မူလတန်းဆရာ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်လှစ်
မူလတန်းဆရာ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်လှစ်
Ministry of Information/ Naypyitaw / January 29, 2026
နေပြည်တော် ဇန်နဝါရီ ၂၈
ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မူလတန်းဆရာ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယခုသင်တန်းတွင် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးစိတ်ပညာစသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည့်အတွက် သင်တန်းသား သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူရန်လိုအပ်ကြောင်း၊ အစောပိုင်း ကလေးဘဝ၏ အာရုံငါးပါးဟန်ချက်ညီ ဖွံ့ဖြိုးမှုမှသည် ပတ်ဝန်းကျင်၊ ရပ်ရွာ၊ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လူသားအရင်းအမြစ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ သင်ကြားလေ့ကျင့်ပေးနေသည့် မူလတန်းအရွယ်ကလေးများအတွက် ကျောင်းနေရာတွင် အသင့်ဖြစ်စေပြီး ပညာသင်ယူရာတွင် အဆင်ပြေချောမွေ့စေခြင်းဖြင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ကောင်းများဖြစ်စေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသဖြင့် ကလေးများကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ စိတ်ထားကောင်းမွန်ရေး၊ အများနှင့်နေထိုင်တတ်ပြီး အများအကျိုးဆောင်ရွက်လိုစိတ်၊ ကျန်းမာရေးနှင့် လူနေမှုဘဝအလေ့အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်လာစေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အပေါ် ယခုကဲ့သို့ ဆရာ ဆရာမများက စိတ်ပါဝင်စားစွာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
မူလတန်းဆရာ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ ဆရာဖြစ် သင်တန်းအမှတ်စဉ်(၁)တွင် ပညာရေးဝန်ကြီးဌာန နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ ၄၆ ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများမှ ဆရာမ ၃၀ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၇၆ ဦး တက်ရောက်လျက်ရှိသည်။
ဖွင့်လှစ်သွားမည်
အဆိုပါသင်တန်းတွင် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ကလေးသဘောသဘာဝနှင့် အခြေခံလိုအပ်ချက်၊ ကစားခြင်းဖြင့်သင်ကြားခြင်း၊ ကလေးဖွံ့ဖြိုးမှု၊ စာသင်ခန်းစီမံခန့်ခွဲမှုနှင့် သင်ယူရာနေရာများ၊ ကလေးစိတ်ပညာ၊ သင်ယူမှု၏ အခြေခံအုတ်မြစ်များ၊ မိသားစုပုံစံအမျိုးမျိုးနှင့် မိဘရပ်ရွာပူးပေါင်းဆောင်ရွက်ခြင်း၊ အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သော ကလေးများနှင့် သင်ကြားမှုနည်းလမ်းများ၊ ဘာသာစကားဖွံ့ဖြိုးမှု၊ အစောပိုင်းကာလ စာတတ်မြောက်မှု၊ ကလေးများအား ကြည့်ရှုလေ့လာခြင်း၊ အကူးအပြောင်းကာလ အရေးကြီးပုံ စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့နည်းလမ်းများ၊ Role Play များဖြင့် သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ ၁၀ ရက်ဖြစ်ကာ ဇန်နဝါရီလမှ ဧပြီလအတွင်း သင်တန်းလေးကြိမ် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 29, 2026သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ လျှောက်လွှာခေါ်ယူခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Posted on Jan 29, 2026ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
