ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများအား တွေ့ဆုံ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများအား တွေ့ဆုံ
Ministry of Information/ Naypyitaw / April 25, 2026
နေပြည်တော် ဧပြီ ၂၄
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ယခုလို ဇေယျာသီရိမြို့နယ် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် လွန်စွာကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့်အတိုင်း မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ယခု တွေ့ဆုံပွဲတွင်လည်း ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒနှင့် အသံကို နားထောင်ရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ ပါတီ၊ ပြည်သူနှင့်အတူ တစ်စည်းတစ်လုံးတည်း ဒေသကောင်းကျိုးများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေးကိစ္စများကိုလည်း စည်းစည်းလုံးလုံးသစ္စာရှိရှိ ဆက်လက်ဆောင်ရွက်သွားရန်နှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော လုံခြုံရေးစနစ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံမဲဆန္ဒရှင်ပြည်သူများက သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းတံတားဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိမဲဆန္ဒနယ်မြေအတွင်း တည်ငြိမ်အေးချမ်းစေရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြစေလိုပါကြောင်း ပြန်လည်ရှင်းလင်းပြောကြားပြီး ဒေသခံမဲဆန္ဒရှင်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Posted on Apr 24, 2026ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။
