ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဥရောပနိုင်ငံများမှ ခရီးသွားများ အများဆုံးဝင်ရောက်လည်ပတ်ခဲ့
ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဥရောပနိုင်ငံများမှ ခရီးသွားများ အများဆုံးဝင်ရောက်လည်ပတ်ခဲ့
Ministry of Information/ Naypyitaw / May 13, 2026
ရန်ကုန် မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် တည်ရှိသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဥရောပနိုင်ငံများမှ ခရီးသွားများ အများဆုံးအပန်းဖြေလည်ပတ်ခဲ့ကြောင်း ဝါးအလယ်ကျွန်းအပန်းဖြေစခန်းမှ သိရသည်။
ခရီးသွားရာသီကာလတွင် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ချက်ပြည်သူ့သမ္မတနိုင်ငံနှင့် အခြားဥရောပနိုင်ငံအချို့မှ နိုင်ငံခြားသားခရီးသွားများ အများဆုံးလာရောက်လည်ပတ်ခဲ့သည်။ ပင်လယ်ပြင်သဘာဝအလှ၊ သစ်တောသစ်ပင်၊ ရှားပါးမျိုးစိတ်၊ ငါး၊ ပုစွန်ပေါက်ပွားရာ ဒီရေရောက် သစ်တောနှင့် သန္တာကျောက်တန်းများ သဘာဝအတိုင်းတည်ရှိမှုကို သဘာဝဂေဟစနစ်အား ချစ်မြတ်နိုးကြသည့် ဥရောပခရီးသွားများ လာရောက်လေ့လာ အပန်းဖြေလည်ပတ်ခဲ့သည်။
ဝါးအလယ်ကျွန်းအပန်းဖြေစခန်းမှ တစ်ရက်လျှင် ခရီးသွား ၄၀ ကျော် လက်ခံပြီး ပင်လယ်အစားအစာနှင့် သဘာဝသစ်သားအိမ်များဖြင့် ဝန်ဆောင်မှုပေးထားကာ ခရီးသွားဝင်ရောက်မှုများသည် ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၈၅၀ နှင့် ကျန်သောလများ၌ အမေရိကန်ဒေါ်လာ ၈၀၀ ဖြင့် ဝန်ဆောင်မှုပေးသည်။
ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ နိုဝင်ဘာလမှ ဧပြီလကုန် ပိုင်းအထိ ခရီးသွားများ လည်ပတ်လေ့ရှိပြီး ပုံမှန်အားဖြင့် ဩဂုတ်လမှစ၍ ခရီးသွားလက်ခံလေ့ရှိသော် လည်း ယခုခရီးသွားရာသီ၌ ခရီးသွားပိုမိုဝင်ရောက်ခဲ့မှုကြောင့် လာမည့်ခရီးသွားရာသီကာလအတွက် ယခုမေလမှစကာ ကြိုတင်စာရင်းလက်ခံလျက်ရှိသည်။
“ကျွန်တော်တို့က ဝါးအလယ်ကျွန်းကို ဧည့်သည်အများကြီး လာဖို့မမျှော်မှန်းထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂေဟစနစ် ပျက်စီးသွားမှာစိုးလို့ပါ။ တစ်ရက်ကို ခရီးသွား ၄၀ နဲ့ ၅၀ ကြားပဲလက်ခံပါတယ်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြစ်တဲ့အတွက် နိုင်ငံခြားသားခရီးသွားတွေကို သဘာဝအလှ၊ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝအတိုင်း ထိန်းသိမ်းထားရှိတဲ့ မိုးသစ်တော၊ ဒီရေတော၊ ဇီဝမျိုးစုံမျိုးကွဲ၊ တောရိုင်းတိရစ္ဆာန်နဲ့ ဒေသခံ ဆလုံတိုင်းရင်းသားတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုတို့ကို ပြသပါတယ်။ အထူးသဖြင့် ခရီးသွားများဟာ သဘာဝဂေဟစနစ်ကို ကြည့်ရှုခံစားချင်လို့ လာရောက်ကြတာဖြစ်တဲ့အတွက် သဘာဝကို ချစ်မြတ်နိုးတဲ့ ခရီးသွားတွေကို ကျွန်တော် တို့က ပိုပြီးလေးစားတန်ဖိုးထားပါတယ်။ ဒီလကစပြီး လာမယ့်ခရီးသွားရာသီအတွက် ကြိုတင်စာရင်း လက်ခံနေပါပြီ။ သဘာဝအလှကြွယ်ဝတဲ့ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းက ကြိုဆိုနေပါတယ်”ဟု ဝါးအလယ်ကျွန်း အပန်းဖြေစခန်းမှ အထွေထွေမန်နေဂျာ ဦးအောင်ဇင်လတ်က ပြောသည်။
လန်ပိကျွန်းကို ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ယခုခရီးသွားရာသီ၌ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ အများဆုံးလာရောက်အပန်းဖြေလည်ပတ်သည့် ခရီးသွားများမှာ ဂျာမနီနိုင်ငံမှဖြစ်ပြီး ဒုတိယအများဆုံးမှာ ရုရှားနိုင်ငံမှဖြစ်ကာ တတိယသည် အမေရိကန်နိုင်ငံမှဖြစ်ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း
Posted on May 13, 2026အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း
NOTICE TO FILE INCOME TAX RETURN, ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
