လူတော်လူကောင်းများ မွေးထုတ်နိုင်ရေး ပညာရေးပတ်ဝန်းကျင်ကောင်းဖန်တီးပေး

လူတော်လူကောင်းများ မွေးထုတ်နိုင်ရေး ပညာရေးပတ်ဝန်းကျင်ကောင်းဖန်တီးပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 10, 2025
image_latest


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံပိုင်သတင်းစာ အယ်ဒီတာထံ ပေးစာကဏ္ဍမှတစ်ဆင့် ကျောင်းသားမိဘတစ်ဦးက စာသင်ကျောင်းများအနီး ကလပ်များ၊ ကေတီဗွီများ၊ ဘားများ၊ ဆေးလိပ်၊ ကွမ်းယာအရောင်းဆိုင်များမရှိသင့်၊ ဖွင့်ခွင့်မပြုသင့်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတို့ထံ တင်ပြခဲ့သည်ကိုတွေ့ရသည်။ ယင်းသို့ရှိနေခြင်းကြောင့် ကလေးများမူးယစ်ဆေးဝါး၊ Vape စသည်တို့ သုံးစွဲခြင်း၊ မိဘ ဆရာ ဆရာမများ၏ ဆိုဆုံးမမှု နားမထောင်ခြင်းနှင့် ရိုသေမှုနည်းပါးလာခြင်းတို့ကို တွေ့နေရခြင်း ဖြစ်ကြောင်းဖြင့်လည်း တင်ပြထားသည်ကို တွေ့ရသည်။

ကလေးများပညာသင်ကြားခြင်းသည် ဦးနှောက်ကလေးများက မှတ်သားနိုင်၊ လက်ကလေးများက ခဲတံကိုင်စာရေးနိုင်လောက်အောင် ခန္ဓာကိုယ်ဖွံ့ဖြိုးသည့် အရွယ်မှစတင်ကာ ကလေးဘဝတစ်လျှောက်လုံးနှင့် လူငယ်ဘဝတစ်စိတ်တစ်ပိုင်းအထိ ဆယ်စုနှစ်တစ်ခုခွဲ၊ နှစ်ခုနီးနီးကြာမြင့်အောင် သင်ယူကြရခြင်းဖြစ်သည်။ အထူးသဖြင့် အခြေခံပညာအဆင့်ဆင့်တို့တွင် သင်ယူကြရသည့်အရွယ်သည် ကလေးအရွယ်နှင့် လူငယ်ဖြစ်စ အရွယ်၊ အတုမြင်လျှင်အတတ်သင်ကြသည့် အရွယ်လည်းဖြစ်သည့်အလျောက် ကလေးများနေထိုင်ရာပတ်ဝန်းကျင်သည် ကောင်းသောပတ်ဝန်းကျင်၊ ကလေးများ ပညာသင်ယူရာ ပတ်ဝန်းကျင်သည်လည်း ကောင်းသောပညာရေးပတ်ဝန်းကျင် များဖြစ်ရန် လိုသည်။

ကျောင်းနေအရွယ်ကလေးများသည် စာသင်ချိန်တွင် ဆရာ ဆရာမများ၏ ရှေ့မှောက်တွင်လည်းကောင်း၊ ကျန်အချိန်များတွင် နေအိမ်၌ မိဘများ၏ ရှေ့မှောက်တွင်လည်းကောင်း ရှိနေကြရခြင်းဖြစ်ရာ ၎င်းတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာယဉ်ကျေးသိမ်မွေ့အောင်၊ လိမ္မာရေးခြားရှိအောင်၊ မကောင်းမှုဟူသမျှတို့ကို ရှောင်ကြဉ်အောင်၊ အိမ်တွင် အမိအဖတို့ကလည်းကောင်း၊ ကျောင်းတွင် ဆရာ ဆရာမတို့ကလည်းကောင်း ဆုံးမပဲ့ပြင် ထိန်းကျောင်းပေးကြရန်လိုသည်။ ထို့အပြင် ကလေးများ၏ စူးစမ်းတတ်သည့် သဘာဝအလျောက် အပြင်အပမှ မကောင်းသောအရာများ၏ ဆွဲဆောင်မှုနောက်သို့ ပါမသွားရန်လည်း မျက်ခြည်မပြတ်ကြည့်ရှုကာကွယ်ပေးနိုင်ရန်လိုသည်။

မျက်မှောက်ကာလတွင် ကလေးများအတွက် ဆွဲဆောင်မှုအရှိဆုံးနှင့် အန္တရာယ်ပေးနိုင်ရန် အလားအလာအများဆုံးမှာ လက်ကိုင်ဖုန်းများနှင့် လူမှုကွန်ရက်မီဒီယာများပင်ဖြစ်သည်။ ငယ်ရွယ်နုနယ်သည့်အရွယ်၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းသေးသည့်အရွယ်တွင် လူမှုကွန်ရက်များ၌ရှိနေသည့် အန္တရာယ်များက ကလေးများအပေါ် အချိန်မရွေးကျရောက်နိုင်သည်။ လူမှုကွန်ရက်တွင် တွေ့ရသည့်အရာများကိုလည်း အသစ်အဆန်းသဖွယ် စူးစမ်းခြင်း၊ အတုမြင်အတတ်သင်ခြင်းတို့ ပြုလုပ်နိုင်သည်။ သို့ဖြစ်ရာ ကျောင်းနေအရွယ်ကလေးများ လက်ကိုင်ဖုန်းသုံးစွဲခြင်း၊ လူမှုကွန်ရက်မီဒီယာများ သုံးစွဲခြင်းတို့ကို ကန့်သတ်ရန်၊ ထိန်းချုပ်ရန်၊ လမ်းမှားမရောက်စေရေးအတွက် ထိန်းကျောင်းပေးရန်လိုသည်။

နိဂုံးချုပ်အားဖြင့် ဆိုရလျှင် ကျောင်းနေအရွယ်ကလေးများ၏ ပညာသင်ကြားမှုလမ်းခရီးတွင် မည်သည့်အတားအဆီး အနှောင့်အယှက်မျှမရှိရန်၊ မကောင်းသည့်အရာတို့၏ ဆွဲဆောင်မှုတို့မှကင်းဝေးရန်၊ ပညာရေးပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရန်လိုသည်။ ကလပ်များ၊ ကေတီဗွီများ၊ ဘားများ၊ ဆေးလိပ်၊ ကွမ်းယာဆိုင်များသည် စာသင်ကျောင်းများနှင့် ဝေးရာ၌သာရှိရန်လိုပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများ အားနည်းချက်ရှိပါက ပြင်ဆင်ရန်လည်းလိုသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း စာသင်ကျောင်းများသည် ကျောင်းသား ကျောင်းသူများ စည်းနှင့်ကမ်းနှင့် နေတတ်ထိုင်တတ်ရန် လေ့ကျင့်ပေးသည့် နေရာများဖြစ်ရန်လိုသည်။ မျိုးဆက်သစ်လူငယ်များကို လူတော်လူကောင်းများ ဖြစ်လာစေရန်၊ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရန်မှာ တစ်မျိုးသားလုံး၏ တာဝန်ဖြစ်ပါကြောင်း။


၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

Posted on Jul 13, 2025

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -

ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

Posted on Jul 10, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊  ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -