ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ စတင်တက်ရောက်
ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ စတင်တက်ရောက်
Ministry of Information/ Naypyitaw / June 03, 2025

ရန်ကုန် ဇွန် ၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်းများ၏ အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း)များကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းစဖွင့်သည့်ရက်မှာပင် ဆရာ ဆရာမများကလည်း အင်ပြည့်အားပြည့်ဖြင့် စာသင်ရန်အသင့်ဖြစ်နေသလို ကျောင်းသား ကျောင်းသူများကလည်း မိုးထဲလေထဲမှာပင် အားအင်အပြည့်ဖြင့် ကျောင်းတက်ရောက်ကြသည်ကို တွေ့မြင်ရသည်။
မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်သတ်မှတ်ခဲ့ပြီး ကျောင်းအပ်နှံမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူဦးရေ ၁၀၃၆၁၀၅ ဦးရှိကြောင်း သိရသည်။
လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်လှမိုးသူက “ကျွန်မတို့ကျောင်းက မနက် ၇ နာရီခွဲကနေပြီးတော့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အထိဖြစ်ပါတယ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ထက်စာရင် အခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းသူဦးရေနဲ့ ကျောင်းတက်သူရာခိုင်နှုန်းလည်း ပိုမိုတိုးတက်လာတာတွေ့ရပါတယ်။ ဒီပညာသင်နှစ်မှာ ပညာရေးဝန်ကြီးဌာနကချမှတ်ထားတဲ့ သင်ရိုးညွှန်းမာတိကာတွေနဲ့ ကလေးတွေကို ပညာရေးအပြင် ဘက်စုံဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေဖို့နဲ့ အထက်တန်းဆိုရင်လည်း အမှတ်ပေးစည်းမျဉ်းတွေနဲ့အညီ ဘာသာရပ်တိုင်းကို ထူးချွန်ထက်မြက်တဲ့ ကျောင်းသူတွေဖြစ်အောင် သင်ကြားပေးဖို့ ဆောင်ရွက်ထားပါတယ်။ ကျောင်းကျန်းမာရေးအနေနဲ့ကတော့ ကျောင်းမဖွင့်ခင်မှာ ကျန်းမာရေး ဝန်ကြီးဌာနရယ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ပူးပေါင်းပြီးတော့ အခန်းလိုက်ခြင်ဆေးဖျန်းတာတွေ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ဖို့အတွက် ရေကန်တွေမှာလည်း အဘိတ်ဆေးခတ်တာတွေလည်း ပြုလုပ်ထားပါတယ်။ ကျောင်းစစဖွင့်ခြင်းရက်မှာပဲ ဆရာ ဆရာမတွေကလည်း အင်ပြည့်အားပြည့်နဲ့ စာသင်ဖို့အသင့်ဖြစ်နေသလို အခုလို မိုးထဲလေထဲမှာပဲ ကျောင်းသူတွေကလည်း အားအင်အပြည့်နဲ့ ပညာသင်ကြားဖို့အတွက် လာကြသလို မိဘတွေကလည်း သားသမီးတွေကျောင်းကို ရောက်အောင်လာပို့ကြတဲ့တွက် ဝမ်းသာပီတိဖြစ်မိပါတယ်” ဟု ပြောသည်။
ကျောင်းစတင်တက်ရောက်သည့်နေ့တွင် တာဝန်ကျ ဆရာ ဆရာမများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား စနစ်တကျအဆင်ပြေချောမွေ့စေရေး၊ စည်းကမ်းတကျဖြစ်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးကြသည်။
ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်တွင် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းတက်မှန်ရေး၊ ကျောင်းအုပ်၊ ဆရာဆရာမများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့်ပတ်သက်၍ မိဘများအနေဖြင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အကြံပြုဆွေးနွေးရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေ ပြည့်မီအောင်ထိုးနှံရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်စသည်ဖြင့် မေတ္တာရပ်ခံချက်နှင့် လိုက်နာရမည့်အချက်များကိုလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
အထက(၂)လသာ Grade-7 တွင် ပညာသင်ကြားမည့် ကျောင်းသူ မယွန်းသန့်သူကလည်း “အခုဆိုရင် မိုးတွေကရွာနေပေမယ့်ခွဲခွာနေခဲ့ရတဲ့ ဆရာ ဆရာမတွေနဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့အခု ပြန်တွေ့ရတဲ့အတွက် ပျော်ရွှင်ဝမ်းသာရပါတယ်။ သမီးအခုတက်ရောက်နေတဲ့ Grade-7 မှာဆိုရင် မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဆိုတဲ့ ဘာသာခြောက်ဘာသာ သင်ယူရမှာဖြစ်ပါတယ်။ သမီးကတော့ ဆရာ ဆရာမတွေရဲ့ စကားကို မြေဝယ်မကျနားထောင်ပြီး ပညာရေးအပြင် ဘက်စုံထူးချွန် ထက်မြက်အောင် အကောင်းဆုံးကြိုးစားသွားပါမယ်”ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မူလတန်းကျောင်း ၁၆၈၀၊ အလယ်တန်းကျောင်း ၆၆၅ ကျောင်း၊ အထက်တန်းကျောင်း ၄၀၉ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၂၃၂ ကျောင်း ဖွင့်လှစ်ထားရှိသည်။
ယမန်နှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံသူဦးရေ ၁၀၃၄၆၆၉ ဦးရှိခဲ့ကာ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံမှု စာရင်းအရ ကျောင်းအပ်နှံသူဦးရေ ၁၀၃၆၁၀၅ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
သတင်း-ကျော်ကြီး၊ ဓာတ်ပုံ-သီဟ


အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Posted on Jun 5, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)