ပြန်လည်တည်ဆောက်ရေးနှင့်အေးချမ်းရေးတွင် ဒေသခံပြည်သူတို့ပူးပေါင်းကူညီပါဝင်

ပြန်လည်တည်ဆောက်ရေးနှင့်အေးချမ်းရေးတွင် ဒေသခံပြည်သူတို့ပူးပေါင်းကူညီပါဝင်


Ministry of Information/ Naypyitaw / July 20, 2025
image_latest


နောင်ချိုဒေသတစ်ဝိုက်ကို တပ်မတော်က အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံတိုင်းရင်းသားပြည်သူများက တပ်မတော်နှင့် ဌာနဆိုင်ရာများအား အားပေးထောက်ခံကြိုဆိုကြ သည့်မြင်ကွင်းများ၊ တပ်မတော်အရာရှိများ၊ တပ်မတော်သားများကလည်း ဒေသခံပြည်သူများကို ရင်းနှီးနွေးထွေးစွာ နှစ်သိမ့်အားပေး နေသည့် မြင်ကွင်းများမှာ ကြည်နူးဖွယ်ရာ မြင်ကွင်းများပင်ဖြစ်သည်။ ဤသည်မှာ အကြမ်းဖက်သောင်းကျန်းသူတို့ ထိန်းချုပ်ထားစဉ်ကာလအတွင်း ဒေသခံပြည်သူတို့အနေဖြင့် ကိုယ်စိတ်နှစ်ပါး မည်မျှပင်ပန်းဆင်းရဲမှုနှင့် ကြုံတွေ့ခဲ့ရသည်ကို တစ်နည်းအားဖြင့် တွေ့မြင်လိုက်ရခြင်းလည်းဖြစ်သည်။

နောင်ချိုကို TNLA နှင့် အပေါင်းအပါ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ်ကာလအတွင်း ဒေသခံတိုင်းရင်းသား ပြည်သူတို့မှာ လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည်ဖြင့် အဘက်ဘက်မှ နိမ့်ကျမှုများနှင့် စစ်၏အနိဋ္ဌာရုံများကို ကြုံတွေ့ခဲ့ကြရသည်။ ၎င်းတို့၏ လက်အောက်တွင် နေထိုင်ရန် မဖြစ်နိုင်သည့်အဆုံးတွင် အိုးအိမ်စည်းစိမ်တို့ကိုထားရစ်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာသွားကြသူများရှိသလို ဒေသတွင်းမှာပင် တိမ်းရှောင်ပုန်းအောင်း နေထိုင်ခဲ့ကြရသူများလည်းရှိသည်။ အကြမ်းဖက်သောင်းကျန်းသူတို့မှာ အဖျက်လုပ်ရပ်သက်သက်ကိုသာ ပြုလုပ်ကြသူများဖြစ်ရာ ၎င်းတို့ ထိန်းချုပ်ထားစဉ်ကာလအတွင်း ရုံးဌာနအဆောက်အအုံများ၊ ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးများ၊ ကျောင်းများ၊ ဆေးရုံများမှာ နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးခံရသည်။

ပြည်တွင်းအခြားဒေသများရှိ PDF အမည်ခံ အကြမ်းဖက်အုပ်စုများ အားကောင်းနေသည့် နေရာများတွင်လည်း ၎င်းတို့၏ ဥပဒေမဲ့ကျူးလွန်သည့်လုပ်ရပ်များနှင့်စပ်လျဉ်း၍ သတင်းများထွက်ပေါ်လာနေပြီး အမျိုးမျိုးသောဖိစီးနှိပ်စက်မှုများအပေါ် ဒေသခံပြည်သူများက စိတ်ကုန်ခန်းကာ ဆန့်ကျင်နေကြပြီဖြစ်သည်။ ထို့အပြင် ၎င်းတို့ အကြမ်းဖက်အဖွဲ့များ၏ မှားယွင်းသည့်ဝါဒနှင့် လမ်းစဉ်၊ မှားယွင်းသည့်လုပ်ရပ်များကို လက်မခံလိုတော့ခြင်း၊ တစ်ချိန်က ၎င်းတို့ကို ထောက်ခံအားပေးမှုများမှာလည်း လျော့နည်းလာခြင်းစသည်တို့ ကြောင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှာလည်း တစ်စထက်တစ်စ များပြားလာလျက်ရှိသည်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများသည် နီးစပ်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများ၊ ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိသလို လက်နက်ခဲယမ်းများအတွက်လည်း ဆုကြေးငွေများ ပေးအပ်လျက်ရှိသည်။

တပ်မတော်အနေဖြင့် ယာယီလက်လွှတ်ခဲ့ရသည့် မြို့ရွာဒေသများကို အနှေးနှင့်အမြန်ဆိုသလို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီး နိုင်ငံတစ်ဝန်းအေးချမ်းသာယာမှုကို မဖြစ်မနေ ပြန်လည်တည်ဆောက်သွားမည်သာဖြစ်သည်။ “ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ၎င်းတို့၏ အိမ်ပြန်ချိန်ကို အစဉ်စောင့်မျှော်နေခဲ့ရကြောင်း၊ စစ်၏ဆိုးကျိုးများကို ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ခဲ့ကြရသဖြင့် ငြိမ်းချမ်းမှုကိုသာလိုလားကြောင်း၊ မိမိတို့၏ သားသမီးများကိုလည်း အခြားငြိမ်းချမ်းသောအရပ်ဒေသများမှ ကလေးများကဲ့သို့ပင် အေးချမ်းစွာပညာသင်ယူစေချင်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကို အဘက်ဘက်က ပျက်စီးဆုံးရှုံးခဲ့ရသည့် နောင်ချိုမြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပါက တပ်မတော်နှင့်အတူ ဝိုင်းဝန်းကူညီဆောင်ရွက်ကြမည်ဖြစ်ကြောင်း နောင်ချိုဒေသခံပြည်သူတို့က ရင်ဖွင့်ပြောကြားခဲ့ကြရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီ ထိန်းချုပ်ထားသည့် အခြားဒေသများတွင်လည်း ထိုနည်းတူစွာပင် ဖြစ်ကြမည်ဖြစ်သည်။

 အနှစ်နှစ်အလလ တည်ဆောက်ခဲ့ကြရသည့်အရာတို့မှာ ဖျက်သူက တစ်ခဏသာဖြစ်သည်။ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင်၊ မူလအခြေအနေထက်ပိုမိုကောင်းမွန်အောင် ပြန်လည်ကြိုးပမ်း တည်ဆောက်ကြရာတွင် သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့်အတူ ပြည်သူလူထုကပါ အင်နှင့်အားနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပါက ပိုမို၍ မြန်ဆန်၊ ပိုမို၍ ကောင်းမွန်နိုင်မည်ဖြစ်သည်။ ထို့အပြင်မိမိတို့မြို့၊ မိမိတို့ဒေသ အေးချမ်းသာယာရေး တည်ဆောက်ရာတွင်လည်း အကြမ်းဖက်သောင်းကျန်းသူတို့ အမြစ်အငုတ်၊ အကြွင်းအကျန်ဟူသမျှ ကင်းရှင်းအောင် ဖယ်ရှားရှင်းလင်းသွားရမည်ဖြစ်ရာ ပြည်သူလူထုကြီးက စည်းလုံးညီညွတ်စွာ ပါဝင်အားဖြည့် ကူညီဆောင်ရွက်ကြရပါ မည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Posted on Jul 21, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 20, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။


Posted on Jul 19, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Posted on Jul 18, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Posted on Jul 17, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025
AnnouncementsExplore more >

ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း

Posted on Jul 20, 2025

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Posted on Jul 19, 2025

၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်

Posted on Jul 18, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်