ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / April 05, 2026
နေပြည်တော် ဧပြီ ၅
ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဆိုပါအချိန်က အစိုးရဖြစ်နေသည့် အနိုင်ရပါတီသည် မဲလိမ်မဲခိုးမှု၊ မသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးစားခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကိုယူခဲ့ရသည်မှာ အမှန်တရားဖြစ်ပြီး အားလုံးလည်းသိပြီးဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်ကာလသတ်မှတ်ပြီး စိန်ခေါ်မှုမျိုးစုံနှင့် အခက်အခဲများကြားမှ နိုင်ငံတော်တာဝန်ကိုယူခဲ့ကြခြင်းဖြစ်ကြောင်း၊ ကမ္ဘာနှင့်တစ်ဝန်းပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ကူးစက် ရောဂါဆိုးကြီးနှင့် စတင်ရင်ဆိုင်ခဲ့ရပြီး တစ်ဆက်တည်း၌ပင် အဖြစ်မှန်ကို မသိ၊ သိဖို့ လည်းမကြိုးစား၊ အဖျက်အမှောင့်ပယောဂများကိုအခြေခံသည့် ဆူပူအကြမ်းဖက်မှုများ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့ဖြစ်ပေါ်ခဲ့ကြောင်း၊ “တောမီးလောင် တောကြောင်လက်ခမောင်းခတ်” ဆိုသကဲ့သို့ မူလကတည်းက စိတ်သဘောထားမမှန်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ကလည်း မီးလောင်ရာလေပင့် ဆူပူအကြမ်းဖက်မှုများကို အားပေးမြှင့်တင်ပြီး တိုက်ပွဲများဖော်ဆောင်လာခဲ့ခြင်းကြောင့် အစိုးရနှင့် ပြည်သူများအားလုံး ဆင်းရဲဒုက္ခများစွာဖြင့် ခက်ခဲပင်ပန်းကြမ်းတမ်းခဲ့ကြရကြောင်း။
တစ်ဆက်တည်း၌ပင် မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းနှင့် အင်အားပြင်းမန္တလေးငလျင်ကြီးတို့၏ သဘာဝဘေးအန္တရာယ်ကို ဆက်တိုက်ဆိုသကဲ့သို့ ခံစားခဲ့ကြရကြောင်း၊ ထိုသို့ဆူပူအကြမ်းဖက်မှုများနှင့် အင်အားကြီးမားသည့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရ၊ ထိခိုက်ဆုံးရှုံးမှုများရှိသကဲ့သို့ ဖွံ့ဖြိုးတိုးတက်စပြုနေပြီဖြစ်သည့် အရှိန်အဟုန်များလည်း ရပ်တန့်သွားပြီး ရှိပြီးသားအခြေခံ အဆောက်အအုံအများအပြားသည်လည်း ပျက်စီးသွားခဲ့ကြောင်း။
ထိုသို့နိုင်ငံတော်အနေဖြင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရသကဲ့သို့ အဆိုပါ အခက်အခဲအန္တရာယ်များကြောင့် နိုင်ငံ့စီးပွားရေးသည်လည်း ကျဆင်းလာခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာရန် အခြေခံများကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ဆောင်ရွက်ခဲ့ကြရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံနှင့်ပြည်သူများအတွက် စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတော်နှင့် ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေခဲ့သည့်သူများ အများအပြားရှိခဲ့ကြသဖြင့် ယခုကဲ့သို့တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်စအခြေအနေကို ပြန်လည်ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုကြောင့် နိုင်ငံတော်နှင့်ပူးပေါင်းပြီး စွန့်လွှတ်စွန့်စားစွာဖြင့် အန္တရာယ်ကိုမမှုဘဲ ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့ကြသူအားလုံးကို ယခုနေရာမှ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိသည်ကို ဂုဏ်ပြုစကားပြောကြားလိုကြောင်း။
ထိုသို့ဆောင်ရွက်ခဲ့ကြရာတွင် အစိုးရ၏ဦးစီးဦးဆောင်မှုသည် အရေးကြီးသကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အဓိကကျကြောင်း၊ နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒေသအလိုက်၊ ကဏ္ဍအလိုက် ချမှတ်ပေးထားသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကို အောင်မြင်အောင်ဆောင်ရွက်ရသည်မှာ လွယ်ကူသည့်အလုပ်မဟုတ်ကြောင်း၊ သာမန်အချိန်၌ပင် မလွယ်ကူသည့်တာဝန်များကို ယခုကဲ့သို့အခက်အခဲမျိုးစုံကြားမှ လုပ်ဆောင်ရခြင်းသည် ပိုမိုခက်ခဲကြမ်းတမ်းပါကြောင်း၊ တော်ရုံတန်ရုံစိတ်ဓာတ်မျိုး၊ ဝတ်ကျေတန်းကျေလုပ်ဆောင်မှုမျိုးဖြင့် အောင်မြင်မှုရမည်မဟုတ်ဘဲ လက်ရှိအခြေအနေကို ရောက်မလာနိုင်ကြောင်း။
အားလုံးသိသည့်အတိုင်း မည်သည့်လုပ်ငန်းတွင်မဆို ခေါင်းဆောင်မှုသည်အဓိကကျကြောင်း၊ ဦးစီးဦးဆောင် အကောင်အထည်ဖော်ကြရသည့် အကြီးအကဲများ၏တာဝန်သည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ တာဝန်ယူစဉ်ကာလတွင် ချမှတ်ခဲ့သည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များ၊ အမျိုးသားရေးတာဝန်များကို မိမိနှင့်အတူ ယုံယုံကြည်ကြည်၊ ကြိုးစားပမ်းစား စိတ်ရင်းစေတနာကောင်းများဖြင့် အကောင်အထည်ဖော်ပေးကြသည့် မိမိ၏လုပ်ဖော်ကိုင်ဘက်များဖြစ်သည့် ယခုတက်ရောက်လာကြသူများအားလုံးကို မိမိအစဉ်အမြဲ သတိရနေမည်ဖြစ်ကြောင်း၊ လေးလေးစားစားဖြင့်ဂုဏ်ယူပြီး အသိအမှတ်ပြုကျေးဇူးတင်နေမည် ဖြစ်ကြောင်းကိုလည်း ပြောကြားလိုကြောင်း။
ခေါင်းဆောင်မှုသည် နေရာတိုင်း၌အရေးကြီးသည်ကို မိမိပြောခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလအတွင်း၌ အချို့အကြီးအကဲများနှင့် ခေါင်းဆောင်မှု တာဝန်ယူထားသူအချို့သည် တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့် လုပ်ဆောင်မှုလွဲမှားခြင်းများနှင့် လုပ်ထုံးလုပ်နည်းနှင့်မညီသည်များ အချို့ရှိခဲ့သည်ကို စိတ်မကောင်းစွာ ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့်လည်း အခက်အခဲကြားက နိုင်ငံကိုတည်ဆောက်ရာတွင် မဖြစ်သင့်မဖြစ်ထိုက်သည် များမဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းဖြင့် မလွှဲမရှောင်သာဆောင်ရွက်ရခြင်း၊ လက်တွဲဖြုတ်ခဲ့ရခြင်းများရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
ထိုသို့ လူပုဂ္ဂိုလ်များကြားမှ ယခုအခမ်းအနားကို တက်ရောက်ပေးကြသည့် ပုဂ္ဂိုလ်များသည် မိမိတို့တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလ အစအဆုံးတွင် ပေးအပ်သည့်တာဝန်များကို သစ္စာရှိရှိဖြင့် ကျေပွန်အောင် ကြိုးစားထမ်းဆောင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့်လည်း မကြာမီရက်ပိုင်းအတွင်း၌ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်မည့် အစိုးရသစ်ကို သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့် လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်၊ အစိုးရနှင့်ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေပွန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို မိမိအနေဖြင့် လေးလေးစားစား အသိအမှတ်ပြုကြောင်း။
မိမိကိုယ်တိုင်လည်း ဦးစီးဦးဆောင်အကြီးအကဲဖြစ်သဖြင့် ယခု ၅ နှစ်တာကာလ၏အခက်အခဲများ၊ အန္တရာယ်များ၊ အကြပ်အတည်းများကို သိရှိပြီးဖြစ်သကဲ့သို့ ကိုယ်ချင်းလည်းစာနာမိကြောင်း၊ ထိုအထဲမှ ကြိုးကြိုးစားစားဖြင့် သစ္စာရှိရှိ၊ တာဝန်ကျေကျေ၊ အပြစ်ကင်းကင်း ဆောင်ရွက်ခဲ့ကြသည်များကို လေးလေးစားစားအသိအမှတ်ပြု၊ မှတ်တမ်းတင်လိုသဖြင့် ယခုအခမ်းအနားကိုကျင်းပပြီး ဂုဏ်ပြုခြင်းဖြစ်ကြောင်း။
အခက်အခဲမျိုးစုံကြားမှ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် သစ္စာရှိရှိ၊ ရိုးရိုးသားသား၊ တက်တက်ကြွကြွဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြုကြောင်း၊ မိမိ၏ဦးဆောင်မှုအောက်တွင် ယုံယုံကြည်ကြည်၊ ရဲရဲဝံ့ဝံ့၊ စွန့်လွှတ်စွန့်စား လုပ်ဆောင်ခဲ့ကြသည်များကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ တာဝန်ထမ်းဆောင်စဉ်ကာလတွင် ကိုယ်ကျိုးမဖက်၊ အတ္တကင်းကင်းဖြင့် နိုင်ငံနှင့်ပြည်သူအကျိုးကို အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ကျေးဇူးတင်ကြောင်း၊ မိမိတို့တစ်တွေသည် မြန်မာနိုင်ငံ၏သမိုင်းတွင် နိုင်ငံ၏အန္တရာယ်ရန်စွယ်ကျမည့် အချိုးအကွေ့တစ်ခုကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီး နိုင်ငံကိုမူလရည်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တည့်မတ်လွှဲပြောင်းပေးနိုင်ခဲ့သော သမိုင်းမော်ကွန်းတစ်ခုကို စိုက်ထူနိုင်ခဲ့သဖြင့် ဝမ်းသာအားရဖြစ်ရကြောင်း၊ ထို့ကြောင့် မိမိနှင့်အတူ ၅ နှစ်တာကာလလက်တွဲပြီး တာဝန်ကျေခဲ့ကြသည့် ယခုအခမ်းအနားကို တက်ရောက်လာကြသူများအားလုံးကို လေးလေးစားစားဂုဏ်ယူစွာ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် အနာဂတ်နိုင်ငံတော်အတွက်လည်း ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုပြောကြားလိုကြောင်း၊ နိုင်ငံတော်အတွက် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ အတွေ့အကြုံရရှိစေရေးအတွက်လည်း ဆက်လက်မွေးထုတ်ပေးသွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များကို ချီးမြှင့်ပေးအပ်ရာ ဦးစွာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများကို ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များကို ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားအပြီးတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
