သမဝါယမနည်းလမ်းဖြင့် နိုင်ငံ့စီးပွားတွင် တစ်တပ်တစ်အားပါဝင်

သမဝါယမနည်းလမ်းဖြင့် နိုင်ငံ့စီးပွားတွင် တစ်တပ်တစ်အားပါဝင်


Ministry of Information/ Naypyitaw / July 05, 2025
image_latest


မြန်မာမှုနယ်ပယ်တွင် “တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏ ဟူသော ဆိုရိုးရှိသည်။ ရပ်ရေး၊ ရွာရေး၊ လူမှုရေးတို့တွင် စုပေါင်းလုပ်ကိုင်ခြင်း၊ တစ်ဦး တစ်ယောက်လိုအပ်နေချိန်တွင် အများက စုပေါင်းကူညီခြင်းဓလေ့တို့ ကျေးလက်ဒေသအများအပြားတွင် ယနေ့တိုင်ရှိနေသည်။ သို့ဖြစ်ရာ “အများအကျိုးကို တစ်ဦးစီကဆောင်ရွက်ပြီး တစ်ဦးစီအတွက် အများကဆောင်ရွက် ရသည့် သမဝါယမစနစ်သည် မြန်မာတို့နှင့် ကိုက်ညီသောစနစ်ဖြစ်သည်။

သမဝါယမဟူသည် ကုန်ထုတ်လုပ်ခြင်း၊ ကုန်သွယ်ရောင်းဝယ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း စသည့် စီးပွားရေးလုပ်ငန်းတစ်ခုခုကို အတူတကွ ဝါယမစိုက်ထုတ်ပူးပေါင်းလုပ်ကိုင်ကြပြီး တရားသဖြင့်ရရှိလာသည့် အကျိုးအမြတ်များကို မျှတစွာခွဲဝေခံစားကြသည့် လုပ်ငန်းဖြစ်သည်။ သမဝါယမအသင်းတစ်ခုတွင် အသင်းဝင်အသင်းသားများကိုယ်တိုင်သည် အလုပ်ရှင်များဖြစ်သကဲ့သို့ အလုပ်သမားများလည်းဖြစ်ကြသည်။ မိမိတို့နိုင်ငံတွင် ဗဟိုဦးစီး စနစ်ကျင့်သုံးခဲ့သည့်ခေတ်က ရပ်ကွက်ကျေးရွာအဆင့်ထိ ဖွဲ့စည်းလုပ်ကိုင်ခဲ့သော စားသုံးသူသမဝါယမအသင်းများ အောင်မြင်မှုမရခဲ့ခြင်းအပေါ် အများပြည်သူတို့၏ အမြင်မကြည်လင်မှုများ ရှိခဲ့သည်။ ထိုခေတ် သမဝါယမအသင်းများ၏ လုပ်ကိုင်ဆောင်ရွက် ပုံကို အကြောင်းပြု၍လည်း သမဝါယမစနစ်အပေါ် နားလည်မှုလွဲခဲ့ကြသည်။

စင်စစ်သမဝါယမဟူသည် စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူသူများ စုပေါင်းဖွဲ့စည်းထားသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ရက်ကန်းစင် တစ်စင်ပိုင်သည့် ပိုင်ရှင်တစ်ဦးသည် ရက်ကန်းရုံကြီးတစ်ရုံကို မယှဉ်ပြိုင်နိုင်သော်လည်း ဘဝတူစင်ပိုင်ရှင်ငယ်များ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရက်ကန်းရုံကြီးကို ယှဉ်ပြိုင်နိုင်စွမ်းရှိလာသည်။ ခေါင်းရွက်ဗျပ်ထိုး ဟင်းသီးဟင်းရွက်သည် တစ်ဦးချင်းအနေဖြင့် ကုန်စိမ်းဒိုင်တစ်ဒိုင်ကို ယှဉ်ပြိုင်နိုင်မည်မဟုတ်သော်လည်း စိတ်တူကိုယ်တူဆန္ဒတူသော ကုန်စိမ်းသည်များ စုပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်စိမ်းဒိုင်ကို စီးပွားရေးအရ ယှဉ်ပြိုင်လုပ်ကိုင်လာနိုင်မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် သမဝါယမစနစ် စတင်ပေါ်ထွန်းလာခြင်းသည် ငွေရှင်ကြေးရှင်များက တည်ထောင်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဆင်းရဲသားအလုပ်သမားများ ဆင်းရဲဒုက္ခဒဏ်ကိုမခံနိုင်တော့သည့်အခြေအနေတွင် မှန်ကန်သည့်နည်းလမ်းဖြင့် လွတ်မြောက်ရာလမ်းကို စုပေါင်းရှာဖွေရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာ့သမဝါယမ၏ ကနဦးအစဖြစ်သော ၁၉ ရာစု အင်္ဂလန် နိုင်ငံမှ ရော့ခ်ဒေးသမဝါယမသည် ရက်ကန်းအလုပ်သမား ၂၈ ဦး စိတ်တူကိုယ်တူဆန္ဒတူ စုပေါင်းဖွဲ့စည်းရာမှ စတင်ခဲ့သည်။ လိုအပ်သည့် ငွေကြေးအရင်းအနှီးကို ၎င်းတို့၏လုပ်ခလစာထဲမှထုတ်နုတ်၍ နှစ်နှင့်ချီစုဆောင်းခဲ့ကြရသည်။ အသင်းသားအားလုံး အလုပ်ရှင်အသင်းသားအားလုံး အလုပ်သမားများအဖြစ် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အသင်းသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို ဦးတည်၍ အသင်း၏ရည်ရွယ်ချက်များ ချမှတ်ကာ စည်းမျဉ်းကိုလည်း ရေးဆွဲခဲ့ကြသည်။ ရော့ခ်ဒေး သမဝါယမအသင်းသည် စံနမူနာယူဖွယ်ရာ တိုးတက်အောင်မြင်ခဲ့ရာ ဘဝတူဆန္ဒတူသူများ စုပေါင်းမိခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊ အသင်း၏ရည်ရွယ်ချက် ရှင်းလင်းစွာရှိခြင်း၊ ရည်ရွယ်ချက်အတိုင်း အောင်မြင်လိုသော စိတ်ဓာတ်အသင်းသားအားလုံးတွင် ပြင်းပြစွာရှိခြင်း၊ အသင်းကိုဖွဲ့စည်းရာတွင်လည်း ရည်ရွယ်ချက်ပန်းတိုင်သို့ ရောက်ရှိစေရန် အလေးအနက်ထား ဖွဲ့စည်းခဲ့ခြင်းဟူသည့် အကြောင်းတရားများ ကြောင့်ဖြစ်သည်ဟု ဆန်းစစ်ခဲ့ကြသည်။

မျက်မှောက်ကာလ အောင်မြင်သော သမဝါယမအသင်းများ နိုင်ငံတကာတွင်ရှိသကဲ့သို့ မိမိတို့ပြည်တွင်း၌လည်း အများအပြားရှိနေသည်။ နိုင်ငံတော်အစိုးရကလည်း ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးလျက်ရှိပြီး သမဝါယမအသင်းများ ဖွဲ့စည်းလုပ်ကိုင်လာစေရန်လည်း အားပေးလျက်ရှိသည်။ ရိုးသားခြင်း၊ ကြိုးစားခြင်း၊ လုပ်ရည်ကိုင်ရည်ရှိခြင်း၊ စိတ်အားထက်သန်ခြင်းတို့ကို အရင်းပြုကာ သမဝါယမနည်းလမ်းဖြင့် နိုင်ငံ့စီးပွားတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြပါစေကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 06, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Posted on Jul 05, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025
AnnouncementsExplore more >

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Posted on Jul 4, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Posted on Jul 3, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)