ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များ ထိန်းသိမ်းစို့

ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များ ထိန်းသိမ်းစို့


Ministry of Information/ Naypyitaw / March 22, 2025
image_latest


ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် အင်းလေးကန်အတွင်း ရေလျော့နည်းခန်းခြောက်သည့် မြင်ကွင်းများကို လူမှုကွန်ရက်များတွင် တွေ့မြင်ရသည်။ ရေများပြည့်နေမှ တင့်တယ်လှပသည့် အင်းလေး၏ ရှုခင်းများတွင် ပပ်ကြားအက်များ ကွဲအက်ခန်းခြောက်ကာ မြေနီရောင်များ လိမ်းကျံ၍ အကျည်းတန်နေသည်။

အင်းလေးမှ တစ်ဆက်တစ်စပ်တည်းတွင် ဘီလူးချောင်း၊ လောပိတနှင့် ရေအားလျှပ်စစ်စက်ရုံများရှိသည်။ သို့ဖြစ်ရာ တောင်ပေါ်သဘာဝရေချိုရေအိုင်ကြီးဖြစ်သည့် အင်းလေးအတွက်ရော ရေအားလျှပ်စစ်စက်ရုံများအတွက်ပါ ရေသည် မရှိမဖြစ်သည့် အသက်သွေးကြောပင်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ခန့်အထိ ကမ္ဘာ့မြေပုံပေါ်တွင် ကုန်းတွင်းပင်လယ်ကြီးအဖြစ် အထင်အရှား တည်ရှိခဲ့သော အေရယ်ပင်လယ်ပြင်ကြီးသည်ပင်လျှင် လူတို့၏ ပယောဂကြောင့် ဒဏ္ဍာရီဆန်ဆန် ပျောက်ဆုံးသွားခဲ့ပြီဖြစ်ရာ ပျက်စီးယိုယွင်းလာသည့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကာ အင်းလေးကန် ထာဝစဉ်တည်တံ့နိုင်ရေးအတွက် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။

မိမိတို့နိုင်ငံသည် မြစ်ချောင်းအင်းအိုင်များ၊ သဘာဝရေထွက်များစသည်ဖြင့် ရေချိုအရင်းအမြစ်များ များပြားပြီး တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်ဟု အဆိုရှိသည်။ သို့ရာတွင် နွေရာသီကာလ၌ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်သည့် ဒေသများမှာ အညာကဲ့သို့သော မိုးနည်းရေရှား ရပ်ဝန်းသာမကဘဲ နိုင်ငံအနှံ့အပြားတွင်ပါ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။ ရေရှားပါးမှု ဖြစ်ပေါ်ခြင်းသည် ရာသီဥတုပြောင်းလဲခြင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းတို့နှင့် ဆက်စပ်နေသည်။ သစ်၊ ကျောက်မျက်နှင့် ရွှေအပါအဝင် သတ္တုများစသည့် သယံဇာတများကို စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့ထုတ်ယူနေကြခြင်းကြောင့် သဘာဝရေထွက်များ ခန်းခြောက်ခြင်း၊ မြစ်ချောင်းများ၊ အင်းအိုင်များ တိမ်ကောပျောက်ကွယ်သွားခြင်းစသည့် ရေချိုအရင်းအမြစ်များ ပျက်စီးမှုကို ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးသည် လူသားတို့ရင်ဆိုင်နေရသည့် အခက်အခဲများထဲတွင် အရေးကြီးသည့်အခက်အခဲတစ်ခုဖြစ်သည်။ ကမ္ဘာ့လူသား သန်း ၂၀၀၀ ကျော်သည် ဘေးကင်းလုံခြုံသည့် သောက်သုံးရေမရရှိကြသည့်အပြင် ကမ္ဘာ့လူသား သန်းပေါင်း ၄၀၀၀ ကျော်တို့မှာ တစ်နှစ်လျှင် တစ်လမျှကြာမြင့်အောင် ရေရှားပါးမှု ခံစားနေရသည်ဟု ကုလသမဂ္ဂက ဆိုထားသည်။ ရေ၏အရေးပါမှုကို ဂရုပြုကာ ရေကိုစနစ်တကျ ချွေတာအသုံးပြုနိုင်ရန် လူတိုင်းလုံခြုံဘေးကင်းသည့် သောက်သုံးရေရရှိရေး ပိုမိုဆောင်ရွက်နိုင်ရန် နှိုးဆော်သည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် မတ်လ ၂၂ ရက်ကို “ ကမ္ဘာ့ရေနေ့” အဖြစ် သတ်မှတ် ကျင်းပလျက်ရှိသည်။ ယခုနှစ် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်မှာ “ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များ ထိန်းသိမ်းစို့” “Glacier Preservation” ဖြစ်သည်။

ကမ္ဘာ့ရာသီဥတုကို ထိန်းညှိပေးပြီး ကမ္ဘာ့ရေချိုပမာဏစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို သိုလှောင်ထားသည့် အရင်းအမြစ်များဖြစ်သော ရေခဲမြစ်များ မပျက်မယွင်း တည်ရှိနေစေရေး အတွက် ထိန်းသိမ်းကြရန် ယခုနှစ်ဆောင်ပုဒ်က နှိုးဆော်ထားခြင်းဖြစ်သည်။ မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ရေခဲဖုံးလွှမ်းသည့်ဒေသနှင့် ရေခဲမြစ်များ ပိုင်ဆိုင်သည့် တစ်ခု တည်းသောနိုင်ငံဖြစ်သည်။ မိမိတို့နိုင်ငံအတွင်းနှင့် နိုင်ငံ၏ နယ်နိမိတ်တို့တွင် ဖြတ်သန်းစီးဆင်းနေသည့် ဧရာဝတီ၊ သံလွင်နှင့် မဲခေါင်မြစ်တို့မှာ ဟိမဝန္တာတောင်တန်းဒေသ ရေခဲမြစ်များမှ စတင်လာခဲ့ခြင်းဖြစ်ရာ မိမိတို့ပိုင်ဆိုင်သည့် ရေခဲမြစ်များ တည်တံ့အောင် ထိန်းသိမ်းနိုင်မှသာ အဆိုပါမြစ်ကြီးများ တငြိမ့်ငြိမ့်တသွင်သွင် ထာဝစဉ် စီးဆင်းနိုင်ပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 07, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Posted on May 06, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Posted on May 05, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 04, 2025
HOT NEWS
January 4,