက်တွဲပြီး အရိန္ဒမာစစ်ဆင်ရေးအမည်ဖြင့် သောင်းကျန်းသူများကို နှိမ်နင်းခဲ့ရကြောင်း၊ ပြည်ထောင်စုစစ်ရဲတပ်ရင်းမှ စစ်ရဲ ဗိုလ်မှူး အေးချိုသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကိုပဓာနမထားပဲ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်စဉ် ကျဆုံးခဲ့ရသဖြင့် နိုင်ငံတော်က အောင်ဆန်းသူရိယဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံနှင့် လူမျိုး၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပြီး လုပ်ငန်းတာဝန်များကို အသက်ပေးထမ်းရွက်သည့် တပ်ဖွဲ့တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်ကြောင်း။
    ကျောင်းဆင်းကြမည့် ဒုတိယရဲအုပ်များအနေဖြင့် နောင်တော်ရဲတပ်ဖွဲ့ဝင်များနည်းတူ ပြည်သူကို အလုပ်အကျွေးပြုပြီး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်မြဲရေးကို အသက်ပေးကာကွယ်စောင့်ရှောက်တတ်သော ရဲတပ်ဖွဲ့ဝင်များအဖြစ်ခံယူကာ မိမိတို့ကျရာတာဝန်များကို ဦးလည်မသုန် ထမ်းဆောင်သွားကြရမှာဖြစ်ကြောင်း။
    မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပြီး ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် နောင်တော်တပ်မတော်နှင့်အတူ လက်တွဲ၍ စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များအား အောင်မြင်အောင် အလေးထားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာသည့် မှုခင်းဖြစ်ရပ်မှန်ကို ဖော်ထုတ်ပြီး ကျူးလွန်သူအပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အထောက်အထားပြည့်စုံစွာဖြင့် တရားစွဲတင်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ပြီး မှုခင်းကျဆင်းရေးအတွက် ပြည်သူလူထုအတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းအသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။
    တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် အကြမ်းဖက်အုပ်စုများသည် နိုင်ငံရေး၊ လူမျိုးရေး၊ ဒေသဖွံ့ဖြိုးရေး အကြောင်းအမျိုးမျိုးပြကာ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်စီးပွားရေးအဖြစ် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နိုင်ငံတော်၏လုံခြုံရေးကို ခြိမ်းခြောက်နေသည့်အပြင် လူသားမျိုးနွယ်စုတစ်ခုလုံးကို လူညွန့်တုံးစေနိုင်သည့်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။ 
    မိမိတို့တာဝန်ကျရာဒေသရှိ ပြည်သူများ၏လိုအပ်ချက်ကို ဥပဒေနှင့်အညီ စေတနာထား ဆောင်ရွက်ပေးပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ လူမှုရေး လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးသွားကြရမှာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ စိတ်အားထက်သန်စွာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း။ 
    တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမှာဖြစ်သည့်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်၊ ရဲကျင့်ဝတ်အပါး ၇၀ တို့နှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ပြီး ခေါင်းဆောင်မှုအရည်အသွေးများကို ကောင်းစွာသိရှိနားလည်ကာ မိမိတပ်ဖွဲ့က ယုံကြည်အားကိုးရသည့် ရဲအရာရှိကောင်းများဖြစ်လာဖို့ လိုအပ်ကြောင်း၊ တစ်ဦးချင်းနှင့် အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်သည့် ပြုမူပြောဆိုနေထိုင်မှုများကို ရှောင်ကျဉ်ကြရမှာဖြစ်သလို အသောက်အစား အပျော်အပါးများကြောင့် တစ်ဦးချင်းစွမ်းဆောင်ရည်နှင့် မိမိအဖွဲ့အစည်းပေါ်မှာ ထိခိုက်မှုမရှိအောင် နေထိုင်ကြရမှာဖြစ်ကြောင်း။
    ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝထက်မြက်နေစေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးမူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်း ဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာနေရမှာဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး လေ့ကျင့်သားပြည့်ဝနေစေရန် တပ်ဖွဲ့အလိုက် တစ်ဦးချင်းကိုင်တွယ်ရမည့် လက်နက်နှင့် ရဲတပ်ဖွဲ့သုံးကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရေး လိုအပ်သည့်လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမှာဖြစ်ကြောင်း၊ ဆန်းသစ်ပြောင်းလဲတိုးတက်မှုနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန် အင်္ဂလိပ်ဘာသာစကား အပါအဝင် အခြားဘာသာစကားများ၊ ကွန်ပျူတာ၊ အင်တာနက်နည်းပညာဆိုင်ရာ ပညာရပ်များကိုလည်း ပိုမိုတိုးတက်ကျွမ်းကျင်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း မိမိတို့ရောက်ရှိတာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့နယ်ပယ်မှာ လေ့ကျင့်သင်ကြားပျိုးထောင်ပေးလိုက်သည့် ပညာရပ်များကိုအခြေခံပြီး လက်တွေ့ဘဝနှင့် ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း စသည်ဖြင့် တိုက်တွန်းအမှာစကားပြောကြား ခဲ့သည်။
    သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲထောက်ချုပ် ရဲမှူးချုပ် မြင့်တိုးနှင့် ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၂၀) ရဲသူရတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား ၂၂၈ ဦး၊ တပ်တွင်းဘွဲ့ရ အမျိုးသမီး ၁၀၈ ဦး၊ စုစုပေါင်း ၃၃၆ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Posted on Dec 26, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Dec 26, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 25, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Dec 24, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Dec 23, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Dec 22, 2024
HOT NEWS
January 4,