ရေအရင်းအမြစ်များတည်မြဲဖို့ တာဝန်သိစွာ ပါဝင်ဆောင်ရွက်ကြပါစို့

ရေအရင်းအမြစ်များတည်မြဲဖို့ တာဝန်သိစွာ ပါဝင်ဆောင်ရွက်ကြပါစို့


Ministry of Information/ Naypyitaw / March 22, 2025
image_latest


ယနေ့ကာလသည် တပေါင်းလနွေရာသီ အလွန်ပူပြင်းခြောက်သွေ့သောကာလဖြစ်သည်။ ပူပြင်းခြောက်သွေ့သော မြန်မာပြည်အလယ်ပိုင်းဒေသများတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်နေပြီး ၄၅ ဒီဂရီနီးပါးပင်ရှိနေပြီ။ အပူချိန်ပြင်းထန်သောကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်များ ခန်းခြောက်စပြုနေပြီ။ ထို့ကြောင့် ရေအရင်းအမြစ်များ မတိမ်ကောမပျက်စီးစေရေး၊ သိုလှောင်ရေများကို စနစ်တကျထိန်းသိမ်းသုံးစွဲရေးတို့ကို အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသဖြင့် ရေအရင်းအမြစ်များ စတင်တည်ရှိရာ ရေခဲမြစ်များ မပျက်စီးစေရေး ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် “ကမ္ဘာ့ရေနေ့” အတွက် သတ်မှတ်ထားသောဆောင်ပုဒ်မှာ “ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များကို ထိန်းသိမ်းစို့”ဟူ၍ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝပထဝီအနေအထားအရ ရေခဲတောင်များ၊ ရေခဲမြစ်များနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ ပေါများသောနိုင်ငံဖြစ်သည်။ မြန်မာပြည်မြောက်ဖျား၌ ရေခဲတောင်ကြီးများနှင့် ရေခဲမြစ်များရှိသည်။ အခြားနိုင်ငံများတွင်လည်း ရေခဲတောင်များ၊ ရေခဲမြစ်များရှိသည်။ ၎င်းတို့ကို အေးခဲနေသော ရေလှောင်ကန်များဟု ရည်ညွှန်းကြပြီး အရေးပါသောရေချိုအရင်းအမြစ်များဖြစ်သည်။

ကမ္ဘာတစ်ခွင် ကြီးမားများပြားသော ရေခဲမြစ်များသည် ကမ္ဘာ့ရေချို၏ ၆၉ ရာခိုင်နှုန်းခန့်ကို သိုလှောင်ထားပြီး ၎င်းတို့သည် မြစ်များ၊ ချောင်းများ၊ ရေကန်များနှင့် မြေအောက်ရေစနစ်များသို့ တဖြည်းဖြည်းထုတ်လွှတ်ပေးကာ သန်းပေါင်းများစွာသော လူသားများ၊ ဂေဟစနစ်နှင့် စိုက်ပျိုးရေရရှိရေးတို့အတွက် လိုအပ်သောရေကို ထောက်ပံ့ပေးသည်။ သို့သော် ရာသီဥတုပြောင်းလဲမှုများနှင့် လူသားတို့၏ လုပ်ဆောင်မှုများကြောင့် ရေခဲမြစ်များ အရည်ပျော်မှုမြန်ဆန်ပြီး ရေလုံလောက်စွာရရှိရေးကို ခြိမ်းခြောက်လျက်ရှိသည်။ ထိုအခြေအနေများ ဆက်လက်ဖြစ်ပေါ်နေပါက ရေပြတ်လပ်မှုများ၊ ပင်လယ်ရေပြင်မြင့်တက်မှုများနှင့် သဘာဝဘေးအန္တရာယ်များကို ပိုမိုဆိုးရွားစွာဖြစ်ပေါ်လာနိုင်သဖြင့် ရေခဲမြစ်များထိန်းသိမ်းရေးကို ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကမ္ဘာ့မျက်နှာပြင်အများစုကို ပင်လယ်သမုဒ္ဒရာများက ဖုံးလွှမ်းထားသော်လည်း လူသားတို့အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ပင်လယ်သမုဒ္ဒရာများမှ ရေချိုကို မရရှိနိုင်ပေ။ ရေချိုရရှိရန်အတွက် ရေခဲမြစ်များသည် အဓိကအသက်သွေးကြောများသဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေချိုအရင်းအမြစ်များ ပေါများစေကာမူ ရာသီဥတုပြောင်းလဲမှုနှင့် လူတို့၏ပယောဂများကြောင့် ရေချိုအရင်းအမြစ်များစွာ ထိခိုက်ပျက်စီးနေသည်ကို သတိပြုမိဖို့လိုသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားကြသဖြင့် ရေအရင်းအမြစ်များ မပျက်စီးမဆုံးရှုံးစေရေး၊ ရေသယံဇာတများ ထိန်းသိမ်းရေး၊ စိုက်ပျိုးရေ၊ သောက်သုံးရေစနစ်တကျသုံးစွဲရေးကို အလေးထားရန်လိုအပ်သည်။

ထို့ကြောင့် ရေခဲမြစ်များ၏ အရေးပါမှုနှင့် ကာကွယ်ထိန်းသိမ်းရန်လိုအပ်နေမှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ရန် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် အမျိုးသားရေအရင်းအမြစ်ကော်မတီကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံသည့် ရေအရင်းအမြစ်များကို စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော ရေသယံဇာတများကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်အတွက် စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာဥပဒေများကို စိစစ်ခြင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ခြင်းတို့ကို ကော်မတီက ဦးဆောင်ကြိုးပမ်းလုပ်ကိုင်လျက်ရှိသည်။ ရေသယံဇာတများကို အသုံးပြုလျက်ရှိသော ပြည်သူများကလည်း ပါဝင်ဆောင်ရွက်ကြရန်လိုအပ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများတွင် ရေချိုအပေါများဆုံးနိုင်ငံဖြစ်သည်။ တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။ နိုင်ငံအတွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တာတမံများနှင့် ရေတွင်းရေကန်များသည် ရေချိုအရင်းအမြစ်များဖြစ်သည်။ ရေချိုအရင်းအမြစ်များ ပေါများသည်ဆိုသော်လည်း နွေရာသီကာလတွင် အထက်အညာဒေသအပါအဝင် နေရာဒေသအချို့၌ ရေမလုံလောက်သည့် ပြဿနာများရှိနေသည်။ ရေမရှိလျှင် အသက်ရှင်ရပ်တည်နိုင်ရန် မဖြစ်နိုင်သလို ကမ္ဘာမြေပေါ်တွင် အေးချမ်းသော အပြာရောင်နှင့် စိမ်းလန်းသော အပင်များကိုတွေ့နိုင်ရန် မလွယ်ကူပေ။ ရေအကျပ်အတည်း အခက်အခဲများရှိလာလျှင် လူသားများရှင်သန်ရပ်တည်ရေးအတွက် ပြဿနာများရှိလာမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသားများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိအမြင်များ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေကျင့်ဝတ်များကို တာဝန်သိစွာ လိုက်နာကျင့်သုံးကြပြီး နိုင်ငံတော်အစိုးရ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ ရေအရင်းအမြစ်များ တည်တံ့ခိုင်မြဲရေး၊ ရေခဲမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 07, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Posted on May 06, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Posted on May 05, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 04, 2025
HOT NEWS
January 4,