ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ မာဂူလန်ဘိုင်မူခန်အား ခန့်အပ်ရန်သဘောတူ
ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ မာဂူလန်ဘိုင်မူခန်အား ခန့်အပ်ရန်သဘောတူ
Ministry of Information/ Naypyitaw / April 24, 2026
နေပြည်တော် ဧပြီ ၂၃
ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာမာဂူလန် ဘိုင်မူခန်အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။
မစ္စတာ မာဂူလန်ဘိုင်မူခန် ကို ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် မွေးဖွားခဲ့ပါသည်။ ၎င်းသည် ၁၉၉၇ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ခရာကော်စီးပွားရေးတက္ကသိုလ်မှလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ကနေဒါနိုင်ငံရှိ ဗန်ကူဗာတက္ကသိုလ်မှလည်းကောင်း ဘွဲ့များရရှိခဲ့ပါသည်။ မစ္စတာ ဘိုင်မူခန်သည် ၁၉၉၉ ခုနှစ်တွင် ကာဇက်စတန် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ကာ သံတမန်ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် မှ ၂၀၁၉ ခုနှစ်အထိ ပိုလန်နိုင်ငံဆိုင်ရာ ကာဇက်စတန်သံအမတ်ကြီး အဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဘယ်လ်ဂျီယံနိုင်ငံနှင့် လူဇင်ဘက်နိုင်ငံဆိုင်ရာ ကာဇက်စတန်သံအမတ်ကြီးနှင့် ဥရောပသမဂ္ဂနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဆိုင်ရာ ကာဇက်စတန်အဖွဲ့ရုံး၏ အကြီးအကဲအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် ၎င်းသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကာဇက်စတန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၎င်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှစ၍ ထိုင်းနိုင်ငံဆိုင်ရာ ကာဇက်စတန် သံအမတ်ကြီးအဖြစ်နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကော်မရှင်၏ ကာဇက်စတန်အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
မစ္စတာ မာဂူလန်ဘိုင်မူခန်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီးလေးဦးရှိပါသည်။
သတင်းစဉ်
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Posted on Apr 24, 2026ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။
