ရေဟူသည် အဖိုးတန်အဟောသိကံမဖြစ်ရန် ထိန်း

ရေဟူသည် အဖိုးတန်အဟောသိကံမဖြစ်ရန် ထိန်း


Ministry of Information/ Naypyitaw / February 21, 2026
image_latest


လူသားတို့ရှင်သန်နေထိုင်ရာ ကမ္ဘာကြီး၏ မျက်နှာပြင် ၇၀ ရာခိုင်နှုန်းကို ရေထုကြီးနှင့် ဖုံးလွှမ်းထားခြင်းဖြစ်ရာ နေစကြ၀ဠာအတွင်းရှိ မိမိတို့၏ ကမ္ဘာကိုရေကမ္ဘာဟုပင်ဆိုနိုင်သည်။ သို့ရာတွင် အဆိုပါ ရေအားလုံး၏ ၃ ရာခိုင်နှုန်းသာလျှင် သောက်သုံးနိုင်ခြင်းဖြစ်ရာ သန့်ရှင်းသောသောက်သုံးရေသည် သုံးဖြုန်း၍မကုန်နိုင်သော အရင်းအမြစ်မဟုတ်ဘဲ အကန့်အသတ်နှင့်သာ ရှိနေခြင်းဖြစ်သည်ဟု နားလည်ထားကြရမည်ဖြစ်သည်။ ရေသည် လူနှင့် သက်ရှိသတ္တဝါများ အားလုံးအတွက်မရှိလျှင်မဖြစ်သော လွန်စွာအဖိုးတန်သည့် အရင်းအမြစ်ဖြစ်သည့်အလျောက် မိမိတို့အားလုံးရေအရင်းအမြစ်များ မပျက်စီးအောင် ထိန်းသိမ်းရေးနှင့် ရေကိုချွေတာသုံးစွဲရေးအတွက် သတိမြဲမြံစွာရှိကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံသည် သဘာဝမြစ်ချောင်းအင်းအိုင်များ ပေါများခြင်းကြောင့် ရေသယံဇာတကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်ဟူသော အဓိကမြစ်ကြီး လေးသွယ်အပါအဝင် မြစ်ချောင်းများတွင်နှစ်စဉ်ရေချိုဧကပေသန်း ၈၀၀ ကျော် စီးဆင်းနေသည့်အနက် ၎င်းပမာဏ၏ ၅ ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးရေ၊ အိမ်သုံးရေနှင့် စက်မှုသုံးရေအဖြစ် သုံးစွဲနေကြခြင်းဖြစ်သည်။ ရေကောင်းရေသန့်ရရှိနိုင်မှုပမာဏတွင် အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် မြန်မာနိုင်ငံက ဒုတိယအများဆုံးဖြစ်ပြီး အာရှအဆင့်တွင်မူ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်ပြီးလျှင် ပဉ္စမအဆင့်၌ရှိနေသည်ဟု သိရသည်။ နိုင်ငံ၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေးဖြစ်ရာ စိုက်ပျိုးရန်နှင့် သောက်သုံးရန်မရှိမဖြစ်သော ရေချိုအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေစေရန်၊ ရေဝေရေလဲဒေသ သစ်တောများထိန်းသိမ်းရန်၊ ရေထုညစ်ညမ်းမှုမရှိစေရန်တို့အတွက် ထိရောက်စွာဆောင်ရွက်သွားရန်လိုသည်။

မျက်မှောက်ကာလ ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှုသည် သိသာထင်ရှားစွာ ဖြစ်ပေါ်လာလျက်ရှိပြီး အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များနှင့် လူသားတို့ပိုမိုရင်ဆိုင်နေကြရသည်။ ကမ္ဘာတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများကို ကြုံတွေ့ကြရသလို အပူချိန်လွန်ကဲမှုနှင့် မိုးခေါင်မှုတို့ကြောင့် ရေရှားပါးခြင်းနှင့်လည်း ကြုံတွေ့ကြရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ နှစ်စဉ် လူပေါင်း ၁ ဒသမ ၄ သန်းသည် မသန့်ရှင်းသောရေကြောင့် ဖြစ်ပေါ်သည့် ရောဂါများနှင့် မိလ္လာမသန့်ရှင်းမှုများကြောင့် သေဆုံးနေကြရပြီး လူဦးရေ ၇၄ သန်းမှာ တဖြည်းဖြည်းသက်တမ်းတိုလာကြောင်း၊ ကမ္ဘာ့နေရာအနှံ့အပြားရှိ လူဦးရေသန်း ၂၀၀၀ ခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေကိုမရရှိသေးကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးခန့်မှာ သန့်ရှင်းသည့် မိလ္လာစနစ်မရှိသေးကြောင်း သိရသည်။ သို့ဖြစ်ရာ လူတို့၏ သက်ရှည်ကျန်းမာရေးအတွက် သောက်သုံးရေးနှင့် သန့်ရှင်းရေးတွင် အရေးပါသည့်ရေကို အလေအလွင့်မဖြစ်စေဘဲ သုံးစွဲကြရမည်ဖြစ်သည်။

ဂရုပြုရမည့်အချက်မှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့် လူတို့၏ပယောဂတို့ကြောင့် အဖိုးတန်သည့် ရေချိုအရင်းအမြစ်များ ပျက်စီးပျောက်ဆုံးပြီး လျော့နည်းလာနေခြင်းဖြစ်သည်။ ရေအရင်းအမြစ်များ လျော့နည်းလာခြင်းသည် လူသားများနှင့် သက်ရှိသတ္တဝါအားလုံးအတွက် အသက်ရှင်သန်နိုင်ရေးနှင့် ကျန်းမာရေးတို့ကို ထိခိုက်စေသည့်အပြင် စားဝတ်နေရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ လူမှုစီးပွားဘဝများကို ဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည်။ ရေအရင်းအမြစ်များ ပျက်စီးပျောက်ဆုံးလာခြင်းသည် သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကိုအခြေခံ၍ ဖြစ်ပေါ်ခြင်းဖြစ်ရာ သစ်ပင်သစ်တောများ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ရေးတို့ကို ရေရှည်ဆောင်ရွက်သွားကြရန်လိုသည်။

ယခုအခါ ခြောက်သွေ့သည့်ကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး မကြာမီပူပြင်းသည့်နွေကာလကို ဖြတ်သန်းကြရတော့မည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝသည်ဟု ဆိုစေကာမူ ဒေသကိုလိုက်၍ ရေရှားပါးသည့်နေရာများရှိနေပြီး ခြောက်သွေ့ရာသီဝင်ရောက်သည်နှင့် ရေအခက်တွေ့ကြရသည်။ သို့ဖြစ်ရာ နိုင်ငံ၏ အဖိုးတန်ရေအရင်းအမြစ်များ မပျက်စီးစေရေးအတွက် သစ်တောများထိန်းသိမ်းရေး၊ မြစ်ချောင်းအင်းအိုင်များ မပျက်စီးစေရန် ကာကွယ်စောင့်ရှောက်ရေး၊ မြစ်ချောင်းများအတွင်း အမှိုက်များမစွန့်ပစ်ရန်နှင့် စွန့်ပစ်ရေဆိုးများ စီးဝင်မှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ရေး၊ မြေအောက်ရေများ အလွန်အကျွံထုတ်ယူမှုမရှိစေရန်နှင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းရန် အစီအမံများ ဆောင်ရွက်ရေးတို့ကို ပြုလုပ်ကြရမည့်အပြင် လူတစ်ဦးချင်းအနေဖြင့်လည်း မိမိတို့နေ့စဉ်သုံးစွဲနေကြသည့် ရေကို အကျိုးရှိထိရောက်စွာ သုံးစွဲခြင်းမှတစ်ပါး အဟောသိကံ၊ အလဟဿမဖြုန်းတီးကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Feb 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026
AnnouncementsExplore more >

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Posted on Feb 21, 2026

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Posted on Feb 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Posted on Feb 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်